NOW LOADING

ပြည်သူ့ကျန်းမာရေး ပါရဂူဘွဲ့၊ ပြည်သူ့ကျန်းမာရေး မဟာဘွဲ့၊ ဆေးရုံအုပ်ချုပ်မှုပညာ မဟာဘွဲ့နှင့် ကာကွယ်ရေးနှင့် အပူပိုင်းဆေးပညာမဟာဘွဲ့ ရရှိသူများနှင့် ပြည်ထောင်စုဝန်ကြီး တွေ့ဆုံ၍ လမ်းညွှန်အမှာစကားပြောကြား

Union Minister Dr. Myint Htwe meets the recent PhD (Public Health), Master of Public Health, Master of Hospital Administration and M.Med.Sc (Preventive and Tropical Medicine) graduates at University of Public Health (Yangon)

ရန်ကုန်၊ (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်) သို့သွားရောက်၍ (၂၀၁၉) ခုနှစ်၊ ဒီဇင်ဘာလတွင် သက်ဆိုင်ရာ သင်တန်းများ အောင်မြင်ပြီးစီး၍ ပြည်သူ့ကျန်းမာရေးပါရဂူဘွဲ့ ရရှိသူ (၄) ဦး၊ ပြည်သူ့ကျန်းမာရေးမဟာဘွဲ့ရရှိသူ (၃၆) ဦး၊ ဆေးရုံအုပ်ချုပ်မှုပညာမဟာဘွဲ့ ရရှိသူ(၁၄) ဦးနှင့် ကာကွယ်ရေးနှင့် အပူပိုင်းဆေးပညာမဟာဘွဲ့ရရှိသူ (၂၂) ဦး တို့နှင့် တွေ့ဆုံ၍ လမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• ဝန်ကြီးဌာန၏ ပြည်သူများအတွက်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ပိုမိုစွမ်းဆောင်ရည်မြင့်မားစွာဆောင်ရွက်နိုင်စေရန်အတွက် ပါရဂူဘွဲ့နှင့် မဟာဘွဲ့များဆွတ်ခူးရရှိရန် ကြိုးပမ်းခဲ့ သူများအား ချီးကျူးဂုဏ်ပြုပါကြောင်း၊

• ယခုကဲ့သို့ ပါရဂူနှင့် မဟာဘွဲ့သင်တန်းများအောင်မြင်ပြီးမြောက်ခဲ့သူများအနေဖြင့် နောင်အနာဂတ်တွင် ကျန်းမာရေးကဏ္ဍလုပ်ငန်းများကို ပုံဖော်ဆောင်ရွက်မည့်၊ ဦးဆောင် ဆောင်ရွက်မည့်သူ များဖြစ်သည်နှင့် အညီ ပညာရပ်ပိုင်းဆိုင်ရာများကို စဉ်ဆက်မပြတ်လေ့လာစေလိုပါကြောင်း၊

• ဝန်ကြီးဌာန၏ တာဝန်ကျရာလုပ်ငန်းခွင်တွင် တာဝန်ထမ်းဆောင်ရာတွင်လည်း ကြိုးပမ်းဆောင်ရွက်ကြစေလိုပြီး သင်ကြားလာသည့်ပညာရပ်များနှင့် လက်တွေ့လုပ်ငန်းခွင်မှ အတွေ့အကြုံများကို ပေါင်းစပ်ဆောင်ရွက်ကြစေလိုပါကြောင်း၊

 

• အင်္ဂလိပ်စာဘာသာရပ် ကျွမ်းကျင်မှုတိုးတက်စေရန်အတွက် လက်ကိုင်ဖုန်းများတွင် TED Talks ကိုထည့်သွင်းထားစေလိုပြီး ကျန်းမာရေးကဏ္ဍ ပညာရပ်နှင့် သတင်းအချက် အလက်များအတွက် WHO Headquarters၊ အမေရိကန် CDC ၏ Public Grand Round တို့ကို ထည့်သွင်းထားပြီး စဉ်ဆက်မပြတ်လေ့လာစေလိုပါကြောင်း၊

• ဝန်ကြီးဌာနရှိ မဟာသိပ္ပံဘွဲ့သင်တန်းများအတွက် ဝင်ခွင့်ဖြေဆိုရာ၌ အင်္ဂလိပ်စာ ဘာသာရပ်ကို စစ်ဆေးသည့် ပုံစံကို ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• ဆေးပညာ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် သက်ဆိုင်သော အင်္ဂလိပ်စာကိုသာ အဓိကထားစစ်ဆေးနိုင်ရန်နှင့် ဝင်ခွင့်စာမေးပွဲဖြေဆိုချိန်တွင် မဟုတ်ဘဲ (၄) လ လျှင်တစ်ကြိမ် အင်္ဂလိပ်စာ ဘာသာရပ်ကို ပုံမှန်စစ်ဆေးထားပြီး အောင်မြင်ထားရှိပါက (၃) နှစ်အတွင်း ထပ်မံဖြေဆိုရန်မလိုဘဲ မဟာသိပ္ပံဘွဲ့သင်တန်းဝင်ခွင့်ဖြေဆိုရာတွင် သက်ဆိုင်ရာ ဆေးနှင့်ဆေးနှီးနွှယ်ပညာဘာသာရပ်ကိုသာ ဖြေဆိုရမည်ဖြစ်ပါကြောင်း၊

 

• အင်္ဂလိပ်စာ ဘာသာရပ်ရမှတ်ကို ထည့်သွင်းစဉ်းစားမည်မဟုတ်ဘဲ အောင်မြင်ထားရှိပါက မဟာဘွဲ့လွန်သင်တန်းဝင်ခွင့်ဖြေဆိုနိုင်မည်ဖြစ်ပြီး သက်ဆိုင်ရာဘာသာရပ်ရမှတ်ဖြင့်သာ ဝင်ခွင့်အတွက် ဆုံးဖြတ်မည်ဖြစ်ပါကြောင်း၊

• ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပါမောက္ခချုပ်များ၊ တာဝန်ရှိသူများနှင့် အမြန်ဆုံးညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် သုတေသနရန်ပုံငွေများ သိသာထင်ရှားစွာပိုမိုတိုးမြှင့်ချထား ပေးလျက်ရှိရာ တာဝန်ကျရာ လုပ်ငန်းခွင်၊ ဌာနများ ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် အသုံးချသုတေသနများကို ဆောင်ရွက်စေလိုပါကြောင်း၊

 

• လုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ကြီးဌာနရှိ အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များ၏ စွမ်းဆောင်ရည်များကို ရယူအသုံးချဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• ဆေးရုံကြီးများတွင် ဆေးရုံပိုင်းဆိုင်ရာလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်ရေး၊ ဆေးရုံအချက်အလက်များကို ဆန်းစစ်သုံးသပ်မှုများပြုလုပ်နိုင်ရေး၊ နှစ်ပတ်လည် အစီရင်ခံစာများကို လုပ်ငန်းဆန်းစစ်သုံးသပ်မှုနှင့် ပိုမိုကောင်းမွန်စေရေး အကြံပြုချက် များနှင့်တကွ ပြုစုထုတ်ဝေနိုင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ပြည်သူ့ကျန်းမာရေး မဟာဘွဲ့ရ ရှိသူများကို ယခုနှစ်မှစတင်၍ တာဝန်ချထား ပေးမည်ဖြစ်ပါကြောင်း၊

• လုပ်ငန်းတာဝန်များကို ဆောင်ရွက်သည်သာမက မိမိတို့၏ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစားများလည်း ပုံမှန်ပြုလုပ်ကြစေလိုပါကြောင်း၊

 

• ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်) တွင် သုတေသနစွမ်းဆောင်ရည် လေ့ကျင့်မြှင့်တင်ရေးဗဟိုဌာနကို ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ပါဝင်တက်ရောက်စေ လိုပါကြောင်း၊

• မိမိတို့တာဝန်ကျရာ ဌာနများတွင် လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ပြည်သူများနှင့် နိုင်ငံတော်အတွက် အကျိုးရှိမည်သာမက မိမိကိုယ်တိုင်အတွက်လည်း လုပ်ငန်းကျွမ်းကျင်မှုအတွေ့အကြုံများစွာရရှိကာ စွမ်းဆောင်ရည်များ ပိုမိုမြင့်မား လာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ် (ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန) ဒေါက်တာတင်တင်လေး၊ ညွှန်ကြားရေးမှူးချုပ် (အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန) ပါမောက္ခဒေါက်တာခင်ဇော်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (အမျိုးသားကျန်းမာရေးဆိုင်ရာဓာတ်ခွဲဌာန) ပါမောက္ခဒေါက်တာဌေးဌေးတင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်ယူဖြန့်ဖြူးရေး) ဒေါက်တာဝင်းနိုင်တို့က ပါရဂူဘွဲ့နှင့် မဟာဘွဲ့သင်တန်းများ အောင်မြင်ပြီးမြောက်ခဲ့သူများအတွက် ချီးကျူးဂုဏ်ပြုစကား ပြောကြားခဲ့ပြီး ဌာနအလိုက်သက်ဆိုင်ရာ လုပ်ငန်းခွင်အကြောင်းအရာများကို အသီးသီးပြောကြားခဲ့ကြပါသည်။

 

     ယင်းနောက် ပါရဂူဘွဲ့နှင့် မဟာဘွဲ့ရရှိခဲ့သူများက သက်ဆိုင်ရာ သင်တန်းများပိုမိုတိုးတက်ကောင်းမွန်စေရေး အကြံပြုချက်များနှင့် အထွေထွေတင်ပြချက်များကို ဆွေးနွေးတင်ပြခဲ့ပါသည်။

 

     ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်) မှ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာလှလှဝင်း၊ ပါမောက္ခ/ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ လက်ထောက်ကထိကများ နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

 
 

More Tags