𝟐𝟎𝟏𝟗-𝐧𝐂𝐨𝐕 𝐚𝐜𝐮𝐭𝐞 𝐫𝐞𝐬𝐩𝐢𝐫𝐚𝐭𝐨𝐫𝐲 𝐝𝐢𝐬𝐞𝐚𝐬𝐞 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (6-2-2020, 7:15 p.m)

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ အချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် 2019-nCoV လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍ လည်းကောင်း ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

၂။ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Shandong Province အတွင်းရှိ Weihai မြို့မှ မြန်မာနိုင်ငံသို့ (၂၉-၁-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် ရောက်ရှိလာသော အသက် (၂၈) နှစ်အရွယ် အမျိုးသား တစ်ဦးသည် (၅-၂-၂၀၂၀) ရက်နေ့၊ ညပိုင်းတွင် ကိုယ်အပူချိန်မြင့်မားခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများ စတင်ဖြစ်ပွားခဲ့သဖြင့် (၆-၂-၂၀၂၀) ရက်နေ့၌ ပုဂ္ဂလိကဆေးရုံတစ်ခုသို့ သွားရောက်ပြသခဲ့ရာ ၄င်းဆေးရုံမှ ဝေဘာဂီ အထူးကုဆေးရုံသို့ ညွန်းပို့လွှဲပြောင်းကုသခဲ့ပါသည်။ ၄င်းအားဆေးရုံ၌ စစ်ဆေးရာတွင် အခြား ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာလက္ခဏာများမတွေ့ရှိခဲ့ပါ။ အဆိုပါလူနာအား‌ ဝေဘာဂီ အထူးကုဆေးရုံတွင် စောင့်ကြပ်ကြည့်ရှု ကုသမှုများပေးလျက်ရှိပြီး ၄င်းထံမှ ဓာတ်ခွဲနမူနာအား ကမ္ဘာကျန်းမာရေးအဖွဲ့၏ ရည်ညွန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမည် ဖြစ်ပါသည်။ လူနာနှင့် အနီးကပ်ထိတွေ့ခဲ့သော ဧည့်လမ်းညွှန်ကို ‌ဝေဘာဂီအထူးကုဆေးရုံတွင်ထားရှိကာ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

၃ ယနေ့ (၆-၂-၂၀၂၀) ရက်နေ့၊ ညနေ (၆း၀၀) နာရီအချိန်အထိ မြန်မာတစ်နိုင်ငံလုံး၌ သံသယလူ(၂)ဉီး အပါအ၀င် လူနာ(၇)ဉီးတို့အား သက်ဆိုင်ရာဆေးရုံများတွင် ဆက်လက်စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိပြီး ၄င်းတို့၏ ကျန်းမာရေးအခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိပါသည်။

More Tags