ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖျားနာခရီးသည်တစ်ဦး စစ်ဆေးတွေ့ရှိရ၍ 2019 Novel Coronavirus အဆုတ်ရောင်ရောဂါ ရှိ၊ မရှိ အတည်ပြုနိုင်ရေးဆောင်ရွက်

ရန်ကုန်၊ (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အပြည်ပြည်ဆိုင်ရာလေဆိပ်များ နှင့် နယ်စပ်ဝင်၊ ထွက်ပေါက်များတွင် 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ စောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ကျိုး (Guaungzhuo) လေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ (ဇန်နဝါရီ ၃၁ ရက်) နံနက် (၁၀း၄၅)နာရီ အချိန်ခန့်တွင် ဆိုက်ရောက်လာသည့် China Southern လေကြောင်း ခရီးစဉ်အမှတ် CZ 3055၊ လေယာဉ် အမျိုးအစား A-319၊ လေယာဉ်အမှတ် B-6208 ဖြင့် လိုက်ပါလာသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသား အမျိုးသားခရီးသည် (၁) ဦးတွင် ကိုယ်ပူချိန်အနည်းမြင့်မားခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများစစ်ဆေးတွေ့ရှိရသဖြင့် အဆိုပါ ခရီးသည်ကို ဝေဘာဂီအထူးကုဆေးရုံ ရှိ သီးခြားခန်း (isolation room) သို့ပို့ဆောင်ထားရှိပြီး လုပ်ငန်းလမ်းညွှန်၊ စံလုပ်ထုံးလုပ်နည်းများနှင့် အညီ စောင့်ကြည့်လူနာ (person under investigation) အဖြစ် သတ်မှတ်ထားရှိပါသည်။

အဆိုပါခရီးသည်ထံမှ ဓာတ်ခွဲနမူနာရယူ၍ 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ရှိ၊ မရှိ ကို အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။

ထို့အပြင် အဆိုပါ လေယာဉ်ဖြင့်လိုက်ပါလာသော မြန်မာနိုင်ငံသား အမျိုးသား ခရီးသည် (၂) ဦးတွင် ကိုယ်ပူခြင်း၊ ဖျားနာခြင်း စသည့် ရောဂါလက္ခဏာတစ်စုံတစ်ရာ မရှိသော်လည်း ဝေဘာဂီအထူးကုဆေးရုံရှိ သီးခြားခန်းတွင်ထားရှိကာ ရောဂါကူးစက်မှု ရှိ၊ မရှိ စနစ်တကျ စောင့်ကြပ်ကြည့်ရှု (quarantine) လျက်ရှိပါသည်။

ကျန်ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများသည် ပြည်တွင်းသို့ ဝင်ရောက်ခြင်းမရှိဘဲ ယင်းလေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ယနေ့၊ နေ့လယ် (၁း၅၀) နာရီ အချိန်ခန့်တွင် ပြန်လည်ထွက်ခွာသွားကြပါသည်။

More Tags