NOW LOADING

မြန်မာနိုင်ငံ လူထုအခြေပြု ကင်ဆာရောဂါ စာရင်းကောက်ယူခြင်းလုပ်ငန်း လက်ရှိဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ မတ်လ (၁၂)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် မင်္ဂလာသီရိဟိုတယ်၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သော မြန်မာနိုင်ငံလူထုအခြေပြုကင်ဆာရောဂါ စာရင်းကောက်ယူ ခြင်းလုပ်ငန်း လက်ရှိဆောင်ရွက် ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကားပြောကြားရာတွင် -

• လူအင်အား၊ ပစ္စည်းကိရိယာနှင့် ဘဏ္ဍာငွေအပါအဝင် အရင်းအမြစ်များ ရင်းနှီးမြုပ်နှံမှု၊ ခွဲဝေချထားမှုများ အကျိုးထိရောက် မှန်ကန်စေရေး၊ လုပ်ငန်းဦးတည်ချက်များ၊ စီမံချက်များနှင် မဟာဗျူဟာများ မှန်ကန်စေရေး တို့အတွက် မှန်ကန်တိကျသည့် စာရင်းဇယားနှင့် သတင်းအချက်အလက်များ ရရှိရေးမှာ အထူးအရေးကြီးပါကြောင်း၊


 

• ယခုကဲ့သို့ လူထုအခြေပြု ကင်ဆာရောဂါ စာရင်းကောက်ယူခြင်း (Population Based Cancer Registry) ကို ဆောင်ရွက်နိုင်ခြင်းဖြင့် မည်သည့် ကင်ဆာရောဂါအမျိုးအစားသည် မည်သည့်နေရာဒေသ၊ မည်သို့သောသူများတွင်၊ မည်မျှပမာဏဖြစ်ပွားနေသည်ကို တိကျစွာ သိရှိနိုင်ပြီး ကင်ဆာရောဂါကာကွယ်တားဆီးခြင်းနှင့် ကုသရေးခြင်းလုပ်ငန်း များကို စနစ်ကျစွာဖြင့် မဟာဗျူဟာများနှင့် စီမံချက်များ ချမှတ်ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း၊

• ကင်ဆာရောဂါ အမျိုးမျိုးသည် ကြိုတင်ကာကွယ်နိုင်ပြီး အချို့သော ကင်ဆာရောဂါများသည် ရောဂါဖြစ်ပွားမှု အဆင့် မမြင့်မားမီ ကင်ဆာရောဂါ အကြိုအဆင့်ကို သိရှိ၍ စနစ်တကျ ကုသမှုခံယူပါက ပျောက်ကင်းနိုင်ပါကြောင်း၊

• ကင်ဆာရောဂါဖြစ်ပွားသူများကို ကုသမှုပေးခြင်းတစ်မျိုးတည်းကိုသာ ဆောင်ရွက်ပါက ကင်ဆာရောဂါ ဖြစ်ပွားသူ အရေအတွက် တစ်စထက်တစ်စပိုမိုများပြားလာကာ ရေရှည်တွင် မည်သို့မျှအောင်မြင်စေရေး ဆောင်ရွက်နိုင်မည် မဟုတ်သဖြင့် ကင်ဆာရောဂါကြိုတင်ကာကွယ် တားဆီးရေးလုပ်ငန်းများကို အထူးအလေးပေးဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊


 

• ဝန်ကြီးဌာနအနေဖြင့် ဈေးနှုန်းမြင့်မားသည့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ကိုလည်း Gavi အဖွဲ့၏ ပံ့ပိုးမှုဖြင့် (၂၀၂၀)ခုနှစ်၊ နှစ်ဦးတွင် စတင်ထိုးနှံပေးသွားမည် ဖြစ်ပါကြောင်း၊

• ပြည်သူများ ကင်ဆာရောဂါကို ကြိုတင်ကာကွယ်နိုင်ရန်၊ ရောဂါ၏ ရှေ့ပြေးလက္ခဏာများနှင့် ရောဂါဖြစ်ပွားစ လက္ခဏာများကို သိရှိနိုင်ရန်နှင့် စနစ်တကျကုသမှုခံယူနိုင်ရန်တို့အတွက် ကျန်းမာရေးအသိပညာများကို ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာနှင့် လူမှုကွန်ရက်စာမျက် နှာများမှလည်းကောင်း၊ ကျန်းမာရေးဝန်ထမ်းများက ဝန်ကြီးဌာနမှ ဖြန့်ဝေထားသော ကျန်းမာရေးစောင့်ရှောက်မှု အထောက်အကူပြု Mobile Tablet များကို အသုံးချကာ ပြည်သူများအကြားကျန်းမာရေးစကားဝိုင်းများ ပြုလုပ်၍လည်းကောင်း အသိပညာ ဖြန့်ဝေပေးလျက်ရှိပါကြောင်း၊


 

• လက်ရှိတွင် လူထုအခြေပြု ကင်ဆာရောဂါ စာရင်းကောက်ယူခြင်းလုပ်ငန်းများကို နိုင်ငံတစ်ဝန်းရှိ ဆေးရုံ (၁၁၄၄)ရုံ တွင် တိုးချဲ့၍ စတင်ဆောင်ရွက်နိုင်ရန်အတွက် စာရင်းကောက်ယူ ပေးပို့ရန် ပုံစံ (format) ကိုပြုစု ဖြန့်ဝေသွားရမည် ဖြစ်ပါကြောင်း၊

• ကောက်ယူရရှိသော စာရင်းဇယားများကို လက်တွေ့လုပ်ငန်းများ ရေးဆွဲဆောင်ရွက်ရာတွင် အသုံးချနိုင်သည့် သတင်း အချက်အလက်များဖြစ်ပေါ်စေရေးအတွက် စနစ်တကျ ဆန်းစစ်သုံးသပ်ခြင်း (analysis)နှင့် စာရင်းဇယားပေးပို့သူများ ထံသို့ တုံ့ပြန်သုံးသပ်ချက် (feedback) ပေးပို့ခြင်းတို့ကိုလည်း ဦးစားပေး၍ ပုံမှန်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• လူထုအခြေပြု ကင်ဆာရောဂါ စာရင်းကောက်ယူခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ အခြေခံကျန်းမာရေးတက္ကသိုလ်နှင့် ဆေးတက္ကသိုလ်များတွင် ပိုမိုထည့်သွင်း သင်ကြားရမည်ဖြစ်ပါကြောင်း၊


 

• ပြည်သူ့ကျန်းမာရေးတက္ကသိုလ်မှ ပညာရှင်များနှင့် ဘွဲ့လွန်ကျောင်းသား/သူများ အနေဖြင့်လည်း လူဦးရေအခြေပြု ကင်ဆာရောဂါ စာရင်းကောက်ယူခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ကြ စေလိုပါကြောင်း၊

• ပုဂ္ဂလိကဆေးရုံများအနေဖြင့်လည်း ကင်ဆာရောဂါကုသမှုခံယူမှု စာရင်းဇယားများကိုပေးပို့ ကြရမည်ဖြစ်ပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများ အနေဖြင့် လူဦးရေအခြေပြု ကင်ဆာရောဂါ စာရင်းကောက်ယူခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ပိုမိုသိရှိဆောင်ရွက်နိုင်ရေးကိုလည်း ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊

• လူဦးရေအခြေပြု ကင်ဆာရောဂါ စာရင်းကောက်ယူခြင်းလုပ်ငန်းများကို စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ သူများနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လက်တွဲပံ့ပိုးပေးလျက်ရှိသည့် Vital Strategies, National Cancer Center (Japan), Ta Ta Memorial Center အဖွဲ့တို့ကိုလည်း ကျေးဇူးတင်ရှိပြီး လုပ်ငန်းများ ပိုမိုကောင်းမွန် အောင်မြင်နိုင်စေရေးအတွက် အကြံပြုချက်များကိုလည်း ဝိုင်းဝန်းပေးအပ်စေလိုပါကြောင်း ပြောကြားခဲ့ပါသည်။


 

    ထို့နောက် ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကံကောင်း (မကူးစက်)က လူဦးရေအခြေပြု ကင်ဆာရောဂါစာရင်း ကောက်ယူခြင်းဆိုင်ရာလုပ်ငန်း၏ နောက်ခံအကြောင်း၊ အောင်မြင်မှုနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသော အခက်အခဲများကို လည်းကောင်း၊

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ကင်ဆာရောဂါဆေးပညာဌာနမှ ပါမောက္ခ ဒေါက်တာခင်သင်းမူ က ရန်ကုန်တိုင်း ဒေသကြီးတွင် ဆောင်ရွက်ထားရှိသော လူဦးရေအခြေပြု ကင်ဆာရောဂါ စာရင်းကောက်ယူခြင်း လုပ်ငန်းမှ ရရှိထား သော ကနဦးအချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုမည့် စံလုပ်ထုံးလုပ်နည်း လမ်းညွှန်အား လည်းကောင်း၊

International Association of Cancer Control and Informative Services, National Cancer Center (Japan) ၏ ဉက္ကဌ Professor Tomohiro Matsuda က ဂျပန်နိုင်ငံတွင် ကင်ဆာရောဂါ စာရင်းကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများပေါ်မူတည်၍ မြန်မာနိုင်ငံကင်ဆာရောဂါ စာရင်းကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရေးအဆိုပြု လုပ်ငန်းစဉ်များနှင့် အကြံပြုချက်များကို လည်းကောင်း အသီးသီး တင်ပြဆွေးနွေးခဲ့ကြပါသည်။


 

    ဆက်လက်၍ အစည်းအဝေးပွဲသို့ တက်ရောက်လာကြသူများက မြန်မာနိုင်ငံ လူဦးရေ အခြေပြု ကင်ဆာရောဂါ စာရင်းကောက်ယူခြင်းဆိုင်ရာ ပတ်သက်၍ လက်ရှိဆောင်ရွက် ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် များအတွက် ပိုမိုကောင်းမွန်တိုးတက်စေရေးအတွက် အကြံပြုဆွေးနွေးမှုများလုပ်ဆောင်ခဲ့ကြပါသည်။

   အဆိုပါ ဆွေးနွေးပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခများ၊ အထူးကု ဆရာဝန်ကြီးများ၊ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း ပြည်ပမှ ပညာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၄၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်

More Tags