NOW LOADING

ဗဟိုအဆင့်ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတက်ရောက် အဖွင့်မိန့်ခွန်း ပြောကြား

Union Minister Dr. Myint Htwe delivers the opening speech at World AIDS Day Ceremony

ရန်ကုန်၊ (၂၀၁၉) ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့

     ဗဟိုအဆင့်ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အခမ်းအနားကို (၁-၁၂-၂၀၁၉)ရက်နေ့တွင် ရန်ကုန်မြို့၊ ကျိုက္ကဆံအားကစားကွင်းရှိ ပြည်ထောင်စုခန်းမတွင် ပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက် အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။

 


 

ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင်

- ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့အခမ်းအနားယခုလို ကျင်းပရခြင်း၏ အဓိက ရည်ရွယ် ချက်များမှာအိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်ရေး၊ ကုသရေးလုပ်ငန်းများနဲ့ပတ်သက်ပြီး လက်ရှိအခြေအနေအား ပြည်သူကိုအသိပေးပြီးမပေါ့ဆရန်အသိပေးပြော ကြားရန်နှင့်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏လုပ်ဆောင်မှုများကို အသိပေးရှင်းလင်းတင်ပြရန်ဖြစ်ပါကြောင်း၊

- ယခုနှစ်ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်တဲ့“Communities make the difference” “အေအိုင်ဒီအက်စ်ရောဂါ ကင်းဝေးရေး လူထုအားလုံး ပါဝင်ပေး” ဆိုသည်နှင့်အညီ အိပ်ချ်အိုင်ဗွီကူးစက်မှု တားဆီး ကာကွယ်ရေးနဲ့ တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ အမျိုးသမီးတွေ၊ လူငယ်တွေ၊ လူထုကျန်းမာရေးလုပ်သားတွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေအပြင် အထူးသဖြင့် ပြည်သူတွေ ပါဝင်ဆောင်ရွက်မှလုပ်ငန်းများ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ ပြည်သူများမပါဝင်လျင် မည်သည့်ကျန်းမာရေး လုပ်ငန်းမှထိရောက် အောင်မြင်နိုင် မည်မဟုတ်ပါကြောင်း၊

- ပြည်သူများအနေဖြင့်လည်း မိမိတို့ကမည်ကဲ့သို့ပါဝင်ရမည်၊ မည်ကဲ့သို့ပံ့ပိုးဆောင်ရွက် ရမည်ကို သိရှိိနိုင်ရန်ယခုကဲ့သို့ အခမ်းအနားပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊

- ပြည်သူများသာမက NGO များ၊ လူထုအခြေပြုအဖွဲ့အစည်း(CBO)များ၊ INGO များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ(EHO)၊ အသင်း အဖွဲ့များ အနေဖြင့်လည်း မိမိတို့ကဘာတွေလုပ်ရမည် ဘယ်လိုကုရမည်ကို သိရှိရန် လိုအပ်ပါကြောင်း၊

- လူထုအားလုံးပါဝင်ဆောင်ရွက်ရေး၊ပြည်သူများအနေဖြင့်ဘာလုပ်သင့်သလဲ၊ဘယ်လို လုပ်မလဲဆိုတာတွေကိုဝိုင်းဝန်းစဉ်းစားကြံဆခြင်း (Brainstorming) ၊ ပညာရှင်များ ဝိုင်းဖွဲ့ဆွေးနွေးခြင်း (Panel Discussion) များပြုလုပ်၍ ဖော်ထုတ်ရမည်ဖြစ်ပါကြောင်း၊

- ဒီလိုအခမ်းအနားမျိုးကို ဗဟိုအဆင့်၌သာမက တိုင်းဒေသကြီး/ပြည်နယ်များ၊ ခရိုင်/ မြို့နယ်များအားလုံးတွင် ကျင်းပရမည်ဖြစ်ပြီး၊ သို့မှသာ ပိုမိုအကျိုးရှိ ထိရောက်မည်ဖြစ်ပါကြောင်း၊


 

- အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များအနေဖြင့်လည်းဝန်ကြီးဌာနမှဖြန့်ဝေထား သော Tablet ဖုန်းများကိုအသုံးပြု၍ရပ်ကွက်၊ ကျေးရွာများတွင် ပြည်သူများနှင့် ကျန်းမာရေးစကားဝိုင်းငယ်များ ပြုလုပ်ကာ အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်အကြောင်း ပညာပေးဟောပြောမှုများ မကြာခဏ ပိုမိုပြုလုပ်ရမည်ဖြစ်ပါကြောင်း၊

- အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါသည် လူမှုရေး၊စီးပွားရေးနှင့် နှီးနွယ်သည့်အချက် အလက်အကြောင်းအရာများ၊ လူငယ်များ၏အသိအမြင်နှင့်ခံယူချက်၊ ပြည်သူများ၏ ရောဂါနှင့်ပတ်သက်သော အသိပညာဗဟုသုတများနှင့်များစွားဆက်စပ်နှီးနွယ်နေသောကြောင့်ကျွမ်းကျင်မှုနှင့် အတတ်ပညာဆိုင်ရာ ချဉ်းကပ်ဆောင်ရွက်မှုတစ်ခုတည်းဖြင့် မလုံလောက်ပါကြောင်း၊

- ဤရောဂါသည်လူမှုရေးနှင့်များစွာဆက်စပ်နေသောရောဂါ (social disease) တစ်မျိုး ဖြစ်ကြောင်းစီမံချက်မန်နေဂျာအပါအဝင်သက်ဆိုင်သူအားလုံးသိရှိိရန်အထူးအရေးကြီးပါကြောင်း၊

- ဒီနေ့လိုအခမ်းအနားပြီးစီးသွားပါက တစ်ဦးချင်း၊ NGO များ၊ INGO များ၊ ပြည်သူလူထု အခြေပြု အဖွဲ့အစည်းများ၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ၊ တစ်ဖွဲ့ချင်းစီက မိမိတို့ ဘာဆက်လုပ် သင့်သည်၊ ဘယ်လိုလုပ်သင့်သည်၊ မိမိတို့၏ခံယူချက်၊ အသိအမြင်မှန်မမှန်၊ မိမိတို့၏ မိသားစု၊ဆွေမျိုး၊ မိတ်ဆွေများကို ဘာတွေပြောသင့်သည်၊ ပြောရမည်တို့ကိုစဉ်းစား သုံးသပ်လုပ်ဆောင်ရန် အရေးကြီးပါကြောင်း၊

- ဒီအိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဖြစ်ပွားမှုပိုမများလာအောင်ဘယ်လိုလုပ်ရမည်ကိုစဉ်းစားဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊


 

- သို့မှသာယခုလိုအခမ်းအနားကြီးကျင်းပရခြင်းသည်ကုန်ကျရသောငွေ၊ အချိန်များနှင့် ထိုက်တန်သော အကျိုးရှိထိရောက်မှု (Cost effective and time efficient) ဖြစ်မည်ဖြစ်ပါကြောင်း၊

• ခေတ်အဆက်ဆက်တာဝန်ထမ်းဆောင်ခဲ့ကြသောအိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်စီမံချက်မှစီမံချက်မန်နေဂျာများအားလုံးကိုလည်းအထူးကျေးဇူးတင်ပါကြောင်း

• ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက်အနေဖြင့်လည်း မိမိတို့၏ ဆောင်ရွက်မှု များကို ပြန်လည်သုံးသပ်ပြီးထူးခြားဆန်းသစ်သောအတွေးအခေါ်ဆောင်ရွက်မှုများ (Out of the box thinking၊ innovative thinking) ဖြင့် ရှေ့ဆက်ဆောင်ရွက်မယ့်လုပ်ငန်းစဉ် များကို ပိုမိုတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့ ခုခံကျ/ကာလသား ရောဂါတိုက်ဖျက်ရေးစီမံချက်နှင့် မိတ်ဖက်အဖွဲ့အစည်းများပူးပေါင်းပြီး အိပ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ်ရောဂါကာကွယ်ရေး နှင့် ပြုစုကုသစောင့်ရှောက်ရေး လုပ်ငန်းများကို ခုခံအားကျဆင်းမှုကူးစက်ရောဂါဆိုင်ရာအမျိုးသားမဟာဗျူဟာစီမံကိန်း {National Strategic Plan for HIV/AIDS (2016-20)} နဲ့အညီဆောင်ရွက်လျက် ရှိပြီး (၂၀၂၁-၂၀၂၅) အတွက်လည်းရေးဆွဲလျက်ရှိပါကြောင်း

• ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့အိပ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းကို အမျိုးသားရေးအသွင်ဖြင့် ကြိုးပမ်းအကောင်အထည်ဖေါ် ဆောင်ရွက်လျက် ရှိပြီးအိပ်ချ်အိုင်ဗွီပညာပေးလုပ်ငန်း (Awareness raising)၊အခမဲ့ကွန်ဒုံးဖြန့်ဝေပေးခြင်း လုပ်ငန်း (Comprehensive condom program-CCP)၊ ကာလသား ရောဂါရှိ/မရှိ စမ်းသပ်စစ်ဆေးပြီးကုသပေးခြင်းလုပ်ငန်း (STI testing and treatment)၊ မူးယစ်ဆေး အကြောထဲထိုးသွင်းသူများကြား အိပ်ချ်အိုင်ဗွီပိုးကူးစက်ခံရမှု အန္တရာယ်လျှော့ချရေးလုပ်ငန်း (Harm Reduction)၊ အိပ်ချ်အိုင်ဗွီပိုးကူးစက်ခံရခြင်းရှိ/ မရှိသွေးစစ်ဆေးခြင်းလုပ်ငန်း (HIV testing services)၊မိခင်မှကလေးသို့ အိပ်ချ်အိုင်ဗွီပိုးကူးစက်မှုမှ ကာကွယ်ရေးလုပ်ငန်း (PMTCT)၊ အေအာတီဆေးဖြင့်ကုသခြင်း (Antiretroviral Therapy)လုပ်ငန်းများကို တစ်နိုင်ငံလုံးလွှမ်းခြုံမှု ရရှိအောင် တိုးချဲ့ဆောင်ရွက်လျက်ရှိပါကြောင်း၊


 

• မြန်မာနိုင်ငံရဲ့ အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ကပ်ရောဂါ သမိုင်းကိုပြန်ကြည့်ရင် ပထမဦးဆုံး အိပ်ချ်အိုင်ဗွီပိုးရှိသူ တစ်ဦးကို ၁၉၈၈ခုနှစ်မှာစတင်စစ်ဆေးတွေ့ခဲ့ပြီး နောင် (၂) နှစ်အကြာ ၁၉၉၀ ခုနှစ်မှာ အေအိုင်ဒီအက်စ်ရောဂါ လူနာတစ်ဦးကို စတင်စစ်ဆေးတွေ့ခဲ့ကြောင်း၊

• ကျန်းမာရေးဗဟုသုတနည်းပါးခြင်း၊ အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ကာကွယ်ရေးလုပ်ငန်း များလက်လှမ်းမီမရရှိခြင်း၊ မူးယစ်ဆေးထိုးသွင်းသူများ၊ အမျိုးသမီးလိင်လုပ်သားများနှင့် အမျိုးသားချင်း လိင်တူဆက်ဆံသူများ၊ အကျဉ်းကျနေသူများ၊ရွှေ့ပြောင်းလုပ်သားများအပါအဝင်ဦးစားပေးအုပ်စုများ (Priority Populations) အတွင်းအိပ်ချ်အိုင်ဗွီပိုး ကူးစက်ရန်အန္တရာယ်ရှိသောအပြုအမူများပြုလုပ်ခြင်းတို့ ကြောင့် ၎င်းလူအုပ်စုများအတွင်းအိပ်ချ်အိုင်ဗွီပိုးကူးစက်ခံရမှုမြင့်မားခဲ့ပါကြောင်း၊

• တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့်၂၀၁၈ ခုနှစ်မှာမြန်မာနိုင်ငံအတွင်း အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံနေရသူဦးရေ (၂၃၇,၀၀၀) ခန့်ရှိပြီးရောဂါဖြစ်ပွားမှုနှုန်း (HIV prevalence) မှာ (၀.၅၇%) ရှိကြောင်း (AIDS Epidemic Model- AEM) ဖြင့်ခန့်မှန်း တွက်ချက်မှုအရသိရှိရပါကြောင်း၊

• ၂၀၁၈ခုနှစ်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ထုတ်ပြန်ထားသောစာရင်းဇယားများ အရ မြန်မာနိုင်ငံဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အရှေ့တောင်အာရှအဖွဲ့ဝင် (SEARO) နိုင်ငံ (၁၁)နိုင်ငံမှာ အိပ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ်ကူးစက်ဖြစ်ပွားမှု အဆင့်(၄) နိုင်ငံအဖြစ် ရပ်တည်လျက်ရှိပါကြောင်း၊

• အလားတူအိပ်ချ်အိုင်ဗွီရောဂါအသစ်ကူးစက်ခံရမှု (HIV incidence) ဟာ၂၀၀၀ခုနှစ်မှာ (၂၉,၀၀၀) ခန့်နဲ့အမြင့်ဆုံးဖြစ်ခဲ့ပြီး (၂၀၁၈)ခုနှစ်မှာ (၁၀,၀၀၀) ကျော်အထိ ကျဆင်းလာ ခဲ့ပါကြောင်း၊ ရောဂါပိုးအသစ် ကူးစက်ခံရမှုစုစုပေါင်း၏ (၇၀ ရာခိုင်နှုန်း) ကျော်ဟာ မူးယစ်ဆေးထိုးသွင်းသူများ (PWID)၊ အမျိုးသမီးလိင်လုပ်သားများ (FSW)နှင့် အမျိုးသားချင်းလိင်တူဆက်ဆံသူများ(MSM) စတဲ့ အန္တရာယ်ရှိသော ဦးတည် အုပ်စုများ (Key affected populations) အတွင်းဖြစ်နေတာကို တွေ့ရှိရပါကြောင်း၊ အဆိုပါ ဦးတည်အုပ်စုများကို ဦးစားပေးအလေးထား၍ ရောဂါကာကွယ် ကုသရေးလုပ်ငန်းများအား ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊

• အိပ်ချ်အိုင်ဗွီပိုးအသစ်ကူးစက်ခံရမှု (HIV new infections)ဟာ တစ်နိုင်ငံလုံးတစ်ပြေးညီ ဖြစ်ပွားနေတာမဟုတ်ဘဲကချင်ပြည်နယ်၊ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့တွင် အမြင့်မားဆုံးဖြစ်ကြောင်း ခန့်မှန်းတွက်ချက်မှု (Sub- national Estimation) များအရတွေ့ရှိရပါကြောင်း၊ ဒီအချက်ကို မိမိတို့ အထူးသတိပြုရမည်ဖြစ်ပါကြောင်း၊

• ၂၀၁၅ခုနှစ် အစမှာအိပ်ချ်အိုင်ဗွီပိုးကူးစက်ခံရသူ(၂) သိန်းကျော်အနက် လူနာ(၈)သောင်း (၅) ထောင်ကျော်ကိုသာဘဝတစ်သက်တာသောက်ရမည့် အေအာတီဆေး (Lifelong ART) ဖြင့်ကုသမှုပေးနိုင်ခဲ့ရာ မှ၂၀၁၉ ခုနှစ်စက်တင်ဘာလ မှာ လူနာပေါင်း (၁)သိန်း (၇)သောင်း (၅) ထောင်ကျော် (၂) ဆ ကျော်ထိတိုးမြှင့်ကုသမှုပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊

• ၂၀၁၉ခုနှစ်စက်တင်ဘာလ ကုန်အထိလူနာပေါင်း (၁၃၀,၀၀၀) ကျော်ကို အစိုးရ ကျန်းမာရေးဌာနများတွင်ကုသမှုပေးလျက်ရှိပြီး အပြည်ပြည်ဆိုင်ရာနှင့်ပြည်တွင်းလူမှုရေးအဖွဲ့အစည်းများ (International and local NGOs) ၏ဆေးခန်းများတွင် ကုသမှုခံယူနေသူများကိုလည်းတဖြည်းဖြည်းလွှဲပြောင်းလက်ခံရယူပြီးကုသပေးနေပြီဖြစ်ပါကြောင်း၊


 

• အေအာတီဆေးတိုက်ကျွေးကုသခြင်း အိပ်ချ်အိုင်ဗွီကူးစက်နေတဲ့လူနာများကို ဘဝအရည် အသွေးပြည့်ဝစွာဖြင့် နေနိုင်စေရုံသာမက အိပ်ချ်အိုင်ဗွီပိုးကူးစက်ပြန့်ပွားမှု ကိုလည်း ကာကွယ်မှုပေးတယ်ဆိုတဲ့ အချက်ကိုလည်း သိစေချင်ပါကြောင်း၊

• အေအာတီဆေးဖြင့်တိုးချဲ့ကုသပေးနိုင်မှုကြောင့်လူနာများဟာပိုမိုအသက်ရှည်စွာနေနိုင် လာကြပြီးနောက်ဆက်တွဲပြဿနာအနေနဲ့ သွေးတိုး၊ ဆီးချိုစတဲ့ မကူးစက်တတ်သောရောဂါများ (Non Communicable Diseases) ပိုမိုဖြစ်ပွားလာနိုင်ပြီး ရေရှည်၌ထည့်သွင်းစဉ်းစားရမယ့် ကျန်းမာရေးပြဿနာတစ်ခုအဖြစ်တွေ့မြင်လာရပါကြောင်း၊

• အိပ်ချ်အိုင်ဗွီပိုးကူးစက်ဖြစ်ပွားမှုအခြေအနေနဲ့ အန္တရာယ်ရှိတဲ့အပြုအမူကျင့်သုံးမှုအခြေအနေများ ပုံမှန်ဆန်းစစ်ခြင်း (IBBS- 2017)စစ်တမ်းအရမူးယစ်ဆေးအကြောထဲ ထိုးသွင်းသူပေါင်း (၉၃,၀၀၀) ခန့်ရှိပြီး (2017) စစ်တမ်းအရမူးယစ်ဆေးဝါးအကြောတွင်း ထိုးသွင်းသူများတွင်အိပ်ချ်အိုင်ဗွီဖြစ်ပွားမှုနှုန်း (၃၄.၉%) အထိရှိပါကြောင်း၊

• ကိုယ်ဝန်ဆောင်မိခင်များတွင် အိပ်ချ်အိုင်ဗွီဖြစ်ပွားမှုနှုန်းဟာလည်း ၂၀၁၁ခုနှစ်တွင် (၀.၈၄%) ရှိခဲ့ရာမှ၂၀၁၈ ခုနှစ်တွင် (၀.၅၇%) အထိတဖြည်းဖြည်း ကျဆင်းလာတာကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ လာမည့် ၂၀၂၅ ခုနှစ်မှာ မိခင်မှကလေးသို့ အိပ်ချ်အိုင်ဗွီပိုးကူးစက်မှုလုံးဝကင်းစင်ပပျောက်သွားသည်အထိ (the elimination of mother-to-child transmission) ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း လည်း အသိပေးပြောကြားလိုပါကြောင်း၊

• ဒီလိုအောင်မြင်မှုများရရှိနေသော်လည်းဝေးလံခက်ခဲဒေသများရှိတိုင်းရင်းသားလူမျိုးစုများအတွက်အိပ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ်ရောဂါကာကွယ်ရေးလုပ်ငန်းများ ပိုမိုဆောင်ရွက် ပေးနိုင်ရန်၊ အိပ်ချ်အိုင်ဗွီပိုး ကူးစက်ရန် အန္တရာယ်ရှိသော ဦးစားပေးအုပ်စုများ (Most at risk populations) ဖြစ်တဲ့ မူးယစ်ဆေးထိုးသွင်းသူများ (PWID)၊ အမျိုးသမီးလိင်လုပ်သားများ (FSW) နှင့် အမျိုးသားချင်း လိင်တူ ဆက်ဆံသူများ (MSM)၊ ထောင်တွင်းအကျဉ်းကျနေသူများ (Prisoners and people in closed setting)၊ ရွှေ့ပြောင်းလုပ်သားများ (Migrants) အားသွေးစစ်ဆေးပေးခြင်းလုပ်ငန်းများ (HIV testing services) ပိုမိုလွှမ်းခြုံမှုရရှိအောင်ဆောင်ရွက်ရန်၊ အိပ်ချ်အိုင်ဗွီပိုးကူးစက်ခံနေရသူအားလုံး အေအာတီဆေးဝါးရရှိအောင်ဆောင်ရွက်ပေးရန်၊ အိပ်ချ်အိုင်ဗွီပိုးရှိလူနာများအား စဉ်ဆက်မပြတ် ပြုစုကုသစောင့်ရှောက် ရန် (Continuum of care) နဲ့အိပ်ချ်အိုင်ဗွီပိုးရှိသူများအား ခွဲခြားနှိမ့်ချဆက်ဆံခြင်းများ လုံးဝ ပပျောက်အောင်ဆောင်ရွက်ရန် (Zero discrimination) စတဲ့ရှေ့ဆက်ဆောင်ရွက်ရမဲ့ လုပ်ငန်းများကျန်ရှိနေဆဲပဲ ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ပေါ့ဆ၍ မဖြစ်ဘဲ ဆက်လက်အလေးပေးဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• မြန်မာနိုင်ငံအနေနဲ့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၊ကုလသမဂ္ဂ၏အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ဆိုင်ရာပူးတွဲစီမံချက် (UNAIDS) နှင့်ကမ္ဘာ့နိုင်ငံပေါင်း (၃၀) ကျော်မှာ ဆောင်ရွက်လျက် ရှိတဲ့ Global HIV Prevention Coalition Group မှာအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ဆောင်ရွက်ဖို့ ၂၀၁၈ ခုနှစ် မေလ Switzerland နိုင်ငံ Geneva မြို့မှာကျင်းပတဲ့ (၇၁) ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညီလာခံမှာ အဆိုပြုခဲ့ ပါကြောင်း၊

• ခုခံအားကျဆင်းမှုကူစက်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ(၄၆၆) သန်းရှိပြီး နိုင်ငံတော် အစိုးရရဲ့ထည့်ဝင်မှုဟာ (၂၀) ရာခိုင်နှု ရှိကာ Global Fund အဖွဲ့မှ (၅၀)ရာခိုင်နှုန်းနဲ့ အခြား PEPFAR, Access to Health Fund, ADB တို့မှလည်း ထည့်ဝင် ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊


 

• ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာမှာမြို့နယ် (၃၃၀)လုံးအတွက် အခြေခံမရှိမဖြစ်လိုအပ်တဲ့ အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ကာကွယ်ရေးနှင့် ကုသရေးဝန်ဆောင်မှု လုပ်ငန်းများ (Essential packages for health services-HIV) ကိုအမှန်တကယ်လိုအပ်နေတဲ့ နေရာဒေသ၊ အမှန်တကယ်လိုအပ်နေသူများအတွက် လက်လှမ်းမီရရှိနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊

• အိပ်ချ်အိုင်ဗွီပိုးကူးစက်မှုလျော့နည်းကျဆင်းသွားပါက အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါကာကွယ်ရေး၊ ကုသရေးလုပ်ငန်းများနဲ့ပတ်သက်ပြီးသုံးစွဲနေရတဲ့ ဘဏ္ဍာရန်ပုံငွေ အပါအဝင်စွမ်းအားစုများကို အခြားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အကျိုးရှိစွာ ပြောင်းလဲသုံးစွဲနိုင်မည်ဖြစ်ပါကြောင်း၊

• ယနေ့ပြုလုပ်တဲ့အခမ်းအနားမှာအထူး မှာကြားလိုတာကတော့ အမျိုးသမီးလိင်လုပ်သား များ (FSW)နှင့် အမျိုးသားချင်းလိင်တူဆက်ဆံသူများ (MSM)၊ ပြည်သူလူထု အခြေပြု အဖွဲ့အစည်းများအပါအဝင် ပြည်သူများ ကိုယ်တိုင်ဉီးဆောင်ပြီး အားလုံးလက်တွဲ ပူးပေါင်းဆောင်ရွက်ရန်အထူးအရေးကြီးပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက လိုအပ်သည်များ ပံ့ပိုကူညီဆောင်ပေးသွားမည် ဖြစ်ပါကြောင်း၊

• အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါကို ပြည်သူ့ကျန်းမာရေးပြဿနာ တစ်ရပ်အဖြစ်မှ လုံးဝပပျောက်သွားစေရန်အတွက် လူတိုင်းအသိစိတ်ဓာတ်ရှိစွာဖြင့်ပြည်သူလူထု အားလုံး ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။


 

     ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ UNAIDS အဖွဲ့မှ Country Director, Mr. Oussama Tawil က UNAIDS မှ ပေးပို့သော သဝဏ်လွှာအားဖတ်ကြားခြင်း၊ U.S Embassy မှ Deputy Chief of Mission, Deborah C. Lynn မှကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့နှင့် ပတ်သက်သော အမှာစကားအားပြောကြားခြင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဌာနေ ကိုယ်စားလှယ် Dr. Stephan Paul Jost က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရုံး၏ အရှေ့တောင်အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူးမှပေးပို့သော သဝဏ်လွှာအားဖတ်ကြားခြင်း၊ အိပ်ချ်အိုင်ဗွီရောဂါနှင့် နှီးနွယ်ခံစားနေရသော လူထုကိုယ်စား မြန်မာနိုင်ငံအိပ်ချ်အိုင်ဗွီနှင့် နေထိုင်သူများအသင်း ဥက္ကဌ ဒေါ်ခင်မာဝင်း က ဆွေးနွေးတင်ပြခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။

     ယင်းနောက်၂၀၁၉ခုနှစ်ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် HIV ကာကွယ်ရေးလုပ်ငန်းများတွင် တက်ကြွလှုပ်ရှားမှုထူးချွန်ဆုရမြို့နယ် များအားလည်းကောင်း၊ အထက်တန်းအဆင့်စာစီစာကုံးပြိိုင်ပွဲနှင့် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတို့တွင် ထူးချွန်ဆုရကျောင်းသား/ကျောင်းသူများအား လည်းကောင်း၊ ဉာဏ်စမ်း ဗဟုသုတပြိုင်ပွဲများတွင် ထူးချွန်ဆုရ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများအားလည်းကောင်း၊ ပညာပေးပြခန်း အကောင်းဆုံးပြင်ဆင် နိုင်မှုဆုအားလည်းကောင်း ချီးမြှင့်ပေးခဲ့ကြပါသည်။ ထို့နောက် PUAMI Theme Song ဖြင့် ဖျော်ဖြေခဲ့ပါသည်။


 

     ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တက်ရောက်လာသော ဧည့်သည်တော်ကြီးများနှင့် မှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူး၍ ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြခန်းငယ်များအား လှည့်လည်ကြည့်ရှုကာ မြန်မာနိုင်ငံ အိပ်ချ်အိုင်ဗွီနှင့်နေထိုင်နေသူများ၊ ဦးတည်အုပ်စုများဖြစ်သော အမျိုးသားချင်းလိင်တူချစ်သူများ၊ အမျိုးသမီးလိင်အလုပ်သမများနှင့် မူးယစ်ဆေးအကြောထဲ ထိုးသွင်းသူများအား အားပေးစကားများပြောကြားခဲ့ပါသည်။

     အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး၊ ကျန်းမာရေးနှင့်အာကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဌ၊ ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(ငြိမ်း) ပါမောက္ခ ဒေါက်တာမြဦး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆရာဝန်အသင်းဥက္ကဌ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ WHO နှင့် UN Agencies များမှ ဌာနေကိုယ်စားလှယ်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပါမောက္ခချုပ်နှင့် ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခများ၊ INGO များ၊ အိပ်ချ်အိုင်ဗီ/ အေအိုင်ဒီအက်စ် ကာကွယ်ကုသရေးဆောင်ရွက်နေကြသော အဖွဲ့အစည်းများ၊ ကွန်ယက်များမှ ကိုယ်စားလှယ်များ၊ ပြည်သူလူထုအခြေပြုအဖွဲ့အစည်များမှ ကိုယ်စားလှယ်များ၊ အခြား ဖိတ်ကြားထားသူများ စုစုပေါင်း (၉၅၀)ဦးခန့် တက်ရောက်ကြပါသည်။

More Tags