ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုများအား ဆန်းစစ်သုံးသပ်ခြင်း အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက် (29-2-2020, 8:30 a.m)

Union Minister Dr. Myint Htwe attends the evaluation meeting on preparedness for detection and response to Coronavirus Disease (COVID-19) in Yangon Region


ရန်ကုန်၊ (၂၀၂၀) ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၉) ရက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက် (၈:၃၀) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနရုံး၌ ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုများအား ဆန်းစစ်သုံးသပ်ခြင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွန်ကြားရေးမှူးချူပ် ‌ဒေါက်တာထွန်းမြင့်မှ COVID-19 ‌ရောဂါစောင့်ကြပ်ကြည့်ရူခြင်း ရောဂါကာကွယ်ရေး ပ်ငန်းနှင့် စပ်လျဉ်း၍ -
• တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် နှီးနွယ်ဌာနဆိုင်ရာများအား အသိပေးဆွေးနွေးပွဲမှု၊
• တိုင်းဒေသကြီး၊ မြို့နယ်များတွင် လျင်မြန်တုံ့ပြန်အဖွဲ့များ ဖွဲ့စည်းထားရှိမှု၊
• ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိဆေးရုံကြီးများ၏ သီးခြားထားရှိ ကုသမှုပေးမည့်နေရာများစီစဉ်ထားရှိမှု၊
• ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုများကို ဟိုတယ်များ၊ ကျောင်းများ၊ ရပ်ကွက်များ စက်မှုဇုန်များ၊ သားငါးစျေးများ၊ အိမ်ယာများ၊ လူစည်းကာရာ ဘုရားများတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိမှု၊
• မြို့နယ်အလိုက် နေအိမ်တွင်ထားရှိ အသွားအလာကန့်သတ်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (Home Surveillance) များဆောင်ရွက်မှု
• ခရီးသွားများဖြည့်စွက်သည့် Health Declaration Card များကို စိစစ်သုံးသပ်၍လူနာနှင့် အနီးကပ်ထိတွေ့သူများအား ရှာဖွေဖော်ထုတ်ခြင်း(Contact Tracing)ကို ကွင်းဆင်း ဆောင်ရွက်ခဲ့မှုစသည်လုပ်ဆောင်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် -

• မြန်မာနိုင်ငံ၌ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ဗဟိုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်များအလိုက် ကျွမ်းကျင်မှုဆိုင်ရာမှ ဗဟိုမှချမှတ် ပေးထားသော လုပ်ငန်းလမ်းညွှန်များနှင့် အညီကြိုးပမ်းဆောင်ရွက် နေကြသော ဝန်ထမ်းများအားလုံးကို အသိအမှတ်ပြု ကျေးဇူးတင်ရှိ ပါကြောင်း၊

• ရန်ကုန်တိုင်းဒေသကြီးသည် မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများအကြား ဆက်သွယ်နေသော အဓိက ဝင်၊ ထွက်ပေါက်ဖြစ်သည့် အတွက် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအတွက် အထူးအရေးကြီးသော တိုင်းဒေသကြီးဖြစ်ပါကြောင်း၊

• ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ငန်းဆောင်ရွက်မှုများပီပြင်လျှင်ပီပြင်သကဲ့သို့ ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများ အောင်မြင်မှုရရှိနိုင်မည်ဖြစ်ပါကြောင်း၊

• နိုင်ငံတကာမှ ခရီးသည်များ ပြည်တွင်းသို့ အဓိကဝင်ရောက်ရာ ဝင်ပေါက်ဖြစ်သဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများအတွက် အထူးအရေးကြီးသော တိုင်းဒေသကြီး ဖြစ်ပါကြောင်း၊


• ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနသည် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပံ့ပိုးမှု၊ နှီးနွှယ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏ ပူးပေါင်း ဆောင်ရွက်မှုများဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကြိုးပမ်း ဆောင်ရွက်နေသည်မှာ ပြည်သူ့ကျန်းမာရေး၊ ကပ်ရောဂါဗေဒနှင့်ကုသရေး ရှုထောင့်များမှ သုံးသပ်ပါက ကောင်းမွန် ပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုမှ ဆောင်ရွက်နေသည် ရောဂါကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများ အတွေ့အကြုံများကို ဝေမျှရမည်ဖြစ်ပြီး ကောင်းမွန်သည့် လုပ်ဆောင်ချက်များကို အခြား တိုင်းဒေသကြီး/ ပြည်နယ်များ၏ နေရာဒေသအခြေအနေများနှင့် ကိုက်ညီမှုရှိသော လုပ်ငန်းများကို အတုယူ လုပ်ဆောင်စေလိုပါကြောင်း၊ ထိုသို့ လုပ်ငန်းဆောင်ရွက်မှုများ အတွေ့အကြုံ များကို ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ (www.mohs.gov.mm) တွင် လေ့လာဖတ်ရှုနိုင်ပါကြောင်း၊

• ရောဂါကာကွယ်ရေးအတွက် နှီးနွှယ်ဌာန၊ အဖွဲ့အစည်းများ နှင့် ဆွေးနွေးခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်း၊ ရောဂါဖြစ်ပွားမှုစောင့်ကြပ်ကြည့်ရှုခြင်း၊ ပြည်သူများထံ ကျန်းမာရေး အသိပေး နှိုးဆော်မှုများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခြင်း၊ ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးရန် ပြင်ဆင်ထားရှိခြင်း၊ ကောလာဟလသတင်းမှားများကို ဖြေရှင်းဆောင်ရွက်ခြင်း၊ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုများဖြင့် သံသယလက္ခဏာ လူနာများအား ကွင်းဆင်းရှာဖွေခြင်း စသည့်လုပ်ငန်းများကို ရရှိသည့် လူအင်အား၊ ဘဏ္ဍာငွေအင်အား၊ စက်ပစ္စည်း ကိရိယာ အင်အားများဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊

• လုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်များ၊ အခြေခံကျန်းမာရေးဝန်ထမ်း ပညာရှင်များ၏ စွမ်းဆောင်ရည် အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊

• လုပ်ငန်းဆောင်ရွက်မှုများကို တိုက်ဆိုင်စစ်ဆေးရန်စာရင်း (checklist) များဖြင့် အမြဲမပြတ် ကြည့်ရှုဆန်းစစ် (monitor) နေရမည်ဖြစ်ပြီး လိုအပ်ချက်နှင့် အားနည်းချက်များကို ချက်ချင်း အားဖြည့်ဆောင်ရွက်ရမည်ဆိုသည့် လမ်းညွှန်ချက်အားလည်း ရန်ကုန်တိုင်းဒေသကြီး၌ လုပ်ဆောင်နေသည်ကို တွေ့ရှိရပါကြောင်း၊

• ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများ၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)နှင့် အပြည်ပြည်ဆိုင်ရာလေဆိပ်များနှင့် နယ်စပ်ဝင်၊ ထွက်ပေါက်များမှ တာဝန်ရှိသူများအကြား အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ချိတ်ဆက်မှုများကို တွေ့ရှိရသည့်အတွက် ကျေနပ်မှုရှိ ပါကြောင်း၊

• မိမိတို့မြန်မာနိုင်ငံတွင် လက်ရှိ၌ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ မရှိသေးသော်လည်း အချိန်မရွေးပေါ်ပေါက်လာနိုင်သည်ဆိုသည့်အချက်ကို ပြည်သူလူထုများအားလုံး သိရှိနိုင်ရန် နည်းလမ်းမျိုးစုံ အသုံးပြု၍ ဆက်သွယ်အသိပေးပြောကြားလျက်ရှိသည်ကိုလည်း တွေ့ရှိရပါကြောင်း၊

• လေကြောင်းခရီးဖြင့် အိမ်နီးချင်းနိုင်ငံများသာမက အလှမ်းဝေးသော နိုင်ငံများမှ ခရီးသည်များပါ နေ့ချင်းခရီးဖြင့် မိမိတို့နိုင်ငံသို့ ရောက်ရှိနိုင်သည့်အတွက် မိမိတို့နိုင်ငံ၌လည်း ရောဂါဖြစ်ပွားမှုများ ရုတ်တရက်တွေ့ရှိနိုင်သဖြင့် အပြည်ပြည်ဆိုင်ရာလေဆိပ်များ၌ ဆောင်ရွက်နေသော ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကို စနစ်တကျ တင်းကျပ်၍ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊

• ထိုသို့ တင်းကျပ်စွာမဆောင်ရွက်ပါက သံသယလက္ခဏာလူနာများ လွတ်ထွက်သွားနိုင်ပါ ကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ရောဂါဖြစ်ပွားမှုများပြားလျက်ရှိသော နိုင်ငံများမှ လေကြောင်းခရီးစဉ် လာရောက်မှုများ တတ်နိုင်သမျှလျော့နည်းရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊


• ရန်ကုန်တိုင်းဒေသကြီး၌ လေကြောင်းခရီးဖြင့်လာရောက်သူများအား ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ တည်းခိုနေထိုင်ရာနေရာ အတိအကျ၊ ပြည်တွင်း၌ သွားလာမည့် ခရီးစဉ်အတိအကျများအား စုံစမ်းမှတ်သား၍ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပြီး ရောဂါစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသဖြင့် ကျေနပ်မှုရှိပါကြောင်း၊

• နိုင်ငံတကာခရီးသည်များ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ဝင်ရောက်သည့်အခါ ကျန်းမာရေးကြေညာချက် (health declaration card) တွင်ပါဝင်သော တည်းခိုနေထိုင်ရာ နေရာ၊ ဖုန်းနံပါတ်စသည့်အချက်များ ပြည့်စုံမှန်ကန်စွာဖော်ပြ ဖြည့်သွင်းခြင်းမရှိပါက ပြည်တွင်းသို့ လုံးဝ (လုံးဝ) ဝင်ရောက်ခွင့်မပြုရေးအတွက်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ အကြောင်းကြားညှိနှိုင်းပြီးဖြစ်ပါကြောင်း၊

• ကျန်းမာရေးဆိုင်ရာကြေညာချက် (health declaration card) ကို ဖြည့်သွင်းရာတွင် ခရီးသည်များ အဆင်ပြေစေရေးအတွက် မိမိတို့ လိုအပ်သော သတင်းအချက်အလက် အချို့ကိုသာ ဖြည့်သွင်းနိုင်ရန် ယနေ့ပင်ပြုပြင်မွမ်းမံဆောင်ရွက်မည်ဖြစ်ပါကြောင်း၊

• ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်တိုင်းတွင် ကပ်ရောဂါအသွင်ပုံစံဖြစ်ပွားမှုများကို လျင်မြန်စွာ ကာကွယ်ထိန်းချုပ်ရေးအတွက် လျင်မြန်တုံ့ပြန်ရေးအဖွဲ့ (rapid response team) များ ဖွဲ့စည်းဆောင်ရွက်ထားခြင်းမှာကောင်းမွန်ပါကြောင်း၊ အဆိုပါအဖွဲ့များကို ယခုဖြစ်စဉ်အတွက်သာမက နောင်ဖြစ်ပေါ်လာနိုင်သည့် ဖြစ်စဉ်များအတွက်လည်း ဆက်လက်ဖွဲ့စည်းထား ရှိရမည်ဖြစ်သည့်အပြင် အခြားတိုင်းဒေသကြီး/ ပြည်နယ်များတွင် ဖွဲ့စည်းဆောင်ရွက်ရန်အတွက်လည်း အကြောင်းကြားမည်ဖြစ်ပါကြောင်း၊

• ဆေးနှင့်ဆေးပစ္စည်းကိရိယာများကို မဟာဗျူဟာကျစွာ ဖြည့်ဆည်းဆောင်ရွက်ခြင်းသည် အရေးကြီးသဖြင့် လက်ရှိဝယ်ယူဖြန့်ဖြူးထားမှုများကို အမြန်ဆုံးသုံးသပ်ဆန်းစစ်မှုများ ပြုလုပ်၍ လိုအပ်မှုရှိပါက ချက်ချင်းဖြည့်ဆည်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ နိုင်ငံတွင်း၌ COVID-19 ရောဂါပိုး စစ်ဆေးနိုင်ရန် ကြိုးပမ်းအားထုတ်ဆောင်ရွက်ခဲ့မှု၊ လက်ရှိတွင် အန္တရာယ်ရှိသော ဓာတ်ခွဲနမူနာများကို ကိုင်တွယ် စစ်ဆေးပေးနေမှု၊ ဝေဘာဂီအထူးကု ဆေးရုံကြီးအပါအဝင် ဆေးရုံများတွင် သံသယနှင့်စောင့်ကြည့်လူနာများအား ကိုယ်တိုင် ရောဂါကူးစက်ခံရ နိုင်ခြေရှိသည့်ကြားမှ ကြိုးပမ်းအားထုတ်ကုသမှု ပေးနေသည့် ဆရာဝန်၊ သူနာပြုနှင့် ကုသမှုအထောက်အကူပြုပညာရှင်များ အားလုံးသည် ပြည်သူများအကျိုး အတွက် ဆောင်ရွက်နေခြင်းဖြစ်သဖြင့် အသိအမှတ်ပြု ဂုဏ်ပြုပါကြောင်း၊

• ဝေဘာဂီအထူးကုဆေးရုံနှင့် မန္တလေးမြို့ကန်တော်နဒီကူးစက်ဆေးရုံများတွင် လူနာများအား သီးခြားထားရှိ၍ ကုသမှုပေးရာတွင် နိုင်ငံတကာအဆင့်အတန်းမီဖြစ်စေရေး အတွက် ယခုဘဏ္ဍာနှစ်မှစ၍ အထူးဦးစားပေး ဖြည့်ဆည်းပေးသွားမည်ဖြစ်ပါကြောင်း၊


• သို့မှသာ ယခု COVID-19 ရောဂါဖြစ်စဉ်သာမက နောင်ဖြစ်ပေါ်လာနိုင်သည့် ကူးစက်ရောဂါဖြစ်စဉ်များအတွက်ပါ အသင့်ပြင်ဆင်ကုသနိုင်မည်ဖြစ်ပါကြောင်း၊

• COVID-19 ရောဂါဖြစ်ပွားသူများအား အောင်မြင်စွာကုသမှုပေးခဲ့သည့် နိုင်ငံများ၏ ကုထုံးပုံစံ နည်းစနစ်များကိုလည်း သိရှိလေ့လာနိုင်ရန် မိမိလမ်းညွှန်ထားသည့်အတိုင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တစ်ဆင့်ဆက်သွယ် ဆောင်ရွက်ထားသည်ကို တွေ့ရသဖြင့်ကျေနပ်ပါကြောင်း၊

• ကျန်းမာရေးအသိပညာပေး ပိုစတာနှင့် လက်ကမ်းစာစောင်များ ပြုစုရာတွင် ပြည်သူများ အလွယ်တကူနားလည်နိုင်စေရန်အတွက် ရိုးရှင်းသည့် ပုံစံဖြင့် သတင်းအချက်အလက် အနည်းငယ်ကိုသာ တိုက်ရိုက်ထည့်သွင်းရန် ဖြစ်ပါကြောင်း၊

• ပြည်သူများထံ ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုများ၏ အကျိုးထိရောက်မှု၊ ပြည်သူများက ကျန်းမာရေးအသိပညာများကိုလက်တွေ့အသုံးချမှု၊ ဉပမာအားဖြင့် လူစုလူဝေးများကို ရှောင်ကြဉ်ခြင်း၊ ချောင်းဆိုး၊ နှာချေပါက ဖုံးအုပ်ခြင်း၊ လက်ကို စနစ်တကျဆေးကြောခြင်း စသည်တို့ကို လက်တွေ့ဆောင်ရွက်နေမှု ရှိ၊ မရှိကိုလည်း ဆန်းစစ်သုံးသပ်မှု၊ လေ့လာမှုများ ပြုလုပ်နေပြီဖြစ်သဖြင့် ကောင်းမွန်ပါကြောင်း၊

• ယခုအစည်းအဝေး၌ လက်တွေ့မြေပြင်တွင် လုပ်ငန်းဆောင်ရွက်နေသော ဝန်ထမ်းများ၏ အတွေ့အကြုံ၊ အခက်အခဲများနှင့် အကြံပြုတင်ပြချက်များကို သိရှိရသည့်အတွက် ဝန်ကြီးဌာနမှ ထပ်မံထုတ်ဝေမည့် လုပ်ငန်းလမ်းညွှန်များတွင် မွမ်းမံပြင်ဆင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အတွက် ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ဝန်ထမ်းများဖြင့် ထပ်မံအားဖြည့်ပေး မည်ဖြစ်ပါကြောင်း၊

• တောင်ဥက္ကလာပအမျိုးသမီးနှင့်ကလေးဆေးရုံကြီးရှိ (၄) ထပ်လူနာဆောင်သစ် ကိုလည်း အသွားအလာကန့်သတ် ရောဂါစောင့်ကြပ်ကြည့်ရှုမှု (quarantine) လုပ်ငန်းများဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားရှိပြီး ထပ်မံလိုအပ်သည်များ ဖြည့်ဆည်းပေးသွားမည်ဖြစ်ပါကြောင်း၊

• ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများတွင် အဝေးပြေးကားရပ်နားစခန်းများ၌ ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုများကို အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ရန်ကုန်တိုင်းဒေသကြီးတွင် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများ ကို အရှိန်အဟုန်လုံးဝမလျှော့ဘဲ ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြပါရန်နှင့် ဝန်ကြီးဌာနမှ လည်း ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက လုပ်ငန်းဆောင်ရွက်မှုအတွေ့အကြုံ၊ အခက်အခဲနှင့် လိုအပ်ချက်များကို အသီးသီး တင်ပြခဲ့ကြပါသည်။

ထို့နောက် ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွန်ကြားရေးမှူးဒေါက်တာထွန်းတင်က - ကမ္ဘာကျန်းမာရေးအဖွဲ့မှအသစ်ထုတ်ပြန်သော သံသယလူနာအဓိပ္ပါယ် ပြောင်းလဲသတ် မှတ်ခဲ့‌‌ကြောင်းနှင့်
- မိမိတို့နေဖြင့်ကမ္ဘာ‌ပေါ်တွင်ကူးစက်ဖြစ်ပွားမှုအခြေအနေများနှင့် ကမ္ဘာကျန်းမာရေးအဖွဲ့၏ထုတ်ပြန်ချက်များ မျက်ခြေမပြတ်စောင့်ကြပ်ကြည့်ရှုခြင်းနှင့် မြန်မာနိုင်ငံတွင် ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ကျန်းမာရေး၀န်ထမ်းများ၏ ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးကြပါရန် တင်ပြဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ညွန်ကြားရေးမှူးချူပ် ဒေါက်တာစိုးဦးက ဝန်ထမ်းရေးရာ၊ ဘဏ္ဍာငွေ၊ ဆေးနှင့်ဆေးပစ္စည်းကိရိယာများ ထပ်မံ ဖြည့်ဆည်း ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဝန်ထမ်းများ၏ တင်ပြ ဆွေးနွေးမှုများကို ပြန်လည်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် ယနေ့၊ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊ ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး) ဒေါက်တာထွန်းတင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့သွားရောက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းများဆောင်ရွက်နေမှုများကို ကြည့်ရှုခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လေဆိပ်ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးကော်မတီမှ ဦးဇွဲမာန်အောင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန နှင့် Aerodrome Company တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကာ လေကြောင်းခရီးမှတစ်ဆင့် ရောဂါပျိုးချိန် အတွင်းဖြစ်နေ၍ ရောဂါလက္ခဏာမပြသသေးသော ရောဂါရှိသူများဝင်ရောက်လာ နိုင်သဖြင့် လေဆိပ်ဝင်ပေါက်တွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းစဉ်များ၏ အရေးကြီးမှုကို ပြောကြားခဲ့ပြီး -

• လေကြောင်းခရီးသည်များသည် ဝန်ကြီးဌာနမှ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကောက်ယူသော မွမ်းမံပြင်ဆင်ထားသောကျန်းမာရေးကြေညာချက် (health declaration card) များကို လေယာဉ်ပေါ်တွင် လေယာဉ် မောင်၊ မယ်များ၏ အကူအညီဖြင့် အပြီးသတ်ပြည့်စုံစွာ ဖြည့်သွင်းကြစေရေး၊

• နိုင်ငံတကာ ခရီးသည်များ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ဝင်ရောက်သည့်အခါ ကျန်းမာရေး ပေးကြေညာချက် (health declaration card) တွင်ပါဝင်သော တည်းခိုနေထိုင်ရာ နေရာ၊ ဖုန်းနံပါတ်စသည့်အချက်များ ပြည့်စုံမှန်ကန်စွာဖော်ပြ ဖြည့်သွင်းခြင်းမရှိပါက ပြည်တွင်းသို့ လုံးဝ (လုံးဝ) ဝင်ရောက်ခွင့်မပြုရေး၊

• လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ခရီးသည်များစွာနှင့် ထိတွေ့နေရသည်ဖြစ်သဖြင့် အသက်ရှူလမ်းကြောင်းမှ တစ်ဆင့်ကူးစက်တတ်သော ရောဂါများ ကူးစက်ခံ ရနိုင်ခြေမြင့်မားသဖြင့် ကျန်းမာရေးဝန်ထမ်းများမှ အသိပေးနှိုးဆော်ထားသည့် ကျန်းမာရေးအသိပေးချက်များကိုလိုက်နာဆောင်ရွက်ရေး အပါအဝင် ရောဂါစောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းများတွင် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ရန်နှင့် လေဆိပ်ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေး ကော်မတီ၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနနှင့် Aerodrome Company တို့နှင့် လုပ်ငန်းဆိုင်ရာ အထွေထွေလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။

 
 

More Tags