NOW LOADING

ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆေးကောင်စီ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေး

Union Minister Dr. Myint Htwe receives the President and EC members of Myanmar Medical Council

ရန်ကုန်၊ (၂၀၁၉) ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် (၁-၁၂-၂၀၁၉) ရက်၊ နံနက်ပိုင်းအချိန်တွင် ဗဟန်းမြို့နယ်ရှိ ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ မြန်မာနိုင်ငံဆေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာအက်စ်ကျော်လှနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံတွင် အမြဲနေထိုင်ခွင့် (PR) ရရှိပြီးသူများနှင့် နိုင်ငံခြားသားအဖြစ်ခံယူထားသော မူလမြန်မာနိုင်ငံဖွား အထူးကုဆရာဝန်များနှင့် ဆရာဝန်များနှင့်ပတ်သက်သော ကန့်သတ်အထွေထွေဆေးကုသခွင့်လိုင်စင်နှင့် ကန့်သတ်အထူးဆေးကုသခွင့်လိုင်စင်များ ဖြေလျော့ပေးနိုင်ရန်အတွက် ဆောင်ရွက် ထားရှိမှုများကို ဆွေးနွေးကြပါသည်။

 


 

     ထိုဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် အမြဲနေထိုင်ခွင့်(PR) ရရှိပြီးသူများနှင့် နိုင်ငံခြားသားအဖြစ်ခံယူထားသော မူလမြန်မာနိုင်ငံဖွား ဆရာဝန်များကို ဆေးကုသခွင့်လိုင်စင်များ ထုတ်ပေးရာတွင် (၂၉.၁၁.၂၀၁၉)ရက်နေ့တွင် ပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး၌ မိမိရှင်းလင်းပြောကြားခဲ့သည့်အတိုင်း ကောက်ခံသည့် လိုင်စင်ကြေးအပါအဝင် ကန့်သတ်မှုများကို အတိုင်းအတာတစ်ခုအထိ ဖြေလျော့ဆောင်ရွက်ပေးခြင်းအားဖြင့် ပြည်ပရောက် မူလမြန်မာနိုင်ငံဖွား ဆရာဝန်များနှင့် မိမိတို့ နိုင်ငံရှိဆရာဝန်များအကြား အတွေ့အကြုံပညာရပ်များကို နှစ်ဦးနှစ်ဘက် အပြန်အလှန်မျှဝေဖလှယ်နိုင်မည်ဖြစ်ပြီး ပြည်သူများ အကျိုးရှိမည်ဖြစ်ပါကြောင်း၊

     မြန်မာနိုင်ငံဆေးကောင်စီအနေဖြင့် ဆေးကုသခွင့်လိုင်စင် လျှောက်ထားရာတွင် လိုအပ်သော အချက်အလက်အကြောင်းအရာများကို အလွယ်တကူသိရှိနိုင်စေရန်အတွက် ကိုယ်ပိုင်အင်တာနက်စာမျက်နှာ ဝက်ပ်ဆိုဒ်တစ်ခုထူတောင်၍ ကြိုတင်အသိပေး ကြေညာထားစေလိုကြောင်း၊ လိုင်စင်လျှောက်ထားခြင်း၊ လိုင်စင်ကြေးများပေးသွင်းခြင်းများကိုလည်း ပိုမိုအဆင်ပြေစေရန်အတွက်လည်း အွန်လိုင်းမှတစ်ဆင့် ပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ထို့အပြင် သက်ဆိုင်ရာ ဆေးပညာရပ်အလိုက် အထူးကုဆရာဝန်များအား မြန်မာနိုင်ငံဆေးကောင်စီ၊ သက်ဆိုင်ရာဆေးပညာအဖွဲ့များနှင့် ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အရည်အချင်းစစ်စာမေးပွဲများပြုလုပ်၍ ဘုတ်အဖွဲ့ အသိအမှတ်ပြု အထူးကုဆရာဝန် (Board Certified Doctor) များအဖြစ် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနိုင်ရေးကို ရေရှည်အကျိုး မျှော်ကိုး၍ စဉ်းစားဆောင်ရွက်ကြစေလိုပါကြောင်း၊ ထိုကဲ့သို့ ဘုတ်အဖွဲ့ အသိအမှတ်ပြု အထူးကုဆရာဝန် (Board Certified Doctor) များအဖြစ် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနိုင်ရေးအတွက် အမေရိကန်နိုင်ငံ၊ ဗြိတိန်နိုင်ငံနှင့် အခြားဖွံ့ဖြိုးပြီး နိုင်ငံများသို့ သွားရောက်လေ့လာ၍ မိမိတို့နိုင်ငံနှင့်သင့်လျော်သော စနစ်ကို စဉ်စား၍ ဆောင်ရွက်စေလိုပါကြောင်း ပြောကြားခဲ့ပါသည်။


 

     မြန်မာနိုင်ငံဆေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာအက်စ်ကျော်လှက ပြည်ထောင်စုဝန်ကြီး လွှတ်တော်တွင် ဖြေကြားခဲ့သည့်အတိုင်း အမြဲနေထိုင်ခွင့် (PR) ရရှိပြီးသူများနှင့် နိုင်ငံခြားသားအဖြစ် ခံယူထားသော မူလမြန်မာနိုင်ငံဖွား ဆရာဝန်များကို ဆေးကုသခွင့်လိုင်စင်များ ထုတ်ပေးရာတွင် ပြည်ထောင်စုဝန်ကြီး ပြည်သူ့လွှတ်တော်တွင် ရှင်းလင်းဖြေကြားထားသကဲ့သို့ ဖြေလျော့မှုများကို ဆောင်ရွက် ပေးသွားရန် မိမိတို့ အလုပ်အမှုဆောင်အဖွဲ့က (၂၉-၁၁-၂၀၁၉) ရက်နေ့တွင် အစည်းအဝေးပြုလုပ်၍ သဘောတူဆုံးဖြတ်ထားပြီး ဖြစ်ပါကြောင်းနှင့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှစ၍ စတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လိုင်စင်ကြေးနှုန်းထားသတ်မှတ်ချက်များကို လျှော့ချ၍ ကောက်ခံသွားမည့်အပြင် ယခင်ကကဲ့သို့ တစ်ကြိမ်လျင် (၃)လစာ စုပေါင်းသွင်းရခြင်းမျိုး မဟုတ်ဘဲ တစ်လချင်း လိုအပ်ချက်အညီ ပေးသွင်းသွားနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တစ်ချိန်တည်းတွင် မိမိတို့ ကောင်စီအနေဖြင့် လူနာဘေးကင်းလုံခြုံရေးနှင့် ပြည်သူများ အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး ရည်ရွယ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     အဆိုပါတွေ့ဆုံပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ ကျန်းမာရေးလူ့စွမ်းအားအရင်းမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေး၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်သန်းထွန်း၊ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ဇော်၊ မြန်မာနိုင်ငံဆေးကောင်စီ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်များဖြစ်သော ပါမောက္ခဒေါက်တာအေးမောင်ဟန်၊ ပါမောက္ခ ဒေါက်တာကြည်ကြည်သင်း၊ ပါမောက္ခ ဒေါက်တာမြသိန်းဟန်တို့ တက်ရောက်ခဲ့ကြပါသည်။

More Tags