NOW LOADING

ပြည်ထောင်စုဝန်ကြီးသည် နော်ဝေနိုင်ငံ၊ အော်စလိုတက္ကသိုလ်၊ Institute of Health and Society, Faculty of Medicine မှ ပါမောက္ခဖြစ်သူနှင့် Project Leader of My-NORTH project ဖြစ်သူ Professor Espen Bjertness အားလက်ခံတွေ့ဆုံ

နေပြည်တော်။ ။ ဇန်နဝါရီလ (၁၀) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် နော်ဝေနိုင်ငံ၊ အော်စလိုတက္ကသိုလ်၊ Institute of Health and Society, Faculty of Medicine မှ ပါမောက္ခဖြစ်သူနှင့် Project Leader of My-NORTH project ဖြစ်သူ Professor Espen Bjertness အား နေပြည်တော်တွင်ပြုလုပ်သည့် အလုပ်သဘောညစာစားပွဲ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

     ထိုသို့တွေ့ဆုံရာ၌ Professor Espen Bjertness မှပြောကြားရာတွင် -

• My-NORTH project အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာတွင် အောင်မြင်မှုများစွာရရှိခဲ့ပြီး အထူးသဖြင့် သုတေသန စာတမ်းရေးသားခြင်း၊ သုတေသနစာတမ်းများကို နိုင်ငံတကာအဆင့်မီထုတ်ဝေလျက် ရှိသော ဂျာနယ်များတွင် ထုတ်ဝေနိုင်ခဲ့ခြင်း၊

• ပြည်သူ့ကျန်းမာရေးဘာသာရပ်အပြင် ခန္ဓာဗေဒကဲ့သို့သော ပညာရပ်နယ်ပယ်များတွင် ပါရဂူဘွဲ့ရ ကျောင်းသားအများအပြား မွေးထုတ်ပေးနိုင်ခဲ့ခြင်း၊

• DHIS 2 ကဲ့သို့သော ကွန်ပျူတာအခြေပြု ကျန်းမာရေးသတင်းစနစ်အား အစပြုပေး နိုင်ခဲ့ခြင်း၊

• ဆေးတက္ကသိုလ်များတွင် သင်ရိုးညွှန်းတမ်းနှင့် သင်ကြားပုံနည်းစနစ်များအား အဆင့်မြှင့် တင်၍ e-learning system ဖြစ်ပေါ်ရန် ပူးပေါင်းပံ့ပိုးပေးခဲ့ခြင်း၊

• အင်တာနက်ကွန်ယက် လျင်မြန်စွာချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းပံ့ပိုး ပေးခဲ့ခြင်း စသည်တို့ကို လုပ်ဆောင်ပေးနိုင်ခဲ့ပြီး-

• အခြား My-NORTH project ဝင်နိုင်ငံများအကြားတွင် မြန်မာနိုင်ငံအနေဖြင့် ထူးကဲ ပြောင်မြောက်စွာ စွမ်းဆောင်နိုင်ခဲ့ ပါကြောင်း၊

• ဆက်လက်၍လည်း My-NORTH project ကို ထပ်မံသက်တမ်းတိုး၍ ဆက်လက် ပံ့ပိုးပေးလိုပါကြောင်းနှင့် သက်တမ်းတိုးရာတွင် ပါဝင်ရမည့်ခေါင်းစဉ်များအားလည်း ဆွေးနွေးပေးစေလိုပါကြောင်း တင်ပြခဲ့ပါသည်။

 

ပြည်ထောင်စုဝန်ကြီးကဆွေးနွေးရာတွင်-

• နော်ဝေနိုင်ငံ၏ My-NORTH project ကို အဓိကဦးဆောင်ပံ့ပိုးပေးခဲ့သော Professor Espen Bjertness အားအထူးကျေးဇူးတင်ရှိပါကြောင်း၊

• My-NORTH project ၏ပူးပေါင်းပံ့ပိုးမှုများကြောင့် မြန်မာနိုင်ငံ၏ဆေးပညာရပ်နှင့် သုတေသနကဏ္ဍများတွင် သိသာထင်ရှားသော အကျိုးဖြစ်ထွန်းမှုများရရှိခဲ့ပြီး ကျန်းမာ ရေးလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ကောင်းစွာအထောက်အကူ ရရှိခဲ့ပါကြောင်း၊

• DHIS 2 ကွန်ပျူတာအခြေပြု ကျန်းမာရေးသတင်းစနစ်ကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန တွင် မြို့နယ်အားလုံးနှင့် ကုသရေးဦးစီးဌာနရှိ ဆေးရုံ (၅၈၅)ရုံတွင် စတင်အသုံးပြုနိုင်ပြီ ဖြစ်၍ ရောဂါများ၏ဖြစ်ပွားမှုပမာဏ၊ ဖြစ်ပွားရာနေရာဒေသများကို တိကျစွာသိရှိနိုင်မည် ဖြစ်ပါသဖြင့် ကျန်းမာရေးလုပ်ငန်းများကို ဦးတည်အုပ်စုအလိုက်၊ ဦးတည်ဒေသအလိုက် Targeted interventions ဆောင်ရွက်နိုင်၍ မိမိတို့တွင်ရှိသည့် လူအင်အား၊ ငွေအင်အားများစွာ စိုက်ထုတ်ခြင်းမပြုရပဲ လိုအပ်သည့်နေရာများတွင် လိုအပ်သည့် အချိန်အလိုက် ဝန်ဆောင်မှုလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်မည်ဖြစ် ပါကြောင်း၊

 

• နိုင်ငံတော်အစိုးရ၏ e-government မူဝါဒနှင့်အညီ IT စနစ်ကိုအသုံးပြု၍ ဆေးပညာ သင်ကြားရာတွင်လည်း ဆေးတက္ကသိုလ်အချင်းချင်း network ချိတ်ဆက်၍ သင်ခန်းစာ ပို့ချခြင်း စသည့်လုပ်ငန်းများကို အင်တာနက်ကွန်ရက်ဖြင့် live ချိတ်ဆက်၍ ပို့ချနိုင် ပါက ဆေးနှင့်နှီးနွယ်ကျောင်းများတွင် ကျောင်းသားများအနေဖြင့် ကောင်းမွန်သော သင်ခန်းစာများကို အချိန်နှင့်တပြေးညီ တန်းတူညီစွာရရှိမည်ဖြစ်ပါကြောင်း၊

• မိမိတို့နိုင်ငံတွင် ကျန်းမာရေးသတင်းအချက်အလက်ပညာ ဒီပလိုမာသင်တန်း (Diploma in Health Informatics) ကို စတင်သင်ကြား ပို့ချလျက်ရှိပါသဖြင့် ၎င်းဘာသာရပ်တွင် ကျွမ်းကျင်ပညာရှင်များစွာ ယခုထက်ပိုမိုများပြားစွာ ထွက်ပေါ်လာစေရေးကိုလည်း ပူးပေါင်းပံ့ပိုး ဆောင်ရွက်စေလိုပါကြောင်း၊

• My-NORTH project ဆက်လက်သက်တမ်းတိုးဆောင်ရွက်ရာတွင် ပါဝင်ရမည့် အကြောင်းအရာများ၊ လုပ်ငန်းများနှင့်ပတ်သက်၍ အမြဲတမ်းအတွင်းဝန်များအပါအဝင် သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် အသေးစိတ်ညှိနှိုင်းဆောင်ရွက်ရန်ဖြစ်ပါ ကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့်အစွမ်းကုန်ကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။

 

     အဆိုပါအလုပ်သဘော ညစာစားပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် (၁) ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ အမြဲတမ်းအတွင်းဝန် (၂) ဒေါက်တာသာထွန်းကျော်၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာ တင်တင်လေး၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်(ပူးတွဲတာဝန်) ဒေါက်တာစိုးဦး၊ ဒေါက်တာသက်သက်မူ (ဒုတိယညွှန်ကြားရေးမှူးချုပ်-ကျန်းမာရေးသတင်း အချက်အလက်)၊ ဒေါက်တာတင်ထွန်း (ဒုတိယညွှန်ကြားရေးမှူးချုပ်-သင်ကြားရေး)၊ ဒေါက်တာ ကျော်ခိုင် (ညွှန်ကြားရေးမှူး -ပြည်တွင်းပြည်ပသတင်းဆက်သွယ်ရေးနှင့် ပြန်ကြားရေးဌာနစိတ်) ဒေါက်တာကျော်စိုးညွှန့် (ညွှန်ကြားရေးမှူး-နိုင်ငံခြားဆက်သွယ်ရေး) နှင့် တာဝန်ရှိသူများတက်ရောက် ခဲ့ပါသည်။

More Tags