NOW LOADING

မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားကောင်စီ ပထမအကြိမ် စုံညီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

ရန်ကုန်               စက်တင်ဘာလ (၉) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် သူနာပြုတက္ကသိုလ် (ရန်ကုန်) တွင် ကျင်းပပြုလုပ်ခဲ့သော မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီ ပထမအကြိမ် စုံညီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။


 

     ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် -

• သူနာပြုနှင့် သားဖွား အလုပ်သည် စေတနာ၊ ဝါသနာတို့ကို အရင်းပြု၍ ကိုယ်ကျိုးစွန့် ပေးဆပ်အနစ်နာခံကာ လူသားများကို ကူညီဆောင်ရွက်သည့် မွန်မြတ်သော အလုပ်ဖြစ်သဖြင့် သူနာပြုနှင့် သားဖွားများကို အထူးဂုဏ်ပြုပါကြောင်း၊

• မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီ အနေဖြင့် မွေးထုတ်ထားသော သူနာပြုနှင့် သားဖွားများ၏ အရည်အသွေး၊ စည်းကမ်းလိုက်နာမှု၊ ကိုယ်ကျင့်တရားကောင်းမွန်မှုတို့ကို ထိန်းသိမ်းဆောင်ရွက်ရန် တာဝန်ရှိပါကြောင်း၊

• ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုနှင့် အတူ မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားကောင်စီသည်လည်း ဒီမိုကရေစီ စံချိန်၊ စံညွှန်းများနှင့် ကိုက်ညီစွာဖြင့် ဖွဲ့စည်းနိုင်ခဲ့သည်ကိုတွေ့ရှိရကြောင်း၊

• ကောင်စီအနေဖြင့် သူနာပြုနှင့် သားဖွားကဏ္ဍ ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှု အတွက် ရှေ့ဆက်ဆောင်ရွက်ရာတွင် ပြည်သူနှင့်အတူ စုစည်းဆောင်ရွက်နိုင်စေရန် ဆန္ဒပြုပါကြောင်း ပြောကြားခဲ့ပါသည်။


 

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီ ဥပဒေကို (၂၀၁၅) ခုနှစ်၊ မေလ (၁၉) ရက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုး ပြဌာန်းခဲ့ပြီး ထွက်ပေါ်လာသော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ (၂၀၁၈) ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့တွင် ဗဟိုကောင်စီဝင် (၆၀) ဦးကို ရွေးချယ်တင်မြှောက်ခန့်အပ်နိုင်ခဲ့ကြောင်း၊

• မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီ ဥပဒေ ပုဒ်မ (၁၅)၊ ပုဒ်မခွဲ (က)နှင့် (ခ)တို့အရ ကောင်စီသည် မိမိ၏လုပ်ငန်းတာဝန်များကို ကောင်စီကိုယ်စား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကောင်စီဝင်များအနက်မှ

- ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (၁၅) ဦး

- သူနာပြုသားဖွားအတတ်ပညာနှင့် စံချိန်စံညွှန်းသတ်မှတ်ရေး လုပ်ငန်းကော်တီ၊

- သူနာပြုသားဖွားပညာရေးနှင့် လုပ်ငန်းအရည်အသွေးအာမခံမှုအကဲဖြတ်ရေး လုပ်ငန်းကော်မတီ၊

- သူနာပြုသားဖွား ကျင့်ဝတ်သိက္ခာ ထိန်းသိမ်းရေး လုပ်ငန်းကော်မတီ၊

- သူနာပြုသားဖွား စည်းကမ်းထိန်းသိမ်းရေးနှင့် ကြီးကြပ်ရေးလုပ်ငန်းကော်မတီ အပါအဝင် လုပ်ငန်းကော်မတီများနှင့်

- တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ကြီးကြပ်ရေးအဖွဲ့များကို

စုံညီအစည်းအဝေးကျင်းပကာ အတည်ပြုရွေးချယ်ဖွဲ့စည်းရမှာဖြစ်ပါကြောင်း၊


 

• ထိုကဲ့သို့ လုပ်ငန်းကော်မတီများဖွဲ့စည်းပြီးနောက် လုပ်ငန်းများကို အရှိန်အဟုန်မြင့်မားစွာနဲ့ဆောင်ရွက်လာနိုင်မှာဖြစ်ကြောင်း၊

• ယနေ့ကျင်းပပြုလုပ်သော စုံညီအစည်းအဝေးတွင် ကောင်စီ၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်သွားမည်ဟုသိရှိရကြောင်း၊

• ကောင်စီအနေဖြင့် နိုင်ငံတကာမှ သူနာပြုနှင့် သားဖွားအဖွဲ့အစည်းများနှင့် ဆက်သွယ် ဆောင်ရွက်ရန်လိုကြောင်း၊

• ကောင်စီအနေဖြင့် သူနာပြုနှင့် သားဖွားများ၏ အရည်အသွေးပိုမိုမြင့်မားရေး၊ ကျင့်ဝတ်စည်းကမ်းများနှင့် ညီညွတ်စေရေးတို့ကို အထူးအလေးထားပံ့ပိုး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊

• ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် သူနာပြုနှင့် သားဖွားများသည် ဆရာဝန်များ အခြားကျန်းမာရေးဝန်ထမ်းများနှင့် တန်းတူအရေးကြီးသဖြင့် ဝန်ကြီးဌာနအနေဖြင့် သူနာပြုနှင့်သားဖွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊

ရာထူးအခွင့်အလမ်းတိုးတက်ရေးတို့ကို အလေးပေးဆောင်ရွက်လျက်ရှိပြီး သူနာပြု၊ သားဖွားဒီပလိုမာသင်တန်း၊ အထူးပြုသူနာပြု ဒီပလိုမာ သင်တန်း၊ သူနာပြုသိပ္ပံ (ပေါင်းကူး) Off-Campus Program၊ သူနာပြုသိပ္ပံ (ပေါင်းကူး) On-Campus Program၊ သူနာပြုသိပ္ပံသင်တန်း တို့ဖြင့် သင်ကြားမွေးထုတ်ပေးလျက်ရှိကြောင်း၊

• လက်ရှိအခြေအနေတွင် သူနာပြုအင်အားနည်းပါးလျက်ရှိပြီး လိုအပ်ချက် များပြားလျက်ရှိခြင်းကြောင့် ဝန်ကြီးဌာနအနေဖြင့် သူနာပြုသင်တန်းကျောင်းများတွင် ယခင်နှစ်များက နှစ်စဉ်သင်တန်းသား (၁၈၀၀) ဦးသာ ခေါ်ယူရာမှ ယခု (၂၀၁၈) ခုနှစ်တွင် (၃၆၀၀)ဦး တိုးမြှင့်ခေါ်ယူသွားမည်ဖြစ်ကြောင်း၊

• မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီသည် မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားအသင်းနှင့် ပူးပေါင်း၍ သူနာပြုနှင့် သားဖွားများ အရည်အသွေးပိုမိုမြင့်မားရေး၊ စဉ်ဆက်မပြတ်ပညာသင်ကြားနိုင်ရေးတို့ကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊

• သူနာပြုနှင့် သားဖွားများအနေဖြင့်လည်း အဓိက ပင်မကျသော ကျွမ်းကျင်တတ်မြောက်မှု အရည်အချင်းစံသတ်မှတ်ချက် (Core competency standard) (၁၁)ချက် ပြည့်မီစေရေးကိုလည်း ကြိုးစားကြစေလိုကြောင်း၊

• မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီ အနေဖြင့် စုပေါင်းညီညာစွာဖြင့် အဖွဲ့အစည်းစိတ်ဓာတ်၊ အပြန်အလှန်လေးစားမှု၊ အပြန်အလှန်နားလည်မှု၊ ညှိနှိုင်းဆောင်ရွက်မှုတို့ဖြင့် သူနာပြုနှင့် သားဖွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ဆောင်ရွက်သွားစေလိုပြီး ဝန်ကြီးဌာနအနေဖြင့်လည်း အတတ်နိုင်ဆုံး ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

     အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့ ဥက္ကဌ၊ မြန်မာနိုင်ငံဆေးကောင်စီ ဥက္ကဌ၊ မြန်မာနိုင်ငံဆရာဝန်အသင်း ဥက္ကဌ၊ မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွား အသင်း ဥက္ကဌ၊ သူနာပြုသင်တန်းကျောင်းများနှင့် သားဖွားသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ သူနာပြုများ၊ သားဖွားဆရာမများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၇၀၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။


 

     စက်တင်ဘာလ (၈) ရက်နေ့၊ ညနေပိုင်းတွင် မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီ ပထမအကြိမ် စုံညီအစည်းအဝေး အထိမ်းအမှတ်ဂုဏ်ပြု ညစာစားပွဲကို သူနာပြုတက္ကသိုလ် (ရန်ကုန်)၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးတက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီဖြစ်မြောက်ရေးကော်မတီ၊ အငြိမ်းစားကိုယ်စားလှယ်ရွေးချယ်ရေးအဖွဲ့မှ ပုဂ္ဂိုလ်ကြီးများအား ဂုဏ်ပြုမှတ်တမ်းများပေးအပ်ခဲ့ပါသည်။

 

 
 
 
 
 

More Tags