NOW LOADING

ဗဟိုဆေးသိုလှောင်ရေးဌာန (ရန်ကုန်)နှင့် ဗဟိုဆေးသိုလှောင်ရေးဌာန (မန္တလေး)၏ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

နေပြည်တော်၊ ဖေဖော်ဝါရီလ (၇) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ဖေဖော်ဝါရီလ (၅)ရက်နေ့၊ မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ်(၄) နေပြည်တော်၌ ကျင်းပသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၏ ဗဟိုဆေးသိုလှောင်ရေးဌာန (ရန်ကုန်)နှင့် ဗဟိုဆေးသိုလှောင်ရေးဌာန (မန္တလေး)တို့အား သွားရောက်စစ်ဆေးခဲ့မှု တွေ့ရှိချက်များနှင့်ပတ်သက်သည့် ရှင်းလင်းတင်ပြခြင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

 

     အစည်းအဝေးတွင် ညွှန်ကြားရေးမှူး(ဖြန့်ဖြူးရေး) ဒေါက်တာစိုးနိုင်က ဒုတိယဝန်ကြီး၏ ဗဟိုဆေးသိုလှောင်ရေးဌာန (ရန်ကုန်)နှင့် (မန္တလေး)သို့ သွားရောက်ကြည့်ရှုစဉ် တွေ့ရှိ ချက်များနှင့်စပ်လျဉ်း၍ ရှင်လင်းတင်ပြခဲပါသည်။

     ၎င်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်ယူဖြန့်ဖြူးရေး) ဒေါက်တာဝင်းနိုင်က ခရီးစဉ်လမ်းညွှန်ချက်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။

 

     ထို့နောက် ဒုတိယဝန်ကြီး၊ ဒေါက်တာမြလေးစိန်က တင်ပြဆွေးနွေးရာတွင် -

• မိမိအနေ ဖြင့် ပြည်ထောင်စုဝန်ကြီး၏ တာဝန်ပေးချက်အရ ဗဟိုဆေးသိုလှောင်ရေးဌာန (ရန်ကုန်)နှင့် (မန္တလေး)တို့သို့ သွားရောက်၍ ဆေးသိုလှောင်ခန်းများအား ကြည့်ရှုစစ်ဆေးခြင်း၊ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ၎င်းတို့လုပ်ငန်းဆောင်ရွက်စဉ် တွေ့ကြုံရသော အခက်အခဲများနှင့် ဝန်ကြီးဌာနအပေါ် အကြံပြုလိုသည်များကို မေးခွန်းလွှာပုံစံများနှင့် ဖြေကြားစေကာ စုဆောင်းခဲ့ပါကြောင်း၊

• ဝန်ကြီးဌာနက ပံ့ပိုးပေးနိုင်သော ဆေးနှင့်ဆေးပစ္စည်းများကို ပုံမှန်မပြတ်မလတ် မျှတစွာ တစ်နိုင်ငံလုံးပျံ့နှံ့ရောက်ရှိ၍ ပြည်သူများ လက်လှမ်းမီရရှိစေရေးရည်ရွယ်၍ ဆေးဝါး ဝယ်ယူဖြန့်ဖြူးရေးဌာနခွဲမှ ဝန်ထမ်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊

• မိမိအနေဖြင့် ဆေးနှင့်ဆေးဝါးများ စီမံခန့်ခွဲရာတွင် ကြုံတွေ့နိုင်သော ကွာဟမှုများကို ဖော်ထုတ်ရန်နှင့် ထိုကွာဟမှုများကို ဖြည့်ဆည်းဆောင်ရွက်နိုင်မည့် နည်းလမ်းများပံ့ပိုးနိုင်ရန် ရည်ရွယ်၍ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါကြောင်း၊

• တွေ့ရှိချက်များအပေါ်မူတည်၍ အကြံပြုတင်ပြရပါလျှင် ဝယ်ယူဖြန့်ဖြူးရေးဌာနခွဲ၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်သတ်မှတ်ချက်များ ပြန်လည်စိစစ်ဆောင်ရွက်ရန်၊

• ဗဟိုဆေးသို လှောင်ရေးဌာနအတွက် အဆောက်အဦသစ်တစ်ခု ဆောက်လုပ်နိုင်ရန်အတွက် နေရာ လျာထား၍ အမြန်ဆောက်လုပ်နိုင်ရန်၊

• ဆေးနှင့်ဆေးပစ္စည်းဖြန့်ဖြူးရေးလုပ်ငန်းများအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆောင်ရွက်နေသော Mapping နှင့်ချိတ်ဆက်၍ စနစ်ကျသော Distribution Plan ရေးဆွဲဆောင်ရွက်ရန်၊

• ဆေးနှင့်ဆေးပစ္စည်းများ ပျက်စီးဆုံးရှုံးမှု နည်းစေရန် ဖြန့်ဖြူးရေးလုပ်ငန်းများတွင် ပြင်ပပုဂ္ဂလိက ပို့ဆောင်ရေးကုမ္ပဏီများငှားရမ်း၍ အာမခံစနစ်ဖြင့် တာဝန်ယူပြီး လျင်မြန်ထိရောက် တိကျစွာပို့ဆောင်နိုင်ရေး စဉ်းစားဆောင်ရွက်ရန်၊

• ဝယ်ယူဖြန့်ဖြူးရေးဌာနခွဲ (ဗဟို)၊ ဗဟိုဆေးသိုလှောင်ရေးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ဝယ်ယူဖြန့်ဖြူးရေးတာဝန်ခံများနှင့် အလုပ်ရုံဆွေးနွေးပွဲတစ်ခု ပြုလုပ်၍ ပိုမိုကောင်းမွန်သော Supply Chain Management System ဖြစ်လာစေရန် အခက်အခဲများဖယ်ထုတ်၍ ပြုပြင်ပြောင်းလဲသင့်သည်များကို ပြောင်းလဲပြီး Action Plan များ စနစ်တကျရေးဆွဲဆောင်ရွက်ရန်၊

• ဆေးသုတေနဦးစီးဌာနနှင့်းပူးပေါင်း၍ လက်ရှိဆောင်ရွက် အသုံးပြုနေသော Supply Chain Management System နှင့်ပတ်သက်၍ သုတေသနများပြုလုပ်ပြီး အားနည်းချက်များဖော်ထုတ်ပြုပြင်ရန်၊

• စီမံချက်မန်နေဂျာများအနေဖြင့် ပစ္စည်းများဝယ်ယူပို့ဆောင်ရာတွင် ဖြန့်ဝေမည့်စာရင်းနှင့်တကွ ဗဟိုဆေးသိုလှောင်ရေးဌာနသို့ ပေးပို့ရန်၊

• ဆေးနှင့်ဆေးပစ္စည်းစီမံခန့်ခွဲရေးတွင် Monitoring လုပ်ငန်းကို စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရန်၊

• လှူဒါန်းပစ္စည်းလက်ခံခြင်းဆိုင်ရာ Donation Policy ရှိရန် လိုအပ်ပြီး လိုအပ်သောဌာနများသို့ အချိန်မီဖြန့်ဖြူးနိုင်ရေးဆောင်ရွက်ရန်၊

• ဝန်ထမ်းများ အရည်အသွေး တိုးတက်မြင့်မားစေရေးအတွက် Supply Chain နှင့်ပတ်သက်သည့် သင်တန်းများ၊ လေ့လာရေးခရီးစဉ်များ စီစဉ်ဆောင်ရွက်ရန်၊ ဗဟိုဆေးသိုလှောင်ရေး ဌာနတွင် ကြာမြင့်စွာကျန်ရှိနေသော ဆေးပစ္စည်းများအား ဓါတ်ပုံဖြင့်မှတ်တမ်းတင်၍ စာရင်းပြုစုပြီး ဆေးရုံများသို့ အကြောင်းကြားဖြန့်ဝေနိုင်ရေးဆောင်ရွက်ရန်တို့ ဖြစ်ပါကြောင်းဖြင့် ဒုတိယဝန်ကြီးက တင်ပြခဲ့ပါသည်။

 

     အစီအစဉ်အရ အစည်းအဝေးတက်ရောက်လာသော အမြဲတမ်းအတွင်းဝန်များနှင့် ဦးစီးဌာနမှ တာဝန်ရှိသူများက အထွေထွေဆွေးနွေးတင်ပြကြပါသည်။

 

     ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်မှာကြားရာတွင် -

• ပထမဦးစွာ ယခုကဲ့သို့ ဗဟိုဆေးသိုလှောင်ရေးဌာနများသို့ သွားရောက်စစ်ဆေးပေးခဲ့သော ဒုတိယဝန်ကြီးနှင့် အရင်းအမြစ်ကန့်သတ်မှုများအကြားက တာဝန်ထမ်းဆောင်နေကြသော ဝယ်ယူဖြန့်ဖြူးရေးဌာနခွဲ (ဗဟို)နှင့် ဗဟိုဆေးသိုလှောင်ရေးဌာန (ရန်ကုန်)နှင့် (မန္တလေး)တို့မှ ဝန်ထမ်းများအား ကျေးဇူးတင် အသိအမှတ်ပြုလိုပါကြောင်း၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် နိုင်ငံ့ဘဏ္ဍာငွေဖြင့် ပြည်သူများအတွက် လိုအပ်သည့် ဆေးဝါးနှင့် ဆေးပစ္စည်းများကိုဝယ်ယူထောက်ပံ့ပေးရာတွင် အခက်အခဲများစွာ ကြုံတွေ့ခဲ့ကြသည်ကို သိရှိပါကြောင်း၊

• ဆေးရုံ/ဆေးခန်းအလိုက် အဖြစ်များသောရောဂါများ အပေါ်မူတည်၍ မရှိမဖြစ်လိုအပ်သော အခြေခံဆေးဝါးများ၊ ကင်ဆာဆေးဝါးများ၊ စက်ကိရိယာပစ္စည်းများ၊ ဆေးရုံသုံးပရိဘောဂများကို ဝယ်ယူဖြည့်တင်းပေးလျက်ရှိပါ ကြောင်း၊

• သို့ရာတွင် ယမန်နှစ် ဆေးဝါးအသုံးပြုမှုပေါ်မူတည်၍ ခန့်မှန်းတွက်ချက်ဝယ်ယူရသည့်အတွက် ဆေးရုံအုပ်ကြီးများ၊ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာ ပါမောက္ခများ၊ ဌာနတာဝန်ခံများနှင့် ဆွေးနွေးတိုင်ပင်ခဲ့စေကာမူ လက်တွေ့တွင် ကွာဟချက်၊ လိုအပ်မှုများ၊ ပိုလျှံမှုများ ကြုံတွေ့နေရဆဲပင်ဖြစ်ပါကြောင်း၊

• ဝယ်ယူထားသော ဆေးဝါးများ သက်တမ်းမကုန်စေရန်နှင့် စနစ်တကျအကျိုးရှိစွာ အသုံးချရန် အဆင့်ဆင့်တာဝန်ယူကြရမှာဖြစ်ပါကြောင်း၊

• သက်တမ်းကြာပြီး ဟောင်းနွမ်းနေသော ဗဟိုဆေးသိုလှောင်ရေးဌာနများအတွက် အဆောက်အဦအသစ်ဆောက်လုပ်ရန် မြေနေရာသတ်မှတ်ပြီး အမြန်ဆုံးဆောင်ရွက်မည် ဖြစ်ပါကြောင်း၊

• လိုအပ်သော ဝန်ထမ်းနေရာများအတွက်လည်း စိတ်ဝင်စားမှုရှိသော ဝန်ထမ်းများအား အမြန်ဆုံး ပြောင်းရွှေ့ခန့်ထားမည်ဖြစ်ကြောင်း၊

• မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းများ၏စကားကို လေးနက်စွာနားထောင်ပြီး လိုအပ်ချက်များကို အဆင့်လိုက် အမြန်ဆုံး ဖြည့်ဆည်းသွားမည်ဖြစ်ပါကြောင်း၊

• လက်ရှိသုံးစွဲလျက်ရှိသော Stranded Operating Procedures (SOP) နှင့် Guidelines များကို ပြန်လည်သုံးသပ်၍ မွမ်းမံရမှာဖြစ်ကြောင်:၊ Supply Chain ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခု အမြန်ဆုံးဆောင်ရွက်သွားကြ စေလိုကြောင်း၊

• ကွန်ပျူတာစနစ်သုံး၍ ဆောင်ရွက်နိုင်ရန် လိုအပ်သော ကွန်ပျူတာများကိုလည်း ရုံးချုပ်မှ အမြန်ဆုံးပံ့ပိုးထားရမှာဖြစ်ကြောင်း၊

 

• ဆေးဝါးများဖြန့်ဖြူးသောပုံစံ Mapping ကို ပြန်လည်လုပ်ဆောင်ရန်လိုကြောင်း၊ လွန်ခဲ့သော (၄)နှစ်က သုံးစွဲခဲ့သော ပျမ်းမျှဆေးဝါးပမာဏကို ပြန်လည်တွက်ချက် ၍ လိုအပ်ချက်နှင့် အတတ်နိုင်ဆုံးကိုက်ညီစေရန် ဝယ်ယူကြရမှာဖြစ်ကြောင်း၊

• ဝယ်ယူဖြန့်ဖြူးရေးဌာနခွဲ (ဗဟို)နှင့် ဗဟိုဆေးသိုလှောင်ရေးဌာနများ၊ တိုင်းဒေသ ကြီး/ပြည်နယ်များမှ တာဝန်ခံများကြား ဆက်သွယ်ရေးကွန်ရက်ကို ပိုမိုစနစ်ကျ ဆောင်ရွက်နိုင်အောင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ)ဦးဆောင်၍ ပံ့ပိုးပေးစေလိုကြောင်း၊

• ဗဟိုဆေးသိုလှောင်ရေးဌာနဝန်ထမ်းများ၏ အရည်အသွေးတိုးတက်မြင့်မားရေးနှင့် ယခုထက်ကောင်းမွန်သော အလုပ်ပတ်ဝန်းကျင်ဖြစ်စေရေးအတွက် ဝန်ကြီးဌာနအနေဖြင့် အစွမ်း ကုန်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊

• ဝယ်ယူဖြန့်ဖြူးရေးဆိုင်ရာ သုတေသနလုပ်ငန်းများ လည်း ဆောင်ရွက်သွားကြစေလိုပြီး ဘဏ္ဍာငွေပံ့ပိုးပေး မည်ဖြစ်ကြောင်း၊

• မိမိတို့ဝန်ကြီးဌာန နှင့် လက်တွဲဆောင်ရွက်ရသော အဖွဲ့အစည်းများမှ ဝယ်ယူဖြန့်ဖြူးရေးဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ အမြန်ခေါ်ယူ၍ နည်းပညာအကူအညီရယူစေလိုကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်အလိုက် Supply Chain Management ဆိုင်ရာ တာဝန်ခံအဖြစ် သင့်တော်သော ဒုတိယဦးစီးဌာနမှူးများအား တာဝန်ပေး၍ Monitoring လုပ်ငန်းများ စနစ်တကျ ကြီးကြပ်ကြရမှာဖြစ်ကြောင်းနှင့် ယခု ဗဟိုဆေးသိုလှောင်ရေးဌာန ဝန်ထမ်းများအား မေးခွန်းလွှာများ လျှို့ဝှက်ဖြည့်စွက်စေသကဲ့သို့ ဝန်ကြီးဌာနတစ်ခုလုံးရှိ ဝန်ထမ်းများ၏အသံများကိုလည်း နားထောင်၍ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် မှာကြားခဲ့ပါသည်။

 

     ညှိနှိုင်းအစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ ခေတ္တညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဗဟိုဆေးသိုလှောင်ရေးဌာန(ရန်ကုန်)နှင့် (မန္တလေး)မှ တာဝန်ရှိသူများ တက်ရောက်ကြ ပါသည်။

 
 

More Tags