NOW LOADING

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ကောက်ယူခဲ့သည့် မြန်မာနိုင်ငံ အဏုအာဟာရနှင့် အစာစားသုံးမှုအခြေအနေလေ့လာရေးစစ်တမ်း ကနဦးရလဒ်များ၏ အစီရင်ခံစာဖြန့်ဝေခြင်း အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ ဖေဖော်ဝါရီလ (၆)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် မင်္ဂလာသီရိဟိုတယ်၊ နေပြည်တော်၌ ကျင်းပခဲ့သည့် နေပြည်တော် ကောင်စီဝင်၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ လူမှုရေးဝန်ကြီး (၁၁)ဦး၊ နှီးနွယ်ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သော “မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် အဖြစ်ကောက်ယူခဲ့သည့် မြန်မာနိုင်ငံ အဏုအာဟာရနှင့် အစာစားသုံးမှု အခြေအနေ လေ့လာရေးစစ်တမ်း ကနဦးရလဒ်များ၏ အစီရင်ခံစာကို ဖြန့်ဝေခြင်း အလုပ်ရုံဆွေးနွေးပွဲ” (dissemination workshop on interim report of Myanmar micronutrient and food consumption survey) အခမ်းအနား သို့ တက်ရောက်ခဲ့ပါသည်။


 

     ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ -

• ယခုအလုပ်ရုံဆွေးနွေးပွဲတွင် ယခုကဲ့သို့ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးများ၊ နှီးနွယ်ဌာနဆိုင်ရာများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများနှင့် INGO/NGO အားလုံး တက်ရောက်ခြင်းသည် စစ်တမ်းကနဦးရလဒ်များ၊ ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အားလုံးသိရှိစေပြီး စုပေါင်းဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊

• စစ်တမ်းမှ တွေ့ရှိချက်နှင့် ရလဒ်များသည် မြန်မာနိုင်ငံရှိ ပြည်သူများ၏ လက်ရှိ အာဟာရ အခြေအနေဆိုင်ရာ အခြေခံ အချက်အလက်များအဖြစ် အသုံးချနိုင်မည်ဖြစ်ပြီး လက်ရှိ ဆောင်ရွက်လျက်ရှိသော မဟာဗျူဟာများ၊ လုပ်ငန်းစဉ်များ၏ အကျိုးသက်ရောက်မှုကို ဆန်းစစ်နိုင်ကာ လိုအပ်ချက်ရှိသည့်လုပ်ငန်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အထူးဦးစားပေးအဖြစ် အားဖြည့်ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊

• စစ်တမ်းပါ တွေ့ရှိချက်များအပေါ် မူတည်ပြီး ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသားအာဟာရဖွံ့ဖြိုးမှုဆိုင်ရာ ငါးနှစ်စီမံကိန်း (Multi-sectoral National Plan of Action on Nutrition: MS-NPAN)၏ ပထမ တစ်နှစ်တာအတွင်း အရှိန်အဟုန်မြှင့် ဦးစားပေးဆောင်ရွက်မည့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ (Inception phase activities of MS-NPAN) ကို အောင်မြင်ပြီး မြောက်စေရန်အတွက် ဆောင်ရွက်သွားတော့ မည်ဖြစ်ပါကြောင်း၊

• လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း အကျိုးရှိထိရောက်မှု၊ လိုအပ်ချက်နှင့် အားနည်းချက်များကို အချိန်နှင့် တစ်ပြေးညီသိရှိနိုင်ကာ လိုအပ်သလို မွမ်းမံသွားနိုင်ရန် ဆန်းစစ်အကဲဖြတ်မှုများကို checklist များ အသုံးပြုဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊


 

• လုပ်ငန်းများပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် အသုံးချသုတေသနများ တွဲဖက်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

• စစ်တမ်းတွေ့ရှိချက်၏ အနှစ်ချုပ်အနေဖြင့် (၅) နှစ်အောက်ကလေးများတွင် ကာလတာရှည် အာဟာရချို့တဲ့မှုကြောင့် ပုညှက်ခြင်းမှာ (၂၆.၇)%၊ လတ်တလောအာဟာရချို့တဲ့မှုကြောင့် ပိန်လှီခြင်းမှာ (၆.၇)%၊ သွေးအားနည်းခြင်းမှာ (၃၆)% ရှိနေပြီး မူလတန်းအရွယ် ကလေးများတွင် ပုညှက်ခြင်းမှာ (၂၂)%၊ သွေးအားနည်းခြင်းမှာ (၅၁)% ရှိကာ အပျိုဖော်ဝင် အရွယ်မိန်းကလေးများတွင် ပုညှက်ခြင်းမှာ (၂၄)% နှင့် သွေးအားနည်းခြင်းမှာ (၂၉)%ရှိပါကြောင်း၊

• ကိုယ်ဝန်ဆောင်မိခင်များတွင် သွေးအားနည်းခြင်းမှာ (၄၀)% ရှိပြီး နို့တိုက်မိခင်များတွင် သွေးအားနည်းခြင်းမှာ (၃၅)%ရှိကာ (၁၅)နှစ်မှ(၄၉)နှစ်အရွယ်အမျိုးသမီးများတွင် သွေးအားနည်းခြင်းမှာ (၃၀)% အသီးသီးရှိနေသည်ကို တွေ့ရှိရပါကြောင်း၊


 

• ယခုစစ်တမ်း ကနဦးရလဒ် တွေ့ရှိချက်များအရ လက်ရှိအခြေအနေကို အမျိုးသားအဆင့် အာဟာရဆိုင်ရာ အရေးပေါ်အခြေအနေဟုပင် ခေါ်ဆိုရမည်ဖြစ်ပါကြောင်း၊

• အာဟာရဖွံ့ဖြိုးမှုသည် နိုင်ငံသားတိုင်း၏ ကိုယ်ကာယကျန်းမာသန်စွမ်းရေးအတွက် သာမက ဉာဏစွမ်းအား ပြည့်ဝမြင့်မားရေးအတွက်ပါ အရေးအကြီးဆုံးသော အချက်ပင်ဖြစ်ပါကြောင်း၊

• အာဟာရဆိုင်ရာ ကျန်းမာရေးပြဿနာများအဖြစ် အာဟာရချို့တဲ့ခြင်း၊ အဝလွန်ခြင်း၊ အဏုအာဟာရမပြည့်ဝခြင်းနှင့် အဏုအာဟာရပိုမို၍ စားသုံးမိခြင်းဟူ၍ အကြမ်းဖျဉ်းရှိပြီး မည်သူတွင်မဆို ဖြစ်ပွားနိုင် ပါကြောင်း၊


 

• ကိုယ်ဝန်ဆောင်မိခင်များတွင် အာဟာရချို့တဲ့မှုကြောင့် သန္ဓေသားကိုပါထိခိုက်နိုင်ပြီး နို့တိုက်မိခင်များအနေဖြင့် အာဟာရချို့တဲ့ပါက ကလေးငယ်တွင်ပါ အာဟာရချို့တဲ့ကာ ဉာဏ်ရည်ပိုင်းဆိုင်ရာနှင့် ကိုယ်ခန္ဓာပိုင်းဆိုင်ရာ မဖွံ့ဖြိုးခြင်းနှင့် ကိုယ်ခံအားမကောင်းသဖြင့် ရောဂါကူးစက်ဖြစ်ပွားမှု များပြားချူခြာခြင်းတို့ ဖြစ်ပွားမည်ဖြစ်ပါကြောင်း၊

• ကာလတို အာဟာရချို့တဲ့မှုကြောင့် ပိန်လှီခြင်းမှာ အာဟာရစောင့်ရှောက်ကုသမှုဖြင့် ကုစားနိုင်ပြီး ကာလရှည် အာဟာရချို့တဲ့မှုကြောင့် ရှိသင့်သည့် အရပ်ထက်ပုညှပ်ခြင်းတွင်မူ အခြားကျန်းမာရေးပြဿနာများ ကို ကုစားနိုင်သော်လည်း အရပ်ပုညှပ်ခြင်းကို ပြန်လည် ကောင်းမွန်စေရန် လုပ်ဆောင်၍မရပါကြောင်း၊

• အာဟာရချို့တဲ့မှုများကို မဖြစ်ပွားစေရန် ကာကွယ်ခြင်းနှင့် တတ်နိုင်သမျှ စောစီးစွာ ကုသမှုပေးခြင်းတို့သည် အဓိကကျပါကြောင်း၊

• အာဟာရဖွံ့ဖြိုးမှု မြှင့်တင်ရေးလုပ်ငန်းများသည် ကဏ္ဍပေါင်းစုံပါဝင်သည့် ကွင်းဆက် လုပ်ငန်းကြီးဖြစ်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တစ်ခုတည်းမှ လုပ်ဆောင်၍ မရဘဲ နှီးနွယ်ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများအားလုံးမှ သက်ဆိုင်ရာအခန်းကဏ္ဍများကို တာဝန်ခွဲဝေသတ်မှတ်၍ ဝိုင်းဝန်းလုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း၊


 

• စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ကာ အာဟာရပြည့်ဝ၍ ဘေးအန္တရာယ်ကင်းသော ဒေသထွက် ဟင်းသီး ဟင်းရွက်၊ အသား၊ ငါး စသည့် အစားအစာများ ဈေးနှုန်းချိုသာစွာဖြင့် ပိုမို လက်လှမ်းမီ ရရှိနိုင်စေရေး၊

• ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းနေအရွယ်ကလေးငယ်များတွင် အာဟာရနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများတိုးမြှင့်ရေး၊ ကျောင်းမုန့်ဈေးတန်းများတွင် အာဟာရတန်ဖိုး မရှိသော စားသောက် ကုန်များရောင်းချခြင်းကို တားမြစ်ခြင်းနှင့် အာဟာရပြည့်ဝ အန္တရာယ်ကင်းသော စားသောက်ကုန်များရောင်းချရေးတို့ကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်ရန် ဖြစ်ပါကြောင်း၊

• လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ရက် (၁၀ဝ၀) စီမံကိန်းဖြင့် မိခင်များနှင့် မွေးကင်းစကလေးငယ်များ အာဟာရပြည့်ဝသော အစားအစာများ ဝယ်ယူစားသောက် နိုင်ရေးအတွက် ငွေကြေးပံ့ပိုးပေးခြင်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊


 

• တိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း အစိုးရအဖွဲ့များ၏ ကူညီပံ့ပိုးမှုကိုရယူ၍ မိမိတို့၏ သက်ဆိုင်ရာနေရာဒေသအလိုက် စစ်တမ်းပါ အာဟာရဖွံ့ဖြိုးမှုဆိုင်ရာ အခြေအနေများကို ဆန်းစစ်သုံးသပ်၍ လုပ်ငန်းစဉ်များ ယခုထက်ပိုမိုအားဖြည့်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

• INGO/ NGO များအနေဖြင့်လည်း သက်ဆိုင်ရာ အဖွဲ့အစည်း၏ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်များအလိုက်၊ လုပ်ငန်းကဏ္ဍများအလိုက် ဝန်ကြီးဌာန ပိုမိုပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် အာဟာရဆိုင်ရာကျန်းမာရေးအသိပညာပေးခြင်း၊ အာဟာရဖွံ့ဖြိုးမှုဆိုင်ရာ စစ်တမ်းများ လေ့လာကောက်ယူခြင်း၊ အားကစားလေ့ကျင့်မှုနှင့် အာဟာရဖွံ့ဖြိုးမှု ချိတ်ဆက်ဆောင်ရွက်ခြင်း၊ အာဟာရစောင့်ရှောက်မှုပေးခြင်းနှင့် ကုသမှုပေးခြင်း၊ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု၊ ကလေးအသက် (၆)လအထိ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးရေး စသည်တို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊


 

• စစ်တမ်းပါ အချက်အလက်များကို မူတည်ပြီး ပြည်သူများ အာဟာရပြည့်ဝ၍ ဘေးအန္တရာယ်ကင်းသော ဒေသထွက် အစားအစာများကို ဈေးနှုန်းချိုသာစွာဖြင့် ပိုမို လက်လှမ်းမီရရှိ စားသုံးနိုင်စေရေး၊ ကျောင်းနေ အရွယ်ကလေးငယ်များ အာဟာရပြည့်ဝသော စားသောက်ကုန်များကို စားသုံးနိုင်ရေး၊ ပြည်သူများ ကျန်းမာရေးအသိပညာကြွယ်ဝပြီး အာဟာရပြည့်ဝသော စားသောက်ကုန်များကို ရွေးချယ်စားသုံးနိုင်ရေးတို့ကို အားလုံးစုစည်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ) ဒေါက်တာမြင့်မြင့်သန်းက မြန်မာနိုင်ငံအဏုအာဟာရနှင့် အစာစားသုံးမှုအခြေအနေ လေ့လာရေး စစ်တမ်းကောက်ယူရန် ပြင်ဆင်ခြင်းလုပ်ငန်း အဆင့်ဆင့်အား ရှင်းလင်းတင်ပြခဲ့ပါသည်။

     ထို့နောက် ဒုတိယညွှန်ကြားရေးမှူး/ စီမံချက်မန်နေဂျာ (အာဟာရဖွံ့ဖြိုးရေးနှင့် သုတေသန) ဒေါက်တာလွင်မာလှိုင်က မြန်မာနိုင်ငံ အဏုအာဟာနှင့် အစာစားသုံးမှုအခြေအနေ လေ့လာရေး စစ်တမ်းနိဒါန်း၊ စစ်တမ်းကောက်ယူခြင်းနည်းလမ်းများနှင့် ကနဦးရလဒ်များအား အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပါသည်။

     ယင်းနောက် ညွှန်ကြားရေးမှူး (ဆေးသုတေသနဦးစီးဌာန) ဒေါက်တာသီင်္ဂီသွင်နှင့် ဒုတိယညွှန်ကြားရေးမှူး (အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန) ဒေါက်တာဆွေဆက်တို့က မြန်မာနိုင်ငံ အဏု အာဟာရနှင့် အစာစားသုံးမှု အခြေအနေ လေ့လာရေးစစ်တမ်းမှ သွေး၊ ဆီး၊ ဝမ်းနမူနာများအား ဓာတ်ခွဲစစ်ဆေးမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။

     အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို အသီးသီး မေးမြန်းခဲ့ပြီး အပြန်အလှန်ဆွေးနွေးခြင်းနှင့် အကြံပြုချက်များပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြကာ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ပါသည်။

     အဆိုပါ စစ်တမ်းကို နိုင်ငံတွင်း ပြည်သူများ၏ အာဟာရအခြေအနေ၊ အစာစားသုံးမှု အခြေအနေများကို သိရှိနိုင်ရန်၊ ရရှိလာသော ရလဒ်များနှင့် တွေ့ရှိချက်များ အပေါ်မူတည်၍ ပြည်သူများအတွင်း အာဟာရချို့တဲ့ခြင်း၊ အာဟာရလွန်ကဲခြင်း ပြဿနာများကို ထိရောက်စွာ ကာကွယ်ကုသနိုင်ရန်၊ လက်ရှိဆောင်ရွက်နောသော အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ၏ အကျိုးသက်ရောက်မှုကို ဆန်းစစ်သုံးသပ်နိုင်ရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် ကောက်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။


 

     အဆိုပါ စစ်တမ်းသည် ပြည်သူများ၏ အာဟာရအခြေအနေကို ပြည့်စုံစွာသိရှိနိုင်ရန် လေ့လာထားရှိသော ပထမစစ်တမ်းဖြစ်ပြီး electronic data collection နည်းဖြင့် စာရင်းကောက်ယူခဲ့သော ပထမဆုံး စစ်တမ်းလည်းဖြစ်ကာ စစ်တမ်းတွင် အသက် (၅)နှစ်အောက် ကလေးများ၊ (၅)နှစ်မှ (၉)နှစ် အရွယ်ကလေးများ၊ (၁၀)နှစ်မှ (၁၄)နှစ် အတွင်း အပျိုဖော်ဝင် အရွယ်မိန်းကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များ၊ အသက် (၁၅)နှစ်မှ (၄၉)နှစ်အရွယ် အမျိုးသမီးများနှင့် အမျိုးသားများ အစရှိသည့် အသက်အုပ်စုများစွာ၏ အာဟာရအခြေအနေများကို လေ့လာခဲ့ခြင်းဖြစ်ပါသည်။

     အလုပ်ရုံဆွေးနွေးပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များမှ လူမှုရေးဝန်ကြီးများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သုတေသနနည်းပညာ ကော်မတီဝင်များ ဖြစ်သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ် အာဟာရလေ့ကျင့်ကွပ်ကဲရေးအဖွဲ့ဝင်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အလှူရှင်နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၁၃၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

More Tags