NOW LOADING

ဘေးအန္တရာယ်နှင့်အရေးပေါ်အခြေအနေ ကျန်းမာရေးစီမံခန့်ခွဲမှုတိုးမြှင့်ဆောင်ရွက်ခြင်းဆိုင်ရာ အသိပေးရှင်းလင်းခြင်း အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ ဖေဖော်ဝါရီလ (၇)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် မင်္ဂလာသီရိဟိုတယ်၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် “ဘေးအန္တရာယ်နှင့်အရေးပေါ်အခြေအနေ ကျန်းမာရေးစီမံခန့်ခွဲမှုတိုးမြှင့် ဆောင်ရွက်ခြင်းဆိုင်ရာ အသိပေးရှင်းလင်းခြင်း အခမ်းအနား”သို့ တက်ရောက်ခဲ့ပါသည်။

 

     အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• ဘေးအန္တရာယ်ဖြစ်စဉ်များသည် ကြိုတင်ခန့်မှန်းရန်ခက်ခဲခြင်း၊ အချို့ဘေးအန္တရာယ်များသည် ကြိုတင်ခန့်မှန်း၍ မရခြင်းနှင့် အဖျက်စွမ်းအားကြီးမားခြင်းစသည့် အချက်များကြောင့် ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှု လျော့ပါးရေးလုပ်ငန်းများနှင့် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများသည် လွန်စွာအရေးကြီးပါကြောင်း၊

• ယနေ့ အခမ်းအနား၌ မြန်မာနိုင်ငံတွင် ဘေးအန္တရာယ်နှင့် အရေးပေါ်အခြေအနေများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်နေမှုများ၊ အရေးပေါ်ဆေးအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသွားမည်ဖြစ်သောကြောင့် တိုင်းဒေသကြီး/ ပြည်နယ် လူမှုရေးဝန်ကြီးများ၊ နှီးနွယ်ဌာနများနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများအနေဖြင့် သိရှိလို သည်များကို မေးမြန်းခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းတို့ကို ပြုလုပ်သွားကြစေလိုပါကြောင်း၊

• ယခင်တွေ့ကြုံခဲ့ဖူးသော ဘေးအန္တရာယ်ဖြစ်စဉ်များမှ အခက်အခဲများနှင့် စိန်ခေါ်မှုများကို ပြန်လည်ဆန်းစစ်သုံးသပ်၍ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများတွင် အသုံးချဆောင်ရွက်နိုင်ရန် အတွက်ကိုလည်း ဆွေးနွေးသွားကြစေလိုပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဘေးအန္တရာယ်နှင့် အရေးပေါ်အခြေအနေများအတွက် ကျန်းမာရေးကဏ္ဍဆိုင်ရာ ကြိုတင်ပြင်ဆင်မှုနှင့် ဘေးအန္တရာယ်ဖြစ်စဉ်ကျရောက်သည့်အခါ ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် လူမှုရေးဝန်ကြီးများက လမ်းညွှန်ဦးဆောင်ရမည်ဖြစ်ပါကြောင်း၊

• ဘေးအန္တရာယ်နှင့် အရေးပေါ်အခြေအနေများ တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သည့် နှီးနွယ်ဌာန၊ အဖွဲ့အစည်းများအကြား အချိန်နှင့် တစ်ပြေးညီ စနစ်တကျ ဆက်သွယ်မှုနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုတို့မှာ အရေးအကြီးဆုံးပင်ဖြစ်ပါကြောင်း၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတွင် ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ် အဆင့်များ၌ ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေကွပ်ကဲမှုစင်တာ (Public Health Emergency Operations Center) များ ဆောင်ရွက်ထားရှိပြီး အဆိုပါ စင်တာများကို ခေတ်မီသတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများ အသုံးပြုကာ အဆင့်မြှင့်တင်ရန်နှင့် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်တို့ကို လုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်း၊

• အသင့်အနေအထား (standby) ပြင်ဆင်ထားရှိသော တိုင်းဒေသကြီး/ ပြည်နယ်များမှ အဆိုပါစင်တာများကို ဘေးအန္တရာယ်နှင့် အရေးပေါ်အခြေအနေများတွင် ဖွင့်လှစ် (activate) ဆောင်ရွက်သည့်အခါ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် လူမှုရေးဝန်ကြီးများအနေဖြင့် လမ်းညွှန်ဦးဆောင်မှုများပေးအပ် ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊

• (၂၀၁၉) ခုနှစ်၊ ဇန်နဝါရီလတွင် မြန်မာနိုင်ငံ၏ ပထမဆုံးသော အရေးပေါ် အသက်ကယ် သင်တန်းဌာနကို ဖွင့်လှစ်နိုင်ခဲ့ပြီး အဆိုပါ သင်တန်းဌာနတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အသင်းဝင်များကိုလည်း ပါဝင်တက်ရောက် သင်ကြားပေးရန်ဖြစ်ပါကြောင်း၊

 

• ယခုလက်ရှိဆောင်ရွက်နေသော ဘေးအန္တရာယ်နှင့် အရေးပေါ်အခြေအနေ ကျန်းမာရေးကဏ္ဍ တုံ့ပြန်ဆောင်ရွက်မှု သဏ္ဍာန်တူလေ့ကျင့်ခန်းများ၊ ဇာတ်တိုက်လေ့ကျင့်မှုများနှင့် စားပွဲတင် လေ့ကျင့်ခန်းများကိုလည်း ပိုမိုတိုးမြှင့်လုပ်ဆောင်သွားစေလိုပါကြောင်း၊

• တိုင်းဒေသကြီး/ပြည်နယ်အဆင့်များတွင်လည်း သက်ဆိုင်ရာနေရာဒေသအလိုက် ကျရောက်လေ့ရှိသော ဘေးအန္တရာယ်အမျိုးအစားများအလိုက် ဆေးနှင့် ဆေးပစ္စည်းကိရိယာများ၊ ဆက်စပ် ပစ္စည်းကိရိယာများကို ကြိုတင်ပြင်ဆင်ထားရှိရမည်ဖြစ်ပါကြောင်း၊

• အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းကော်မတီ (၁၂)ရပ်တွင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီသည်လည်း အပါအဝင် ဖြစ်ပါကြောင်း၊

• ကျန်းမာရေးကဏ္ဍကြိုတင်ပြင်ဆင်မှုများအတွက် လိုအပ်သည်များနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ပြန်လည်ဆန်းစစ်သုံးသပ်ကြရမည်ဖြစ်ပြီး လိုအပ်သည်များကို အဆင့်ဆင့် တင်ပြကြရမည်ဖြစ်ပါကြောင်း၊

• လိုအပ်သည်များကို ဝန်ကြီးဌာနမှ ပံ့ပိုးပေးမည်ဖြစ်ပြီး ထပ်မံလိုအပ်သည်များရှိပါကလည်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ တင်ပြသွားမည်ဖြစ်ပါကြောင်း၊

• ဘေးအန္တရာယ်ကျရောက်သည့်အခါ ပြည်သူများတွင် ကိုယ်ပိုင်းဆိုင်ရာ ကျန်းမာရေး

ပြဿနာများအပြင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများလည်း ဖြစ်ပွားနိုင်ခြင်းကြောင့် အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

• ဘေးအန္တရာယ်ဖြစ်စဉ်များတွင် ပုံမှန်ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများလည်း ပြတ်တောက်သွားနိုင်သဖြင့် စောစီးစွာ သတင်းရယူခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းစနစ် (Early Warning, Alert and Response System) ကို အသုံးချဆောင်ရွက်သွားရမည်ဖြစ်ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ကြီးဌာနမှ ဖြန့်ဝေထားသော Mobile Tablet များကို ထိရောက်စွာ အသုံးချ၍ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• ဘေးအန္တရာယ်နှင့် အရေးပေါ်အခြေအနေများအတွက် ကျန်းမာရေးကဏ္ဍကြိုတင် ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဝန်ကြီးဌာနနှင့် နှီးနွယ်ဝန်ကြီးဌာနများအကြား၊ ဝန်ကြီးဌာနနှင့် မိတ်ဖက်အဖွဲ့အစည်းများအကြား ကွန်ရက်ချိတ်ဆက် ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

     အဆိုပါ အခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် (သဘာဝဘေး) ဒေါက်တာသန်းထွန်းအောင်က မြန်မာနိုင်ငံတွင် ဘေးအန္တရာယ်နှင့် အရေးပေါ်အခြေအနေများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ အရေးပေါ်ဆေးပညာဌာန၊ ပါမောက္ခဒေါက်တာမော်မော်ဦးက မြန်မာနိုင်ငံတွင် အရေးပေါ်ဆေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် - (၁၀ဝ၀)၊ အရေးပေါ်ဆေးပညာဌာနမှ ဒေါက်တာသန်းလတ်အောင် က အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို “One ASEAN, One Response” နှင့်အညီ စီစဉ်ဆောင်ရွက်နေမှုများကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ကြပြီး တက်ရောက် လာသူများက သိရှိလိုသည်များမေးမြန်းကာ အပြန်အလှန်ဆွေးနွေးမှုများနှင့် အကြံပြုမှုများ ဆောင်ရွက်ခဲ့ကြပါသည်။

 

     အခမ်းအနားကို ဘေးအန္တရာယ်နှင့် အရေးပေါ်အခြေအနေ ကျန်းမာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည်များ မြင့်မားလာစေရေး၊ အရေးပေါ်ဆေးအဖွဲ့များ ပိုမိုအားဖြည့်ဆောင်ရွက်နိုင်ရေး၊ ဘေးအန္တရာယ်နှင့် အရေးပေါ်အခြေအနေများတွင် နှီးနွယ်ဌာနများ၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေးနှင့် ဒေသအဆင့်နှင့် နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြင်လာစေရေး ကိစ္စရပ်များကို အသိပေးရှင်းလင်းတင်ပြရန်နှင့် ဆွေးနွေး အကြံပြုချက်များ ရယူရန် ရည်ရွယ်ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

     အဆိုပါ အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဆေးရုံအုပ်ကြီးများ၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခများ၊ အရေးပေါ်ကုသမှုဆေးပညာရှင်များ၊ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အကြံ​​ပေးပညာရှင်များ​၊​ ​​​သူနာပြုများနှင့် တာဝန်ရှိသူများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးလေဝသနှင့်ဇလဗေညွှန်ကြားမှုဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ တပ်မတော်ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများ စုစုပေါင်း (၁၀ဝ)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

More Tags