NOW LOADING

ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးသံတမန်များ ခန့်အပ်ပွဲ၊ ကျန်းမာရေးဆိုင်ရာစံပြုအချက်အလက်များ စာအုပ်မိတ်ဆက်ပွဲနှင့် တက္ကသိုလ်ဝင်တန်း ထူးချွန်သားသမီးများအား ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

ရန်ကုန်              ဇူလိုင် (၂၈) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ Gandamar Wholesale ဈေးဝယ်စင်တာ၊ Gandamar ခန်းမတွင် ယနေ့၊ နံနက်၌ ပြုလုပ်ကျင်းပသော ရန်ကုန်တိုင်းဒေသကြီးအတွက် ကျန်းမာရေးသံတမန်များခန့်အပ်ပွဲ၊ ကျန်းမာရေးဆိုင်ရာစံပြုအချက်အလက်များစာအုပ်မိတ်ဆက်ပွဲနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ ကျန်းမာရေးဝန်ထမ်းများ၏ (၂၀၁၇-၂၀၁၈) ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးရထူးချွန်သားသမီးများအား ဆုချီးမြှင့်ပွဲ အခမ်းအနား သို့တက်ရောက်ခဲ့ပါသည်။


 

     ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ ကျန်းမာရေးဆိုင်ရာစံပြုအချက်အလက်များစာအုပ်မိတ်ဆက်ခြင်းနှင့် ပတ်သက်၍ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခဲ့ပါသည်။

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

- နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားတိုင်း၏ကျန်းမာကြံ့ခိုင်မှုနှင့် ဉာဏ်အမျှော်အမြင်ပြည့်ဝမှုတို့အပေါ် အခြေခံမှီတည်နေကြောင်း၊

- ကျန်းမာရေးနှင့်ပြည့်စုံမှသာလျှင် ဦးနှောက်ဖွံ့ဖြိုးမှုရရှိပြီး ဉာဏ်အမျှော်အမြင်ပြည့်ဝမှုရရှိရေးအတွက် ကောင်းစွာအထောက်အပံ့ဖြစ်မည်ဖြစ်ပါကြောင်း၊

- ခက်ခဲဒေသများရှိပြည်သူလူထုများအပါအဝင် ပြည်သူလူထုအားလုံးတွင် ကျန်းမာရေးနှင့် ပြည့်စုံမှုရရှိရန်အတွက် ငယ်စဉ်ကာလကတည်းကပင် အဓိကအားဖြင့် ကျန်းမာရေးစာတတ်မြောက်မှုနှင့် ကျန်းမာရေးအသိပညာရရှိရန်လိုအပ်ကြောင်း၊

- ကျန်းမာရေးအသိပညာဉာဏ်ရှိခြင်းအားဖြင့် ကျန်းမာရေးနှင့် ကိုက်ညီသော အလေ့အထများ သိရှိလိုက်နာကျင့်သုံးနိုင်မည်ဖြစ်ပြီး ပြည်သူလူထုတွင် ရောဂါဖြစ်ပွားမှု လျော့နည်းကျဆင်းလာမည်ဖြစ်ကြောင်း၊

- ကျန်းမာရေးအသိပညာဉာဏ်နှင့်ပြည့်စုံသော ပြည်သူတစ်ဦး၏ ကျန်းမာရေးနှင့် လျော်ညီသည့် အမူအကျင့်များ၊ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို ယင်းပုဂ္ဂိုလ်နှင့်နီးစပ်သူ ဆွေမျိုး မိတ်ဆွေများမှ သိမြင်၍ လိုက်လံလုပ်ဆောင်ခြင်း (peer pressure)၊ ထင်ရှားကျော်ကြားသူများ၏ ကျန်းမာရေးနှင့် ပတ်သက်သည့် တိုက်တွန်းချက်များ၊ ကိုယ်တိုင်ဆောင်ရွက်လေ့ရှိသည့် အမူအကျင့်များကို ယင်းတို့ကိုချစ်ခင်အားပေးသူ ပရိတ်သတ်များမှလည်း သိမြင်၍ (role model) အဖြစ် အတုယူ လိုက်လံဆောင်ရွက်ခြင်းများ ရှိပါကြောင်း၊


 

- ပြည်သူလူထု၏ ကျန်းမာရေးအသိပညာမြှင့်တင်ရေးကို ဝန်ကြီးဌာနအနေဖြင့် ခွင့်ပြုရရှိသော ဘဏ္ဍာငွေ၊ လူ့စွမ်းအားတို့ဖြင့် အထူးအရေးပေးဆောင်ရွက်လျက်ရှိပါကြောင်း၊

- ဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုနှင့် နေ့စဉ်ထိတွေ့ဆက်ဆံနေရသော အခြေခံကျန်းမာရေးဝန်ထမ်းများ အိမ်တိုင်ရာရောက် ကွင်းဆင်းရာတွင် ကူးစက်ရောဂါများ၊ မကူးစက်နိုင်သော ရောဂါများ၊ မိခင်နှင့် ကလေးကျန်းမာရေး၊ ကာကွယ်ဆေး စသည့် ကျန်းမာရေးအကြောင်းအရာ အစုံအလင်နှင့်ပတ်သက်၍ ရောဂါကူးစက်ဖြစ်ပွားပုံ၊ ရောဂါလက္ခဏာ၊ ရောဂါနှင့် ပတ်သက်သည့်ဆောင်ရန်/ ရှောင်ရန် စသည့် အချက်အလက်ကဏ္ဍစုံ ပါဝင်သော “ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များစာအုပ် (Standardized Health Messages Book)” ကို ပြုစုထုတ်ဝေခဲ့ကြောင်း၊

- အဆိုပါစာအုပ်တွင် စာမျက်နှာ (၃၃၀)ခန့်ပါဝင်သဖြင့် အခြေခံကျန်းမာရေးဝန်ထမ်းများ အနေဖြင့် လက်တွေ့ကွင်းဆင်းအသုံးပြုရာတွင် ပိုမိုလွယ်ကူစေရန်အတွက် အဆိုပါစာအုပ်အပါအဝင် အခြေခံကျန်းမာရေးဝန်ထမ်းများအနေဖြင့် သိသင့်သိထိုက်သည့် လုပ်ငန်းလမ်းညွှန်စာအုပ်များ အခြားပြည်သူ့ကျန်းမာရေးဆိုင်ရာ စာအုပ်များ၊ မိခင်နှင့် ကလေးကျန်းမာရေး စသည့် အသုံးချ (application) ဆော့ဖ်ဝဲလ်များ တို့ကို online/ offline အသုံးပြုနိုင်မည့် မျက်နှာပြင် (၇)လက်မရှိ Mobile Tablet များကို မကြာမီစတင် ပေးအပ်မည်ဖြစ်၍ ပြည်သူ့ကျန်းမာရေးကဏ္ဍ ယခုထက်ပိုမို တိုးတက်ဖွံ့ဖြိုးရေးအတွက် သတင်းအချက်အလက်နည်းပညာ အသုံးပြု ဆောင်ရွက်မှုကြီးတစ်ရပ်ဖြစ်ပါကြောင်း၊

- အလားတူပင် တိုက်နယ်ဆရာဝန် (၇၃၅)ဦးခန့်၊ မြို့နယ်ဆရာဝန် (၃၃၀)ဦးခန့် အတွက် သက်ဆိုင်ရာ ပါမောက္ခ/ဌာနမှူးများ၊ ပါမောက္ခများမှ စုစည်းထည့်သွင်းပေးသည့် နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါစသည့် လက်တွေ့ဆေးပညာရပ်ဆိုင်ရာ ခေတ်မီကုထုံးများ၊ ဆေရုံလက်စွဲ၊ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲမှုနှင့် ကုသရေးလုပ်ငန်းဆိုင်ရာ လမ်းညွှန်များ၊ ဆေးလက်တွေ့ပညာရပ်ဆိုင်ရာနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ application များထည့်သွင်းထားသော မျက်နှာပြင် (၈)လက်မရှိ Mobile Tablet များကို မကြာမီလများအတွင်း ပေးဝေသွားမည်ဖြစ်ကြောင်း၊

- အဆိုပါ Mobile Tablet များကို အသုံးပြု၍ online/ offlineဖြင့် ဆေးလက်တွေ့ဆိုင်ရာ ဟောပြောပို့ချချက်များ၊ တိုက်ရိုက်အပြန်အလှန်ဆွေးနွေးမှုများကိုလည်းပြုလုပ်နိုင်မည်ဖြစ်ပြီး စဉ်ဆက်မပြတ်ဆေးပညာသင်ကြားမှု (continue medical education) နှင့် စဉ်ဆက်ပြတ် ဆေးပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု (continue professional development) တို့ကို လုပ်ဆောင်နိုင်မည်ဖြစ်၍ ဆရာဝန်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ၏ အရည်အချင်းနှင့် အရည်အသွေး ယခုထက်ပိုမိုတိုးတက်စေရေးအတွက် ကောင်းစွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊


 

- ထို့အပြင် အဆိုပါ Mobile Tablet များမှတဆင့် ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်စသည့် ဌာနအကြီးအကဲများနှင့် သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများမှ ပေးပို့လိုသည့် လမ်းညွှန်ချက်များ၊ သတင်းစကားများအား အချိန်တိုအတွင်း သက်ဆိုင်ရာ ဝန်ထမ်းများထံဖြန့်ဝေနိုင်မည်ဖြစ်သဖြင့် ဝန်ကြီးဌာန၊ ဦးစီးဌာန၊ ပညာရပ်ဆိုင်ရာ ပါမောက္ခကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများသည် မိခင်နှင့် သန္ဓေသားတို့သည် ချက်ကြိုးမှတဆင့်ချိတ်ဆက်ထားသကဲ့သို့ပင် ချိတ်ဆက်မှုမပြတ်ရှိနေမည်ဖြစ်ပါကြောင်း၊

- ထိုသို့လုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် ကျန်းမာရေးဝန်ထမ်းများ၏ ကုသရေးစွမ်းရည်၊ ပြည်သူ့ကျန်းမာရေးစွမ်းရည်များ လျင်မြန်စွာတိုးတက်လာနိုင်မည်ဖြစ်ပြီး ပြည်သူလူထုအားပိုမို အရည်အသွေးပြည့်ဝ ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုများကို အချိန်တိုအတွင်း သိသာစွာ ပေးအပ်နိုင်မည်ဖြစ်ပါကြောင်း၊

- ယခုထုတ်ဝေထားသော ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များစာအုပ်မှတဆင့် ပြည်သူလူထုအား ကျန်းမာရေးအသိပညာမြှင့်တင်ပေးနိုင်မှု အနေအထားကိုလည်း ပြန်လည်သုံးသပ်ဆန်းစစ် သွားမည်ဖြစ်ပြီး ယခုထက်ပိုမိုကောင်းမွန်ထိရောက်သော ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များစာအုပ် (Version - 02) အဖြစ်ပြုပြင်မွမ်းမံထုတ်ဝေသွားမည်ဖြစ်ကြောင်း၊

- ယခုတာဝန်ပေးအပ်ခြင်းခံရသော ကျန်းမာရေးသံတမန်များအနေဖြင့်လည်း ပြည်သူလူထုအား ကျန်းမာရေးအသိပညာများဖြန့်ဝေပေးခြင်းလုပ်ငန်းများတွင် စံပြပုဂ္ဂိုလ် (role model) များအဖြစ် ဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်ပေးပါကြပါရန် ဖြစ်ပါကြောင်း၊

- ယခုစာအုပ်သည် ကျန်းမာရေးဆိုင်ရာ ရွှေတွင်းကြီးတစ်ခု သဖွယ်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့်လည်း အမှန်တကယ်လိုက်နာဆောင်ရွက်နိုင်ရေး အားလုံးဝိုင်းဝန်းဆောင်ရွက်ရန်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

     ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်တို့က ဒေါက်တာစိုးညီညီထွန်းနှင့် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီပိုင်ဖြိုးသုတို့အား ရန်ကုန်တိုင်းဒေသကြီးဆိုင်ရာကျန်းမာရေးသံတမန်များ (Yangon Regional Health Ambassador) အဖြစ် အသိအမှတ်ပြု တံဆိပ်၊ ခန့်အပ်လွှာနှင့် စလွယ်တို့ကို အသီးသီးပေးအပ်ခဲ့ပါသည်။

      ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က ကျန်းမာရေးသံတမန်များ၏ တာဝန်ဝတ္တရားများနှင့် ယနေ့အခမ်းအနားဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီပေးသူများအား ကျေးဇူးတင်စကားကိုလည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများအသင်း ဥက္ကဌ ဒေါက်တာထင်ပေါ်က အခမ်းအနားဖြစ်မြောက်ရေး ပူးပေါင်းပံ့ပိုးပေးခဲ့မှုများကို လည်းကောင်း ပြောကြားခဲ့ပါသည်။


 

     အစီအစဉ်အရ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာထူးမြင့်ဆွေက အခြေခံကျန်းမာရေးဝန်ထမ်းများကိုပေးအပ်မည့် Mobile Tablet တွင်ပါဝင်မည့် အကြောင်းအရာများ၊ software များ အသုံးပြုပုံနှင့် အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

     ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဝန်ထမ်းများ၏ (၂၀၁၇-၂၀၁၈) ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးရထူးချွန်သားသမီး (၃၄)ဦးအား ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့မှ ပါမောက္ခဒေါက်တာဖေသက်ခင်နှင့် ပါမောက္ခဒေါက်တာမြဦး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်တို့က ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။

      ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားသို့ကြွရောက်လာသော ဧည့်သည်တော်များသည် ကျန်းမာရေးပြခန်းငယ်များကို လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

 အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ နာဂဒေသနှင့် ရှမ်းပြည်နယ်ဆိုင်ရာ ကျန်းမာရေးသံတမန်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်း (၄၀ဝ) ဦးခန့် တက်ရောက်ခဲ့ပါသည်။


 
 
 
 

More Tags