𝟐𝟎𝟏𝟗 𝐍𝐨𝐯𝐞𝐥 𝐂𝐨𝐫𝐨𝐧𝐚𝐯𝐢𝐫𝐮𝐬 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (7-2-2020, 7:45 p.m)

၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ အချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် 2019-nCoV လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများအား အပြည်ပြည် ဆိုင်ရာ ဝင်ထွက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထု အခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍ လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

၂။ ထိုသို့ဆောင်ရွက်ရာတွင် လပွတ္တာခရိုင် အတွင်းမှ (၂၆-၁၂-၂၀၁၉) ရက်နေ့မှစတင်၍ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ဂျယ်ခေါင်မြို့သို့ အလုပ်လုပ်ရန် သွားရောက်ခဲ့ပြီး (၂၇-၁-၂၀၂၀) ရက်နေ့တွင် လပွတ္တာမြို့သို့ ပြန်လည်ရောက်ရှိခဲ့သည့် အသက် (၅၁) အရွယ် အမျိုးသား (၁) ဦးသည် (၂၈-၁-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားနာခြင်းနှင့် ချောင်းဆိုးခြင်း လက္ခဏာများ ခံစားခဲ့ရပြီး ၎င်း၏ ဇနီးဖြစ်သူ အသက် (၃၁)နှစ်အရွယ် အမျိုးသမီးတစ်ဉီးသည်လည်း (၄-၂-၂၀၂၀)ရက်နေ့မှ စတင်၍ အဖျားရောဂါ လက္ခဏာခံစားခဲ့ရသဖြင့် ၎င်းတို့နှစ်ဦးလုံးမှ ပြင်စလူမြို့နယ်ခွဲဆေးရုံသို့ (၆-၂-၂၀၂၀) ရက်နေ့တွင် သွားရောက် ပြသခဲ့ရာ အဆိုပါလူနာနှစ်ဦးအား ယင်းနေ့တွင်ပင် လပွတ္တာခရိုင်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းညွန်းပို့၍ စောင့်ကြပ်ကြည့်ရှုကုသမှု ပေးလျက်ရှိပါသည်။ ၎င်းလူနာ (၂) ဦးတွင် ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများမတွေ့ရှိပါ။ အဆိုပါလူနာ(၂) ဦးထံမှ ဓာတ်ခွဲနမူနာ များရယူထားပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ပေးပို့ စစ်ဆေးသွားမည်ဖြစ်ပါသည်။

၃။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မွန်တိန်မြို့နယ်မှ (၃-၂-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည့် သဲကုန်းမြို့နယ်မှ အသက်(၃၂) နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် (၁-၂-၂၀၂၀) ရက်နေ့မှ စတင်၍ ဖျားနာခြင်း၊ လည်ချောင်းနာခြင်းနှင့် ချောင်ဆိုးခြင်း လက္ခဏာများ ခံစားခဲ့ရ သဖြင့် (၆-၂-၂၀၂၀)ရက်နေ့၊ ညနေ(၆း၀၀) နာရီတွင် သဲကုန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက် ပြသခဲ့ရာ လူနာအား ၎င်းဆေးရုံတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပါသည်။ ၄င်းလူနာတွင် ပြင်းထန်အသက်ရှူ လမ်းကြောင်းဆိုင်ရာလက္ခဏာများ မတွေ့ရှိရကြောင်းနှင့် ၎င်းထံမှ ဓာတ်ခွဲနမူနာများရယူထားပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရ ပါသည်။

၄။ သို့ဖြစ်ပါ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် 2019-nCoV လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှမှုနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန် အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ (၇-၂-၂၀၂၀) ရက်နေ့၊ ညနေ (၇း၃၀) နာရီ အချိန်အထိ သံသယလူနာ (၂) ဦးအပါအဝင် လူနာ (၉) ဦး တို့အား ဆေးရုံများတွင် ဆက်လက်၍ စောင့်ကြပ် ကြည့်ရှုကုသမှုပေးလျက်ရှိပါသည်။

၅။ အဆိုပါ စောင့်ကြပ်ကြည့်ရှုကုသမှုခံယူနေသော လူနာများအနက် လှိုင်သာယာပြည်သူ့ ဆေးရုံမှ ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းကုမှုခံယူခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသား၊ အသက်(၃၂)နှစ် အရွယ် အမျိုးသားတစ်ဦးနှင့် မင်းပြားမြို့နယ်ဆေးရုံတွင် စောင့်ကြပ်ကြည့်ရှုကုသမှုခံယူနေသော အသက် (၃၈) နှစ်အရွယ် အမျိုးသားတစ်ဦး တို့၏ ဓာတ်ခွဲအဖြေများတွင် 2019 Novel Coronavirus ဗိုင်းရပ်ရောဂါပိုး မရှိပါကြောင်း (၇-၂-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် သိရှိရသဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုသင့်၊ မပြုသင့် ဆက်လက်စောင့်ကြပ် ကြည့်ရှုလျက်ရှိပါသည်။ (ယနေ့ညနေ (၆း၄၀) တွင် သတင်းထုတ်ပြန်ပြီးဖြစ်ပါသည်။)

၆။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် 2019 Novel Coronavirus ရောဂါစောင့်ကြည့် လူနာနှင့် သံသယလူနာများတွေ့ရှိပါက ဆက်လက်သတင်းထုတ်ပြန်သွားမည်ဖြစ်ပါသည်။

More Tags