NOW LOADING

မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာ မိတ်ဆက်ဖြန့်ချိခြင်းနှင့် အမျိုးသားအဆင့် ဆွေးနွေးပွဲအခမ်းအနားတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး အကြံပြုဆွေးနွေး ပြောကြားချက်

Kempinski Hotel၊ နေပြည်တော်

(၂၀၁၈)ခုနှစ်၊ ဒီဇင်ဘာလ (၁၉)ရက်

• အစည်းအဝေးသို့ တက်ရောက်လာကြသူများအားလုံး မင်္ဂလာပါ၊

• ရှေးဦးအရွယ် ကလေးသူငယ်များ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် ဉာဏ်ရည် ဘက်စုံဖွံ့ဖြိုး တိုးတက်ရန် နိုင်ငံတော် အစိုးရက ဦးဆောင် လမ်းညွှန်ပံ့ပိုးမှုများ ပေးခဲ့ပြီး ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည် နေရာချထားရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့က စုပေါင်း ဝိုင်းဝန်းဆောင်ရွက်လျက်ရှိပါတယ်၊

• လုပ်ငန်းများဆောင်ရွက်ရာတွင် ပါဝင်ကူညီပံ့ပိုးဆောင်ရွက်သည့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ INGO/ NGO များ၊ လူထုအခြေပြု အဖွဲ့အစည်းများ အစရှိသည့် အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို သိရှိနိုင်ရန်အတွက် လုပ်ငန်းကဏ္ဍအလိုက်၊ လုပ်ငန်းဆောင်ရွက်မှု နေရာဒေသအလိုက် စာရင်းပြုစုထားရှိခြင်းဖြင့် လုပ်ငန်းဆောင်ရွက်မှုများအား ဝန်ကြီးဌာနမှ ထိရောက်သောပံ့ပိုးမှုများပေးအပ်နိုင်ရန် စောင့်ကြပ်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။


 

• ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများတွင် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ မြောက်များစွာ ပါဝင်သဖြင့် ဝိုင်းဝန်းဆောင်ရွက်ရာတွင် စနစ်တကျ ရှိရန်နှင့် အချင်းချင်း ချိတ်ဆက်မိရန် လိုပါတယ်၊

• လုပ်ငန်းများ ဆောင်ရွက်ရာ၌ ဆောင်ရွက်ချက်များ အားလုံးသည် National Strategic Plan for Early Childhood Interventions (2017-2021) ၏ ဘောင်အတွင်းမှ ဆောင်ရွက်ရန် လိုအပ်မှာ ဖြစ်ပါတယ်၊

• သက်ဆိုင်ရာကဏ္ဍအလိုက် စနစ်တကျ တာဝန်များခွဲဝေသတ်မှတ် (division of labour) ပြီး ပေါင်းစပ်ညှိနှိုင်း၍ မူဘောင်တစ်ခု (framework) အတွင်းမှ တိကျစွာဆောင်ရွက်ရန် လိုအပ်မှာဖြစ်ပါတယ်၊ လူများ၍ ပွဲမစည် ဖြစ်မှာကို စိုးရိမ်ပါတယ်၊

• ဆောင်ရွက်မှုလုပ်ငန်းများကို စောင့်ကြပ်ကြည့်ရှု၍ လိုအပ်သလို မွမ်းမံပြင်ဆင်နိုင်ရန်နှင့် အားဖြည့်ဆောင်ရွက်နိုင်ရန်အတွက် “လုပ်ငန်း ဆောင်ရွက်ခြင်း စောင့်ကြပ်ကြည့်ရှုမှုနှင့် ဆန်းစစ်သုံးသပ်မှုစနစ် (monitoring and evaluation system)” တစ်ခုရှိရန်လည်း လိုအပ်မှာဖြစ်ပါတယ်၊ သင့်တင့်သော အချိန်ကာလတစ်ခု၌ evaluation လုပ်ငန်းများ လုပ်ဆောင်သွားရန် လိုအပ်မှာဖြစ်ပါတယ်၊


 

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဌာနနှင့် စီမံချက်လုပ်ငန်းများ (၁၄)ခုဖြင့် ကိုယ်ဝန်ဆောင်များကို မေးခိုင်ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကလေးငယ်များအား မိခင်နို့တိုက်ကျွေးနိုင်ရန် ဆောင်ရွက်ခြင်း၊ ကာကွယ်ဆေးများ အကြိမ်ပြည့် ထိုးနှံပေးခြင်း၊ အာဟာရပြည့်ဝစေရန်ဆောင်ရွက်ခြင်း၊ သင့်တော်သော ကိုယ်လက်လှုပ်ရှားအားကစား လေ့ကျင့်နိုင်ရန် ဆောင်ရွက်ခြင်း၊ ကျန်းမာရေးအသိပညာ မြှင့်တင်ခြင်းအစရှိသည့် လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိပါတယ်၊ ဝန်ကြီးဌာနမှ ၎င်းလုပ်ငန်းများအနက် ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းများနှင့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို အထူးအလေးထား ဆောင်ရွက်လျက်ရှိပါတယ်၊

• အိုင်အိုဒင်းဓာတ်သည် ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မရှိမဖြစ် အရေးကြီးသဖြင့် အိုင်အိုဒင်းချို့တဲ့မှုကြောင့် ဖြစ်ပေါ်သည့်ရောဂါများပပျောက်ရေးကိုလည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါတယ်၊

• အရေးကြီးသည်မှာ ကလေးသူငယ်များနှင့် အမြဲတမ်း အတူနေထိုင်သည့် မိဘများ၊ မိသားစုဝင်များနှင့် ဆွေမျိုးများ၏ ကျန်းမာရေးအသိပညာကြွယ်ဝမှုမှာ အဓိကအကျဆုံးဖြစ်သဖြင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ လက်တွေ့မြေပြင်တွင် လုပ်ငန်းဆောင်ရွက်လျက်ရှိသော အခြေခံကျန်းမာရေး ဝန်ထမ်းများထံ ဖြန့်ဝေထားသော ကျန်းမာရေး အသိပညာမြှင့်တင်ရေးလုပ်ငန်း အပါအဝင် ပြည်သူ့ကျန်းမာရေး လုပ်ငန်းများ အထောက်အကူပြု Mobile Tablet များကို ပိုမို သုံးစွဲခြင်းဖြင့် ကလေးငယ်များ၏ မိဘများနှင့် ကလေးငယ်နှင့် အနီးကပ်နေထိုင်သည့် သူများ၏ ကျန်းမာရေးစာတတ်မြောက်မှုကို မြှင့်တင်ရန် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်၊

• အာဟာရပြည့်ဝသော ဒေသထွက် စားသောက်ကုန်များကို ပေါကြွယ်ဝစွာ စားသုံးနိုင်ရေးအတွက် ဒေသထွက်စားသောက်ကုန်များ ပိုမိုတိုးမြှင့် ထုတ်လုပ်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၏ အခန်းကဏ္ဍသည်လည်း အခရာကျပါတယ်၊

• ကျောင်းမုန့်ဈေးတန်းများတွင် အာဟာရမပြည့်ဝသည့်/ အာဟာရ တန်ဖိုး အလွန်နည်းပါးသည့် စားသောက်ကုန်များ၊ အချို၊ အငန်နှင့် အဆီလွန်ကဲသည့် ကျန်းမာရေးနှင့် မညီညွတ်သော စားသောက်ကုန်များ ရောင်းချခြင်း မပြုရန်မှာလည်း အရေးကြီးပါတယ်၊ ဤကိစ္စကို ပညာရေးဝန်ကြီးဌာနမှ မိဘ ဆရာအသင်း၊ ကျောင်းအုပ်များနှင့် ဆရာမများက ကျောင်းသားများနှင့် ပူးပေါင်း၍ ဆောင်ရွက်ပါက အောင်မြင်နိုင်မှာ ဖြစ်ပါတယ်၊ သို့မဟုတ်ပါက မိမိတို့သည် အိတ်ပေါက်နှင့် ဖားကောက်သကဲ့သို့ ဖြစ်နေပါမယ်၊

• လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများနှင့် စိန်ခေါ်မှုများကို အဖြေရှာဖော်ထုတ်၍ ပိုမိုတိုးတက်ကောင်းမွန် ထိရောက်စွာဆောင်ရွက် နိုင်ရန်အတွက် အသုံးချသုတေသန (implementation research) လုပ်ငန်းများကိုပါ ထည့်သွင်းဆောင်ရွက်သင့်ပါတယ်၊

• မဟာဗျူဟာများသည်လည်း လက်တွေ့အခြေအနေများနှင့် ကိုက်ညီ ကာ အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပြီး ပြည်သူများကလည်း လက်ခံသည့် မဟာဗျူဟာများဖြစ်ရန် လိုအပ်ပါတယ်၊

• ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကိစ္စ၌ ကလေးငယ်များ ကိုယ်ခံအား ကောင်းမွန်စေရန်အတွက် မိခင်၏နို့ဦးရည် (colostrum)ကို တိုက်ကျွေးခြင်း၊ ကလေးငယ် အသက် ပထမ (၆)လအတွင်း မိခင်နို့တစ်မျိုးတည်း ကိုသာ တိုက်ကျွေးခြင်း နှင့် အသက်(၆)လကျော်ပါက ကျန်းမာရေးနှင့် ညီညွတ်သည့် ဖြည့်စွက်စာ များ တိုက်ကျွေးခြင်းသည် အထူးအရေးကြီးပါတယ်၊ အခြေခံ ကျန်းမာရေး အုတ်မြစ်ခိုင်မာမှသာလျှင် ကလေးသူငယ်များသည် ကျန်းမာသန်စွမ်း၍ ဉာဏ်ရည်မြင့်မားသော လူငယ်များဖြစ်လာမှာ ဖြစ်ပါတယ်၊

• ဤကိစ္စများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တစ်ခုတည်း က ဆောင်ရွက်၍ မရပါဘူး၊ အားလုံးပါဝင် တာဝန်ယူမှု (shared responsibility) ရှိရန်မှာ အထူးပဲ အရေးကြီးပါတယ်၊ အောင်မြင်မှု ရလဒ်သည်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တစ်ခုတည်း၏ ဆောင်ရွက်ချက်ကြောင့်သာ မဟုတ်ဘဲ အားလုံး၏ အောင်မြင်မှု ရလဒ် (shared credit) ဖြစ်သည်ကို အသိအမှတ်ပြုရမှာ ဖြစ်ပါ တယ်၊

• ယနေ့ အစည်းအဝေးသည် အထူးအရေးကြီးသည့်အတွက် ကောက်ရိုးမီးသဖွယ် မဖြစ်စေလိုပါ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်ချက်များ၌ပါဝင်သည့်အချက်များကို ဂရုပြု၍ မိမိတို့ အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြရန် လိုအပ်ပါတယ်၊

• ကျေးဇူးတင်ပါတယ်။

More Tags