NOW LOADING

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီပြန်လည်ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ မေလ (၆)ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)၊ ပတ္တမြားခန်းမ၊ သုဝဏ္ဏ၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့သော မြန်မာနိုင်ငံအိုလံပစ်ကော်မတီပြန်လည်ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။


 

     ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီ ဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• ယနေ့အစည်းအဝေးသည် မြန်မာနိုင်ငံအားကစားလောကကြီးတစ်ခုလုံး ဘက်စုံပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးကြီးပါကြောင်း၊

• မြန်မာနိုင်ငံအမျိုးသား အိုလံပစ်ကောင်စီကို နိုင်ငံတော်သမ္မတရုံးမှ (၂၀၁၉)ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂)ရက်နေ့တွင် အမိန့်ကြော်ငြာစာဖြင့် အသစ်ပြန်လည်ဖွဲ့စည်းပေးခဲ့ပြီး အဆိုပါ ကောင်စီသည် အားကစားလောက ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများ၊ လမ်းညွှန်မှုများ ချမှတ်သွားမည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးကဏ္ဍတွင် ကုသရေးဆိုင်ရာနှင့် တိုင်းရင်းဆေးပညာဆိုင်ရာ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အကြံပေးအဖွဲ့များဖွဲ့စည်းထားရှိကာ အကြံဉာဏ်များရယူဆောင်ရွက်လျက်ရှိသကဲ့သို့ အားကစားကဏ္ဍတွင်လည်း မြန်မာနိုင်ငံအိုလံပစ်ကော်မတီကိုဖွဲ့စည်းကာ မြန်မာနိုင်ငံ အားကစားလောကကြီးတစ်ခုလုံးဘက်စုံ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံဉာဏ်များ ရယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• ကော်မတီဖွဲ့စည်းရာတွင် အားကစားနည်းအမျိုးမျိုးမှ အဖွဲ့ချုပ်များ၏ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ တာဝန်ရှိသူများ ပါဝင်ဖွဲ့စည်းသွားမည်ဖြစ်ပြီး ကော်မတီဝင်များအနေဖြင့် အားကစားလောက ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို မိမိကိုယ်ပိုင်အရေးကိစ္စကဲ့သို့ သတ်မှတ်ကာ ထူးချွန်ထက်မြက်သော မျိုးဆက်သစ် အားကစားသမားများမွေးထုတ်နိုင်ရေး၊ အားကစားနည်းအမျိုးမျိုး အောင်နိုင်ရေး၊ ပြည်သူများ ကိုယ်လက်လှုပ်ရှားအားကစားကို စိတ်ပါဝင်စား ဆောင်ရွက်ကြရာမှ ကျန်းမာသန်စွမ်းရေးစသည့် ကိစ္စရပ်များအတွက် အကြံဉာဏ်များ ပေးအပ်သွားကြရန်ဖြစ်ပါကြောင်း၊


 

• မြန်မာနိုင်ငံအိုလံပစ်ကော်မတီကို (၂၀ဝ၅) ခုနှစ် နှင့် (၂၀၁၃) ခုနှစ်တို့တွင်လည်း ဖွဲ့စည်းထားရှိခဲ့ပါကြောင်း၊ ယခင်အိုလံပစ်ကော်မတီများ၏ လုပ်ငန်းဆောင်ရွက်အောင်မြင်မှု၊ အားနည်းချက်နှင့် အားသာချက်များ အတွေ့အကြုံများကို ရယူ၍ ယခုပြန်လည်ဖွဲ့စည်းမည့် ကော်မတီ၏ လုပ်ငန်းများကို ဆောင်ရွက်သွားကြရန်ဖြစ်ပါကြောင်း၊

• အားကစားလောကကြီးတစ်ခုလုံးအတွက် လွန်စွာအရေးကြီးသော အမျိုးသားအဆင့် အားကစားဥပဒေ (National Sports Law) ရေးဆွဲလျက်ရှိပြီး အမြန်ဆုံးပြဋ္ဌာန်း ဆောင်ရွက်သွားနိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်သွားကြစေလိုပါကြောင်း၊

• “ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး” ဆောင်ပုဒ်ခေါင်းစဉ်ဖြင့် ပြည်သူအားလုံးကျန်းမာသန်စွမ်းရေးအတွက် ပြည်သူများအကြား အားကစားစိတ်ဓာတ်မြှင့်တင်ခြင်းလုပ်ငန်းများ၊ ကိုယ်လက်လှုပ်ရှားအားကစားကို ပြည်သူများ ပိုမိုပါဝင်ဆောင်ရွက်နိုင်စေရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် ပြည်သူများပိုမို ကျန်းမာသန်စွမ်းလာခြင်းနှင့် အားကစားပါရမီမြင့်မားသည့် မျိုးဆက်သစ်အားကစားသမားများလည်း ပေါ်ထွန်းလာနိုင်မည်ဖြစ်ပါကြောင်း၊

• တိုင်းဒေကြီး/ ပြည်နယ်များတွင် ပြည်သူများ ကိုယ်လက်လှုပ်ရှားအားကစားလေ့ကျင့်မှုကို ပိုမိုစိတ်ဝင်စား ဆောင်ရွက်နိုင်ကြရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးများက ဦးဆောင်နေရာမှ ဆက်လက်ပံ့ပိုးဆောင်ရွက်သွားကြရန် ဖြစ်ပါကြောင်း၊

• အားကစားလေ့ကျင့်မှုများကို သိပ္ပံနည်းကျနည်းစနစ်များဖြင့်လေ့ကျင့်နိုင်ရေးအတွက် အားကစားသိပ္ပံဘွဲ့ (B.Sc (Sports)) သင်တန်းများဖြင့် ပညာရှင်များမွေးထုတ်ပေးလျက် ရှိပြီဖြစ်ပြီး အဆိုပါ သင်တန်းများမှ သင်ရိုးညွှန်းတမ်းများ ပိုမိုကောင်းမွန်စေရေးအတွက် အကြံပြုချက်များလည်း ပေးအပ်စေလိုပါကြောင်း၊


 

• ကျောင်းနေအရွယ်ကလေးငယ်များ အားကစားကို စိတ်ပါဝင်စား၍ စနစ်တကျလေ့ကျင့်နိင်ရန်အတွက် ကာယပညာလေ့ကျင့်သင်ကြားခြင်း (physical education) များကိုလည်း ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊

• မျိုးဆက်သစ် အားကစားထူးချွန်သူများအနေဖြင့် အားကစားကိုသာ သီးသန့်အာရုံစိုက် ကြိုးစားနိုင်ပြီး အောင်မြင်မှုများတိုးတက်ရရှိစေရန်အတွက် အခြားပညာရေးဆိုင်ရာ စာပေသင်ကြားခြင်းများ မပြုလုပ်တော့ဘဲ အားကစားဆိုင်ရာပညာရပ်နှင့် လေ့ကျင့်မှု သီးသန့်ကိုသာ သင်ကြားလေ့ကျင့်ပေးခြင်းနှင့် ၎င်းတို့၏ရှေ့ရေးအနာဂတ် ခိုင်မာစေရေးကိုလည်း ပြုလုပ်ပေးခြင်းတို့ကို အားကစားနှင့်ကာယ ပညာသိပ္ပံကျောင်း (၁) ကျောင်းတွင် စတင်ဆောင်ရွက်၍ ထိုသို့ဆောင်ရွက်ခြင်းမှ အားသားချက်နှင့် အားနည်းချက်အတွေ့အကြုံများကို ရယူကာ နိုင်ငံတစ်ဝန်းလုံးရှိ အားကစားနှင့်ကာယပညာ သိပ္ပံကျောင်းများတွင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ အားကစားသမားများအားလုံးတွင် မူးယစ်ဆေးဝါး၊ တားမြစ်ဆေးဝါး၊ အရက်၊ ကွမ်းယာ၊ ဆေးလိပ်နှင့် ဆေးရွက်ကြီး ကင်းစင်ရေးကို အထူးအလေးထား ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် အားကစားအောင်နိုင်ရေး၊ ကျန်းမာသန်စွမ်းရေးတို့အတွက် အရေးကြီးသည့် အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း ဦးစားပေးသတ်မှတ် ဆောင်ရွက်လျက်ရှိပြီး ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကျောင်းနေအရွယ်ကလေးငယ်များ အာဟာရဖွံ့ဖြိုးရေး အပါအဝင် ကျောင်းကျန်းမာရေးလုပ်ငန်းများပိုမိုကောင်းမွန်တိုးတက်ရေး နှီးနှောဆွေးနွေး ဖလှယ်ပွဲကြီးတစ်ခုကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊


 

• အားကစားအောင်နိုင်ရေးအတွက် ကိုယ်ကာယပိုင်းတွင်သာမက စိတ်ပိုင်းဆိုင်ရာပါ အရေးကြီးသဖြင့် အားကစားဆိုင်ရာ စိတ်ပညာကိုလည်း အလေးထားဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊

• နိုင်ငံတကာ အားကစားပြိုင်ပွဲများမှ အောင်ပွဲရအားကစားသမားများ၏ ဘဝအနာဂတ်ခိုင်မာစေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေခြင်းနှင့် ရာထူးတိုးမြှင့်ပေးခြင်း၊ ဆုကြေးငွေများ တိုးမြှင့်ချီးမြှင့်ခြင်း စသည်တို့ကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊

• အားကစားနည်းပြများ၏ အရည်အသွေးတိုးတက်မြင့်မားရေးကိစ္စရပ်များကိုလည်း မူဘောင်ချမှတ်ကာ မဟာဗျူဟာရေးဆွဲ၍ ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊

• Healthy Myanmar Seminar (Exercise is Medicine) နှင့် National Sports Seminar တို့မှ ဆွေးနွေးအကြံပြုချက်များနှင့် လုပ်ဆောင်ရန်အချက်များကို ဦးစားပေးအဆင့်အလိုက် သတ်မှတ်၍ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲများကို ကျင်းပရေးနှင့် နောက်အဆင့်အနေဖြင့် အမျိုးသားအဆင့် ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် အကြံပြုချက်များကိုလည်းပေးအပ်စေလိုပါကြောင်း၊

• မြန်မာနိုင်ငံအိုလံပစ်ကော်မတီကို ဖွဲ့စည်းပြီးနောက် ကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းစုစည်း ညီညာစွာဖြင့် မြန်မာနိုင်ငံအားကစားလောကကြီးတစ်ခုလုံး ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကြံပြုချက်များပေးအပ်ခြင်းနှင့် လုပ်ငန်းများဆောင်ရွက်ခြင်းတို့ကိုလုပ်ဆောင် သွားရန်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

     ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသား အိုလံပစ်ကောင်စီ အတွင်းရေးမှူး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ပြန်လည်ဖွဲ့စည်းခြင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး အားကစားနှင့်ကာယပညာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က (၃၀) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

     ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အားကစားအဖွဲ့ချုပ် (၄၂) ဖွဲ့မှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များက မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ပြန်လည်ဖွဲ့စည်းရေးနှင့် (၃၀) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်နိုင်ရေးတို့အတွက် အဖွဲ့ချုပ် တစ်ခုချင်းစီအလိုက် တင်ပြမှုနှင့်ဘက်စုံအကြံပြုဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးက အသေးစိတ်ပြန်လည်ဆွေးနွေးခဲ့ပါသည်။

     အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

 
 

More Tags