ရေချိုခရုမှတဆင့်ကူးစက်သော ကပ်ပါးပိုးကြောင့် Schistosomiasis ရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ ကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

ရန်ကုန်၊ (၂၀၁၈) ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့

     ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သော ရှမ်းပြည်နယ်၊ အင်းလေးဒေသနှင့် ရခိုင်ပြည်နယ်တွင် ရေချိုခရုမှတဆင့်ကူးစက်သော Schistostoma ကပ်ပါးပိုးကြောင့် Schistosomiasis ရောဂါကူးစက်ဖြစ်ပွားမှုနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ လမ်းညွှန် အမှာစကားပြောကြားခဲ့သည်။


 

     ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က အဖွင့်အမှာစကားပြောကြားရာတွင် -

• Schistosomiasis ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ လိုအပ်သော ရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ရောဂါကာကွယ် နှိမ်နင်းရေးလုပ်ငန်းများကို သက်ဆိုင်ရာဦးစီးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊

• ယခုအခါ ရောဂါဖြစ်ပွားရာ နေရာဒေသ၊ ဖြစ်ပွားမှုအခြေအနေတို့အလိုက် ရေတို၊ ရေရှည် ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ ကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပရခြင်း ဖြစ်ကြောင်း၊

• ယခုအစည်းအဝေးတွင် ဆွေးနွေးချက်များသည် စီမံချက်ရေးဆွဲရာတွင် များစွာ အထောက်အကူဖြစ်မည်ဟုယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။


 

ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဦးစီးအရာရှိ(ဗဟိုကူးစက်)၊ ဒေါက်တာဇော်မျိုးလတ်က -

• Schistosomiasis ရောဂါသည် ရေချိုထဲတွင် အရေပြားကို ထိုးဖောက်ဝင်ရောက်နိုင်စွမ်းရှိသည့် ကပ်ပါးကောင်တစ်မျိုးမှ ဖြစ်ပွားသောရောဂါဖြစ်ပြီး ယင်းကပ်ပါးကောင်ကို ရေချိုခရုများမှ တဆင့် လူသို့ ရောဂါဖြစ်ပွား ကူးစက်ပုံများနှင့် ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအားလည်းကောင်း၊

စစ်တွေအထွေထွေရောဂါကုဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန်၊ ဒေါက်တာလှမူက -

• Schistosomiasis ရောဂါသံသယလူနာ (၅၇၄)ဦးထံမှ သွေးနမူနာယူ၍ Schistosoma mansoni IgG Serology ELISA kit ဖြင့် စမ်းသပ်ခဲ့ရာ လူနာ (၃၀၂)ဦးတွင် ရောဂါဖြစ်ပွားခဲ့သည်ကို စတင်တွေ့ရှိ ကုသမှုအခြေအနေ အသေးစိတ်အားလည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။


 

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (သဘာဝဘေး)၊ ဒေါက်တာသန်းထွန်းအောင်က -

• Schistosomiasis ရောဂါကူးစက်ဖြစ်ပွားမှုနှင့် ပတ်သက်၍ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ကွင်းဆင်းအဖွဲ့သည် ပုဏ္ဏားကျွန်းမြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့မှုများ၊

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအသေးစိတ်အားလည်းကောင်း၊

ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) ပါမောက္ခဒေါက်တာဌေးဌေးတင် က -

• ဓာတ်ခွဲစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် လိုအပ်ချက်များအား အားဖြည့်ဆောင်ရွက်မည့် အစီအစဉ်များအားလည်းကောင်း ဆွေးနွေးတင်ပြခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနကိုယ်စားလှယ် Dr. Stephen Paul Jost နှင့် အဖွဲ့က Schistosomiasis ရောဂါနှင့်ပတ်သက်၍ ကျွမ်းကျင်မှုပိုင်းဆိုင်ရာမှ ထည့်သွင်းစဉ်းစားသင့်သည့်အချက်များအား ရှင်းလင်း တင်ပြရာတွင် -

• အချက်အလက်များအရ ကမ္ဘာတစ်ဝန်းတွင် နိုင်ငံ (၇၈)ခု၌ Schistosomiasis ရောဂါဖြစ်ပွားကူးစက်မှုတွေ့ရှိရကြောင်း၊

• ဝန်ကြီးဌာနအား ဆေးဝါးပစ္စည်းများ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊

• ရောဂါဖြစ်ပွားမှု စစ်ဆေးရန်ကိုလည်း ကူညီထောက်ပံ့ပေးရန် စီစဉ်လျက်ရှိကြောင်း၊

• ကျွမ်းကျင်ပညာရှင်အဖွဲ့ လာရောက်၍ နည်းပညာဆိုင်ရာပံ့ပိုးသွားမည် ဖြစ်ကြောင်း၊

• WHO ရုံးချုပ်၊ အရှေ့တောင်အာရှဒေသဆိုင်ရာ WHO ရုံးနှင့် China CDC တို့မှ ပညာရှင်များပါဝင်သော အဖွဲ့က သုတေသနလုပ်ငန်းဆောင်ရွက်ပြီး ဖြစ်ပွားမှုအခြေအနေပေါ်မူတည်၍ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအား သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း တို့ကို ဆွေးနွေးခဲ့သည်။


 

    ဆက်လက်၍ အခြေခံကျန်းမာရေးတက္ကသိုလ်၊ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာထင်ဇော်စိုးက -

• ရှမ်းပြည်နယ်၊ အင်းလေးဒေသတွင် Schistosomiasis ရောဂါနှင့်ပတ်သက်သော သုတေသနလုပ်ငန်းများကို (၂၀၁၈) ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဆောင်ရွက်ထားရှိခဲ့ရာ အဆိုပါ ဒေသတွင် Schistosomiasis ရောဂါဖြစ်ပွားမှုကိုတွေ့ရှိရကြောင်းနှင့် တွေ့ရှိချက်နှင့် ပတ်သက်၍အကြံပြုချက်များကို တင်ပြဆွေးနွေးခဲ့သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက -

• ရောဂါဖြစ်ပွားမှု အခြေအနေအား ပြန်လည်ဆန်းစစ်၍ ဦးစားပေးနေရာ အုပ်စုများ ရွေးချယ်သတ်မှတ်ရမည်ဖြစ်ကြောင်း၊

• ထိရောက်မည့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ရွေးချယ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊

• ရောဂါနှင့်ပတ်သက်၍ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများအကြား အသိရှိစေရန်နှင့် ပြည်သူလူထုများအကြား အသိပညာရရှိစေရန်အတွက် မြန်မာနိုင်ငံဆရာဝန်အသင်းနှင့် ပူးပေါင်း၍ စာတမ်းဖတ်ပွဲတစ်ခု ပြုလုပ်ရမည်ဖြစ်ပါကြောင်း၊

• သုတေသနလုပ်ငန်းများအား အားဖြည့်ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့်

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပညာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်များနှင့် နိုင်ငံတကာမှ ကျွမ်းကျင်သူများနှင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းတို့ကို ပြောကြားခဲ့ပြီး လိုအပ်ချက်များအား ညှိနှိုင်းပံ့ပိုးပေးခဲ့သည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသူများမှ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ဆွေးနွေးကြပြီး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က -

• ရောဂါဖြစ်ပွားမှုကို အင်းလေးဒေသ၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး စသည့် ဒေသဆိုင်ရာ အသွင်သဏ္ဍာန်တူညီသည့် ဒေသများတွင် ဆက်လက်စောင့်ကြပ်ကြည့်ရှု သွားရမည် ဖြစ်ပါကြောင်း၊

• ရောဂါဖြစ်ပွားမှုအား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံများ သိရှိသတိပြုမိပြီး ရောဂါကာကွယ်ရေးနှိမ်နင်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့်

• Schistosomiasis ရောဂါကာကွယ် နှိမ်နင်းရေးလုပ်ငန်းသည် တစ်ကြိမ်တစ်ခါတည်းဆောင်ရွက်ရမည်မဟုတ်ဘဲ ရေရှည်ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်သဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

     အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်ယူဖြန့်ဖြူးရေး) ဒေါက်တာဝင်းနိုင်၊ ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊ ဒေါက်တာသီတာလှ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်၊ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အကြံပေးပညာရှင် ဒေါက်တာအောင်ထွဏ်း၊ စစ်တွေအထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန် (အဏုဇီဝ) ဒေါက်တာပန်းအိစိုးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

More Tags