NOW LOADING

ပြည်သူ့ကျန်းမာရေး မဟာဘွဲ့၊ ဆေးပညာမဟာသိပ္ပံ (ဆေးရုံအုပ်ချုပ်မှုနှင့် ကျန်းမာရေးစီမံခန့်ခွဲမှုပညာ)၊ ကာကွယ်ရေးနှင့် အပူပိုင်းဆေးပညာ မဟာဘွဲ့နှင့် ကျန်းမာရေးမဟာသိပ္ပံ (အခြေခံကျန်းမာရေး) အောင်မြင်ခဲ့သူများအား ပြည်ထောင်စုဝန်ကြီးက လမ်းညွှန် အမှာစကားပြောကြား

ရန်ကုန်၊ ဇန်နဝါရီလ (၇)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဇန်နဝါရီလ (၆)ရက်နေ့၊ နံနက်ပိုင်းတွင် ပြည်သူ့ကျန်းမာရေးမဟာဘွဲ့၊ ဆေးပညာမဟာသိပ္ပံ (ဆေးရုံအုပ်ချုပ်မှုနှင့် ကျန်းမာရေးစီမံခန့်ခွဲမှုပညာ)၊ ကာကွယ်ရေးနှင့် အပူပိုင်း ဆေးပညာမဟာဘွဲ့နှင့် ကျန်းမာရေးမဟာသိပ္ပံ (အခြေခံကျန်းမာရေး) အောင်မြင်ခဲ့သူ စုစုပေါင်း (၁၀၄)ဦးအနက် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် (၈၄)ဦးအား ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်)၌ တွေ့ဆုံ၍ လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် -

• ယခုကဲ့သို့ ပညာရပ်အသီးသီးတွင် မဟာဘွဲ့ ပြီးမြောက်အောင်မြင်ခဲ့သူများသည် အနာဂတ် ကာလတွင် ပြည်သူ့ကျန်းမာရေးခေါင်းဆောင်များ၊ ဆေးရုံအုပ်ကြီးများ၊ ကျန်းမာရေးကဏ္ဍ နယ်ပယ်အသီးသီးတွင် ဝန်ကြီးဌာနအတွက် အားကိုးအားထားပြုရသည့် ပညာရှင်များ ဖြစ်လာရုံသာမက ဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုနေရာ ရာထူးများ၊ အဆင့်မြင့်အရာရှိကြီးများ ဖြစ်လာကြမည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များကို ကြိုးပမ်းဆောင်ရွက်ပြီး ပညာရပ်ပိုင်းဆိုင်ရာ စွမ်းရည်များ မြင့်မားတိုးတက်ရေးအတွက် မဟာဘွဲ့များရရှိရန်အတွက်လည်း လုံ့လစိုက်ထုတ် ဆောင်ရွက်ခဲ့မှုအပေါ် ချီးကျူး ဂုဏ်ယူပါကြောင်း၊

• ပညာရပ်စွမ်းဆောင်ရည် ပိုမိုမြင့်မားရေးအတွက် ယခုမဟာဘွဲ့ရရှိရုံမျှနှင့် မပြီးသေးဘဲ ထပ်မံ၍ ပညာရပ်များ စဉ်ဆက်မပြတ် ဆည်းပူးကြရန် တိုက်တွန်းလိုပြီး ဝန်ကြီးဌာနမှလည်း အတတ်နိုင်ဆုံးပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊

 

• ဌာနအသီးသီး၊ စီမံချက်လုပ်ငန်း အသီးသီးတွင် တာဝန်ထမ်းဆောင်ရသည့်အခါ လုပ်ငန်းနှံ့စပ် ကျွမ်းကျင်မှုရှိစေရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ဌာနချုပ် နှင့် US CDC တို့၏ အင်တာနက်စာမျက်နှာမှ ကျန်းမာရေးဆိုင်ရာသတင်းများ၊ ကမ္ဘာ့ကျန်းမာရေး အစည်းအဝေးပွဲများမှ သဘောတူညီချက်များ၊ ကြေငြာချက်များ၊ ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာမှ သတင်းများ၊ လုပ်ငန်းလမ်းညွှန်ချက်များ၊ လက်စွဲစာအုပ်များကို လေ့လာကြရန် တိုက်တွန်းလိုပါကြောင်း၊

• ပညာရှင်များအနေဖြင့် နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ကြရမည်ဖြစ်ရာ အင်္ဂလိပ်စာကျွမ်းကျင်မှု ရှိရန်မှာ အထူးအရေးကြီးသဖြင့် လေ့လာလိုက်စားကြစေလိုပါကြောင်း၊

• ဝန်ထမ်းများ တာဝန်ထမ်းဆောင်ရာနေရာဒေသတွင် နေထိုင်ရေးအဆင်ပြေစေရေးနှင့် ရာထူးအဆင့်တိုးမြှင့်ရေး ကိစ္စများကိုလည်း အလေးပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊

 

• သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းသည် နိုင်ငံတော်၊ ဝန်ကြီးဌာနနှင့် ပညာရပ်ကဏ္ဍနယ်ပယ်တို့ ပိုမိုတိုးတက်ဖွံ့ဖြိုးစေရန် အဓိက အရေးကြီးသည်သာမက သုတေသနပြုလုပ်သူ တစ်ဦးချင်းစီအတွက်လည်း စဉ်းစားတွေးခေါ်ပုံနှင့် အသိပညာများ ပိုမိုတိုးတက်မြင့်မားလာကာ ပညာရပ်အလိုက် ကျွမ်းကျင်နှံစပ်မှု ပိုမိုကောင်းမွန်လာသည့် အကျိုးကျေးဇူးများရရှိပါကြောင်း၊

• ဝန်ကြီးဌာနမှ လက်တွေ့အသုံးချ သုတေသနများကို (၂၀၁၇-၂၀၁၈)ခု ဘဏ္ဍာနှစ်တွင် ခွင့်ပြုဘဏ္ဍာငွေ ကျပ်သန်း (၁၀ဝ၀) ဖြင့် (၂၆၃) ခု၊ (၂၀၁၈)ခု ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခွင့်ပြုဘဏ္ဍာငွေ ကျပ်သန်း (၅၀ဝ) ဖြင့် (၂၁၄) ခု ဆောင်ရွက်ခဲ့ပြီး (၂၀၁၈-၂၀၁၉)ခု ဘဏ္ဍာနှစ်တွင် လက်တွေ့ အသုံးချသုတေသနများဆောင်ရွက်ရန် ကျပ်သန်း (၁၅၀ဝ) ကို ခွင့်ပြုချထားပါကြောင်း၊

 

• ဆေးသုတေ သနဦးစီးဌာန (ပြင်ဦးလွင်)တွင် ဆေးသုတေသနဆိုင်ရာ စွမ်းဆောင်ရည်မြှင့် certificate သင်တန်းများ ပြုလုပ်လျက်ရှိပြီဖြစ်ပါကြောင်း၊

• လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသင်းအဖွဲ့စိတ်ဓာတ်၊ ညှိနှိုင်းစုစည်းဖြေရှင်းတတ်သော စိတ်ဓာတ်၊ အပြန်အလှန်လေးစားမှု၊ အကောင်းမြင်စိတ် တို့ဖြင့် ဆောင်ရွက်သွားကြပါရန် တိုက်တွန်းလိုပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် (၁) ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ အမြဲတမ်းအတွင်းဝန် (၂) ဒေါက်တာသာထွန်းကျော်နှင့် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ပူးတွဲတာဝန်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး တို့က အမှာစကားများ အသီးသီး ပြောကြားခဲ့ကြပါသည်။

 

ယင်းနောက် မဟာဘွဲ့ရရှိအောင်မြင်ခဲ့သူများကိုယ်စား သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကိုယ်စားလှယ်များက တက်ရောက်ခဲ့သည့် မဟာဘွဲ့သင်တန်းများနှင့် ပတ်သက်၍ လိုအပ်ချက် များနှင့် ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် အကြံပြုချက်များကို အသီးသီးတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက -

• ယခုကဲ့သို့ အကြံပြုချက်များကို မှတ်တမ်းတင်ထားရှိမည်ဖြစ်ကာ ပိုမိုကောင်းမွန်စေရေးအတွက် မွမ်းမံ ပြင်ဆင်သင့်သည်များကို အမြန်ဆုံး မွမ်းမံပြင်ဆင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါ သည်။

 

     အဆိုပါ တွေ့ဆုံပွဲသို့ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ပါမောက္ခဒေါက်တာ ကျော့စန်းလွင်၊ ပါမောက္ခများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဇန်နဝါရီလ (၆)ရက်နေ့၊ နေ့လယ်ပိုင်းတွင် ပြည်သူ့ကျန်းမာရေး တက္ကသိုလ် (ရန်ကုန်)၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဗဟိုအဆင့် ဆေးရုံကြီးများအပါအဝင် ဆေးရုံ (၂၆)ရုံမှ ဆေးရုံအုပ်ကြီးများ၊ ဆေးရုံအုပ်များ၊ တာဝန်ရှိသူများ နှင့်တွေ့ဆုံ၍ ကုသရေးရာလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ထမ်းရေးရာ၊ ဆေးနှင့်ဆေးပစ္စည်းကိရိယာများ၊ စီမံအုပ်ချုပ်မှု ရေးရာ၊ ဆောက်လုပ်ရေးနှင့်ပြုပြင်ထိန်းသိမ်းရေးစသည့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးပြီး ချက်ချင်းဖြည့်ဆည်းပေးနိုင်သည်များကို ဖြည့်ဆည်းပေးခဲ့ကာ ရေရှည် ဆောင်ရွက်ပေးရမည့်များကို စီစဉ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။

More Tags