Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (12-2-2020) (8:00 pm)


၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြုစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကိုလည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

၂။ ထိုသို့ဆောင်ရွက်ရာတွင် စင်္ကာပူနိုင်ငံမှ (၅-၂-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့သော Coronavirus Disease 2019 (COVID-19) ဓာတ်ခွဲအတည်ပြုလူနာ(၁)ဦးနှင့် အနီးကပ်ထိတွေ့ခဲ့သည့် အသက်(၂၉)နှစ်အရွယ် အမျိုးသမီး အား (၉-၂-၂၀၂၀) ရက်နေ့မှ စတင်၍ ဝေဘာဂီအထူးကုဆေးရုံတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးခဲ့ရာ လူနာ၏ အခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း၊ အဆိုပါလူနာနှင့် ထိတွေ့ခဲ့သဖြင့် နေအိမ်တွင်နေထိုင်စေ၍ အသွားအလာ ကန့်သတ်ခြင်း (Home Quarantine) ပြုလုပ်ထားသူများတွင်လည်း ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

၃။ မြန်မာသီးသန့်စီးပွားရေးဇုန်အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံအကြား အဏ္ဏဝါသိပ္ပံဆိုင်ရာ သုတေသနဆောင်ရွက်ရန် တရုတ် သုတေသနရေယာဉ် XIANG YANG HONG 06 သည် (၁၂-၂-၂၀၂၀) ရက်နေ့၊ ညနေ (၄:၂၀) နာရီအချိန်တွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ဆိုက်ရောက်ခဲ့ရာ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန၊ လူဝင်မှုဆိုင်ရာဆိပ်ကမ်းကျန်းမာရေးဌာနခွဲနှင့် ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့မှ အဆိုပါရေယာဉ်ပေါ်သို့တက်ရောက်၍ သင်္ဘောသားနှင့် သုတေသီ (၅၉) ဦးအား တစ်ဦးချင်း အဖျားစစ်ဆေးခြင်း၊ သင်္ဘောပေါ်ရှိ နေ့စဉ်အဖျားတိုင်းတာမှု မှတ်တမ်းအား စစ်ဆေးခြင်း၊ Health Declaration Card များ စစ်ဆေးခြင်း၊ သင်္ဘောပေါ်ရှိ အစားအသောက်နှင့် သန့်ရှင်းမှုအခြေအနေအား စစ်ဆေးခြင်းတို့အား ဆောင်ရွက်ခဲ့ရာ အဖျားလူနာ မတွေ့ရှိခြင်း၊ မော်ဒိုက်နိုင်ငံ၊ မာလီမြို့မှ (၂၁-၁-၂၀၂၀) ရက်နေ့တွင် ထွက်ခွာလာပြီး Coronavirus Disease 2019 (COVID-19) ရောဂါပျိုးရက်ထက် ကျော်လွန်နေခြင်းတို့ကြောင့် ဆိပ်ကမ်းကပ်ခွင့်အား ညနေ (၆:၀၀) နာရီအချိန်တွင် ထုတ်ပေးခဲ့ပါသည်။

၄။ တိုင်းဒေသကြီး/ ပြည်နယ်များတွင် (၁၁-၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၂-၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အချိန်အထိ Coronavirus Disease 2019 (COVID-19) ရောဂါနှင့် ပတ်သက်၍ စောင့်ကြည့် လူနာအဖြစ် သတ်မှတ် ကုသသည့် လူနာသစ်မရှိပါ။

၅။ သို့ဖြစ်ပါ၍ ယနေ့(၁၂-၂-၂၀၂၀) ရက်နေ့၊ ညနေ(၆:၀၀)နာရီအချိန်အထိ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် စောင့်ကြည့် လူနာ(၁၆)ဦးအား သက်ဆိုင်ရာဆေးရုံများ၌ ဆက်လက်စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေး အခြေအနေမှာ သက်သာကောင်းမွန် လျက်ရှိပါသည်။

၆။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် Coronavirus Disease 2019 (COVID-19) ရောဂါစောင့်ကြည့်လူနာနှင့် သံသယလူနာများတွေ့ရှိပါက ဆက်လက်သတင်းထုတ်ပြန်သွားမည် ဖြစ်ပါသည်။

 
 

More Tags