NOW LOADING

မကူးစက်နိုင်သောရောဂါများနှင့်ပတ်သက်၍ အသိပေးဆွေးနွေးတင်ပြခြင်း အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

နေပြည်တော်၊ စက်တင်ဘာ (၁၂) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် စက်တင်ဘာ (၁၁) ရက်၊ နေ့လယ်ပိုင်းတွင် လွှတ်တော်ဝင်း၊ သဘင်ဆောင်၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သော မကူးစက်နိုင်သောရောဂါများနှင့် ပတ်သက်၍ အသိပေးဆွေးနွေးတင်ပြခြင်း အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။


 

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• ယခုအခါတွင် သွေးတိုးရောဂါ၊ ဆီးချို/ သွေးချိုရောဂါ၊ နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများ၊ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါများ၊ ကင်ဆာရောဂါများ စသည့် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားမှု များပြားလျက်ရှိပြီး အဆိုပါရောဂါများကြောင့် သေဆုံးမှုသည်လည်း များပြားလျက်ရှိကြောင်း၊

• မြန်မာနိုင်ငံတွင်လည်းအဆိုပါများရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုများပြားလျက်ရှိသဖြင့် ယနေ့ပြုလုပ်သော အသိပေးဆွေးနွေးခြင်း အခမ်းအနားသည် အဆိုပါ ရောဂါများကာကွယ်နှိမ်နင်းရေးအတွက် အရေးကြီး ပါကြောင်း၊

• မကူးစက်နိုင်သောရောဂါများသည် နာတာရှည်ရောဂါများဖြစ်သဖြင့် လူနာများကို ကျန်းမာရေးစောင့်ရှောက်မှုပေးရန်အတွက် ဘဏ္ဍာအရင်းအမြစ် စရိတ်စက များစွာ ကုန်ကျသုံးစွဲရကြောင်း၊


 

• မကူးစက်တတ်သောရောဂါများ ဖြစ်လာပါက ရောဂါနှင့် ရောဂါ၏နောက်ဆက်တွဲဆိုးကျိုး အမျိုးမျိုးကြောင့် ရောဂါဖြစ်ပွားသူလူနာနှင့် လူနာမိသားစုဝင်များအတွက် လူမှုရေး၊ စီးပွားရေးအရ ကြီးမားသော ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့်အပြင် ရောဂါဖြစ်ပွားသူများအနေဖြင့်လည်း ကိုယ်စွမ်း၊ ဉာဏ်စွမ်းအပြည့်အဝ မသုံးစွဲနိုင်ခြင်း၊ မသန်မစွမ်းဖြစ်ခြင်းတို့မှသည် လူမှုဘဝနှင့် နေထိုင်မှုအရည်အသွေး (quality of life) ကျဆင်းခြင်း၊ အလုပ် လုပ်နိုင်စွမ်းကျ ဆင်းသွားခြင်းတို့ကြောင့် မိသားစုအတွက်သာမက နိုင်ငံအတွက်ပါလွန်စွာထိခိုက်နိုင်ကြောင်း၊

• ထို့အပြင်ရောဂါကြောင့် အရွယ်မတိုင်မီသေဆုံးခြင်း (premature death) ကြောင့် နိုင်ငံအတွက် အဖိုးတန်သော လူ့စွမ်းအားအရင်းအမြစ်များဆုံးရှုံးရခြင်းဖြစ်ပွားနိုင်ကြောင်း၊

• မကူးစက်နိုင်သောရောဂါများသည် အစားအသောက်၊ နေထိုင်မှုပုံစံတို့ကို ပြုပြင်ပြောင်းလဲခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ကြောင်း၊


 

• အဆီများသော၊ အငန်များသော၊ အချိုများသော အစားအစာများ၊ အန္တရာယ်ရှိသော ဆိုးဆေးများ၊ ဓာတုပစ္စည်းများပါဝင်သည့် အစားအစာများကို ရှောင်ကြဉ်ခြင်း၊ အရက်သောက်သုံးမှုနှင့် ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှုကို ရှောင်ကြဉ်ခြင်းနှင့် “ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး”ဟူသော ဆောင်ပုဒ်နှင့်အညီ ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်ခြင်းတို့ဖြင့် မကူးစက်နိုင်သောရောဂါများကို ကြိုတင် ကာကွယ်နိုင်ပါကြောင်း၊

• ထိုသို့ ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်နေထိုင်တတ်စေရန် ပြည်သူများတွင် ကျန်းမာရေးအသိပညာများ မြင့်မားရေးသည် အထူးအရေးကြီးပြီး ပြည်သူလူထုတွင် ကျန်းမာရေးအသိပညာများ မြင့်မားလာပါက မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများတွင် ပိုမိုပူးပေါင်းပါဝင်လာနိုင်မည်ဖြစ်ကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ပြည်သူများ ကျန်းမာရေးအသိပညာမြင့်မားရေးလုပ်ငန်းများကို အလေးထားကာ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊


 

- ပြည်သူလူထုအခြေပြု ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်း (CHC) များကိုတစ်ပြည်လုံး အတိုင်းအတာဖြင့် ကျေးလက်ကျန်းမာရေးဌာနများတွင် အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ဖွင့်လှစ်၍ -

- သွေးတိုးရောဂါ၊ ဆီးချို/သွေးချိုရောဂါကိုစစ်ဆေးဖေါ်ထုတ် ကုသပညာပေးခြင်းနှင့် လိုအပ်သလိုညွှန်းပို့ခြင်းလုပ်ငန်း၊

- သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်း၊

- ကျန်းမာရေးအသိပညာမြှင့်တင်ခြင်း လုပ်ငန်းတို့ကို အဓိကဆောင်ရွက်မည်ဖြစ်ကြောင်း၊

- နိုင်ငံအတွက် အရေးကြီးသော ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးအသိပညာမြင့်မားပြီး ကျန်းမာရေးကောင်းမွန်စေရေးအတွက် ကျောင်းကျန်းမာရေးလုပ်ငန်းများကို အားဖြည့်ဆောင်ရွက်လျက် ရှိကြောင်း၊


 

• ဝန်ကြီးဌာနအနေဖြင့် မကူးစက်နိုင်သောရောဂါများကာကွယ်နှိမ်နင်းရေးဆိုင်ရာ လုပ်ငန်းများကို ဘက်စုံကြိုးပမ်း ဆောင်ရွက်လျက်ရှိရာတွင် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ကူညီပံ့ပိုးမှုနှင့် ပူးပေါင်းပါဝင်မှုသည် အထူးအရေးကြီးကြောင်း၊

• ယခု အခမ်းအနားသို့ တက်ရောက်လာကြသော လွှတ်တော်ရေးရာ ကော်မတီဥက္ကဌများ၊ အတွင်းရေးမှူးများ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများအနေဖြင့် ယခု အသိပေးဆွေးနွေးပွဲမှ ရရှိသော အချက်အလက်များ၊ ကျန်းမာရေးအသိပညာ ဗဟုသုတများကို ပြည်သူများထံဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ပေးစေလိုကြောင်းနှင့် ကူးစက်နိုင်သောရောဂါများကာကွယ်နှိမ်နင်းရေးဆိုင်ရာ ဥပဒေများရေးဆွဲခြင်း နှင့် ရှေ့လုပ်ငန်းစဉ်များချမှတ်ခြင်းတွင်လည်း ပံ့ပိုးကူညီကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။


 

     ဆက်လက်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဦးနှောက်နှင့်အာရုံကြောဆေးကုဌာနမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာဝင်းမင်းသစ်က လေဖြတ်ရောဂါနှင့် ပတ်သက်၍ လည်းကောင်း၊ နှလုံးဆေးကုဌာနမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာနွယ်နွယ် က နှလုံးသွေးကြောရောဂါများနှင့် ပတ်သက်၍လည်းကောင်း၊ ဓာတ်ရောင်ခြည်ဆေးကုဌာနမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာခင်ချိုဝင်းက ကင်ဆာရောဂါ အမျိုးမျိုးနှင့် ပတ်သက်၍လည်းကောင်း၊ နေပြည်တော် ခုတင်(၁၀ဝ၀)ဆေးရုံကြီး၊ အရိုးအထူးကုဌာနမှ အထူးကုဆရာဝန် ဒေါက်တာမျိုးမင်းဦးက ထိခိုက်မှု အန္တရာယ်ကာကွယ်ရေးနှင့် ပတ်သက်၍လည်းကောင်း၊ ညွှန်ကြားရေးမှူး (မကူးစက်) ဒေါက်တာကျော်ကံကောင်းက မကူးစက်နိုင်သောရောဂါများကာကွယ်နှိမ်နင်းခြင်းနှင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှု လျော့ချခြင်းကိစ္စများအားလည်းကောင်း၊ ညွှန်ကြားရေးမှူး (ကျန်းမာရေးအသိပညာမြှင့်တင်ရေး) ဒေါက်တာဖြူဖြူအေးက မကူးစက်နိုင်သောရောဂါများကာကွယ်နှိမ်နင်းခြင်းလုပ်ငန်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ခြင်းလုပ်ငန်းများကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ပါသည်။


 

     ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခ/ဌာနမှူးများ၊ ညွှန်ကြားရေးမှူးများက ဖြေကြားခဲ့ပါသည်။


 

     အဆိုပါအခမ်းအနားသို့ လွှတ်တော်ရေးရာကော်မတီများမှ ဥက္ကဌများ၊ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တော်များ၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ပါမောက္ခ/ ဌာနမှူးများ၊ တာဝန်ရှိသူများ စုစုပေါင်း (၆၅) ဦးခန့်တက်ရောက်ခဲ့ကြပါသည်။


 

 

 

 

More Tags