NOW LOADING

ပဲခူးတိုင်းဒေသကြီးရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဝန်ထမ်းများနှင့် ပြည်ထောင်စုဝန်ကြီးတွေ့ဆုံဆွေးနွေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး

Union Minister Dr. Myint Htwe meets with MoHS staff of Bago Region

ရန်ကုန်၊ (၂၀၁၉) ခုနှစ်၊ စက်တင်ဘာလ (၈) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ပဲခူတိုင်းဒေသကြီးရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• ပဲခူးတိုင်းဒေသကြီးတွင် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများသည် အတိုင်းအတာတစ်ခုအထိအောင်မြင်မှုရရှိနေသည်ကို တွေ့ရှိရပြီး လုပ်ငန်းများအား ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် ဝန်ထမ်းများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊

• ဝန်ကြီးဌာနတစ်ခုလုံး၏ လုပ်ငန်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ကြည့်ခဲ့ရာတွင် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ယခုထက် ပိုမိုလျင်မြန်စွာဖြင့် အောင်မြင်ထိရောက်မှုရှိစေရန်အတွက် လာမည့် (၂၀၁၉) ခုနှစ်၊ အောက်တိုဘာလမှ စတင်၍ အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှုနှင့် အဆောက်အဦနှင့် စက်ပစ္စည်းများပြုပြင်ထိန်းသိမ်းရေးကိစ္စရပ်များတွင် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးဌာနမှူးများနှင့် ဆေးရုံအုပ်ကြီးများအား လုပ်ပိုင်ခွင့်များ ပိုမိုပေးအပ်သွားမည် (delegation of authority) ဖြစ်ပါကြောင်း၊

 

• လုပ်ပိုင်ခွင့်များ ပိုမိုပေးအပ်သွားခြင်းဖြင့် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အထက်အဆင့်ဆင့်ထံမှ ခွင့်ပြုချက်များကို စောင့်ဆိုင်းနေစရာမလိုတော့ဘဲ မိမိတို့ကိုယ်တိုင် ဌာနဆိုင်ရာ စဉ်းမျဉ်းစည်းကမ်းများ၊ သတ်မှတ်ချက်များနှင့် အညီ တာဝန်ယူမှု၊ တာဝန်ခံမှု ပြည့်ဝစွာဖြင့် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ဗဟိုမှ လုပ်ငန်းလမ်းညွှန်နှင့် လုပ်ထုံးလုပ်နည်းများ ပြုစုထုတ်ဝေပေးရမည်ဖြစ်ပါကြောင်း၊

• ထိုသို့ လုပ်ပိုင်ခွင့်များ ပိုမိုပေးအပ်ဆောင်ရွက်ရာတွင် ဗဟိုအဆင့်တာဝန်ရှိသူများအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုများကို checklist များ အသုံးပြု၍ ကြည့်ရှုဆန်းစစ်ခြင်းနှင့် ပံ့ပိုးဆောင်ရွက်ခြင်းတို့ကို ပိုမိုလုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်း၊

 

• ဦးစီးဌာနအသီးသီးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များအနေဖြင့်လည်း တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးသို့ ကွင်းဆင်းသွားရောက်၍ လုပ်ငန်းဆန်းစစ်ခြင်း၊ အကြံပြုခြင်း၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် လိုအပ်ချက်များအား ပံ့ပိုးခြင်း တို့ကို လုပ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

• ဝန်ကြီးဌာန၏ စီမံချက်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တိကျသည့် စာရင်းဇယားနှင့် သတင်းအချက်များရရှိရန် မှာ အရေးကြီးပါကြောင်း၊

 

• ဝန်ကြီးဌာနအနေဖြင့် စီမံခန့်ခွဲမှု အထောက်အကူပြု ကျန်းမာရေးသတင်းစနစ် (DHIS -2) အသုံးပြု၍ ကျန်းမာရေးစီမံခန့်ခွဲမှုသတင်းအချက်အလက်စနစ် (HMIS)ကို ဆောင်ရွက်နေပါကြောင်း၊

• ခေတ်မီသတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာကို အသုံးချ၍ လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ မကြာမီတွင် ရုံးတွင်းစာများကို အီလက်ထရောနစ်စနစ် (electronic memo system) ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ စနစ်ကို အသုံးပြုခြင်းဖြင့် စာပေးစာယူပြုလုပ်ရသည့်အချိန်များ လျော့ကျသွားမည်ဖြစ်ပြီး တာဝန်ရှိသူများအနေဖြင့်လည်း နိုင်ငံတကာသို့ အစည်းအဝေးသွားရောက်စဉ်တွင်ဖြစ်စေ၊ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ကွင်းဆင်းသွားရောက်နေစဉ်ဖြစ်စေ ရုံးတွင်းစာများကို ဖတ်ရှု၍ စီမံခန့်ခွဲမှုများ ပြုလုပ်နိုင်မည်ဖြစ်ပါကြောင်း၊

 

• အလုပ်ရုံဆွေးနွေးပွဲများ၊ နှီးနှောဆွေးနွေးဖလှယ်ပွဲများတွင် ဆွေးနွေးမည့်အကြောင်းအရာ၊ အချက်အလက်များနှင့် မှတ်တမ်းများကို စာရွက်များဖြင့် ဖြန့်ဝေခြင်းအစား အီလက်ထရောနစ်စနစ်ဖြင့် ဖြန့်ဝေ၍ ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိပါကြောင်း၊

• ဝန်ထမ်းများ တာဝန်ကျရောက်ရာနေရာဒေသတွင် နေထိုင်ရေးအဆင်ပြေစေရန် ဝန်ထမ်းအိမ်ရာနှစ်များအဖြစ် သတ်မှတ်၍ ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ခြင်းနှင့် ဝယ်ယူခြင်းများ ဆောင်ရွက်ခဲ့ရာ အခန်းပေါင်း (၆၀၀၀) ကျော်ပြီးစီးခဲ့ပြီး အခန်းပေါင်း (၁၀၀၀၀) ကျော်မှာ ဆောက်လုပ်ဆဲရှိပါကြောင်း၊ (၂၀၁၉-၂၀၂၀) ခု ဘဏ္ဍာနှစ်တွင်လည်း အခန်းပေါင်း (၅၂၂၀) ကို ထပ်မံဆောက်လုပ်သွားမည်ဖြစ်ပါကြောင်း၊

 

• ရန်ကုန်တိုင်းဒေသကြီးတွင် ဆေးရုံများမှ အရေးပေါ် (urgent) အဖြေရှာစစ်ဆေးရမည့် ဓာတ်ခွဲစမ်းသပ်မှုများကို သက်ဆိုင်ရာဆေးရုံများရှိ ဓာတ်ခွဲခန်းများတွင် ဆောင်ရွက်ပြီး ကျန်ဓာတ်ခွဲစမ်းသပ်မှုများနှင့် အဆင့်မြင့်ဓာတ်ခွဲစမ်းသပ်မှုများကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနရှိ ဗဟိုကျန်းမာရေး ဓာတ်ခွဲခန်း (central health laboratory)သို့ ပေးပို့စစ်ဆေးခြင်းကို ကနဦး (test run) ဆောင်ရွက်ရာတွင် အောင်မြင်မှုများရရှိလျက်ရှိပါကြောင်း၊

• ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ပိုမိုအောင်မြင်ပီပြင်ခြင်းဖြင့် ရောဂါနှင့် ကျန်းမာရေးပြဿနာများ ဖြစ်ပွားမှုလျော့နည်းလာကာ ဆေးရုံ၊ ဆေးခန်းများတွင် လူနာများ လာရောက်ကုသရမှု နည်းပါးသွားမည်ဖြစ်သဖြင့် အရည်အသွေးပြည့်မီသော ကျန်းမာရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်မည့်အပြင် ဓာတ်ခွဲစမ်းသပ်မှု၊ ဓာတ်မှန်ရိုက်ခြင်းစသည့် ကိစ္စများ နည်းပါးသွားကာ ဝန်ကြီးဌာန၏ ဘဏ္ဍာငွေကုန်ကျမှု နည်းပါးသွားမည်ဖြစ်ပါကြောင်း၊

 

• ပြည်သူ့ကျန်းမာရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များ ၏ အခန်းကဏ္ဍမှာ အရေးကြီးပါကြောင်း၊

• ဝန်ကြီးဌာနရှိ အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များ၏ လုပ်ငန်းဆောင်ရွက်မှု အခက်အခဲနှင့် အားနည်းချက်များကို သိရှိကာ အားဖြည့်ဆောင်ရွက်နိုင်ရန်အတွက် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ယခုလအတွင်း ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

 

• ဝန်ကြီးဌာနအနေဖြင့် အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များ၊ တိုက်နယ်နှင့် မြို့နယ်ဆရာဝန်များထံသို့ Mobile Tablet (၁၂၀၀၀) ခန့်ကို ဖြန့်ဝေပေးခဲ့ပြီး ထပ်မံ၍ Mobile Tablet (၁၄၀၀၀) ကို လည်း GAVI အဖွဲ့၏ ပံ့ပိုးမှုဖြင့် ဖြန့်ဝေပေးသွားမည်ဖြစ်ပါကြောင်း၊

• အဆိုပါ Mobile Tablet များတွင် ပါဝင်သည့် စာအုပ်စာတမ်းများ၊ အသုံးချဆော့ဝဲလ် (application) များကို အသုံးပြု၍ ပြည်သူလူထုအား ကျန်းမာရေးအသိပညာဗဟုသုတဖြန့်ဝေခြင်းနှင့် ကျန်းမာရေးစကားဝိုင်းငယ်များ ပြုလုပ်ခြင်းကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊

 

• ဝန်ကြီးဌာနအနေဖြင့် မကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိရာ ကျေးလက်ကျန်းမာရေးဌာန/ ဌာနခွဲများတွင် ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါ စစ်ဆေးကုသမှုဆေးခန်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူလူထုအတွင်း နှလုံးရောဂါနှင့် နှလုံးသွေးကြောရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်း (Preventive Cardiology) များကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ကျောင်းအခြေပြုကျန်းမာရေး အဆင့်မြှင့်တင်မှုလုပ်ငန်းများကိုလည်း မဟာဗျူဟာ၊ လမ်းပြမြေပုံနှင့် လုပ်ငန်းစဉ်များရေးဆွဲပြီး ပညာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊

 

• ဝန်ကြီးဌာန၏ ဆောက်လုပ်ရေးလုပ်ငန်းများ အရည်အသွေးပြည့်ဝစေရေးနှင့် စက်ပစ္စည်းကိရိယာများ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် ဝန်ကြီးဌာနရှိ အင်ဂျင်နီယာဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်မှုလုပ်ငန်းများကို မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းတို့၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်သွားရန် သဘောတူညီမှုပြုလုပ်ခဲ့ပါကြောင်း၊

• ကျန်းမာရေးလူ့စွမ်းအားအရင်းမြစ်များ မွေးထုတ်ရာ ဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ်များ၊ သူနာပြု သားဖွားသင်တန်းကျောင်းများ သင်ကြားသင်ယူမှုနည်းစနစ်များ၊ သင်ရိုးညွှန်တမ်းများ၊ သင်ကြားသင်ယူမှုအထောက်အကူပြု ပတ်ဝန်းကျင်ကောင်းများ ပြည့်မီရရှိစေရေး အပါအဝင် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊

 

• ဝန်ကြီးဌာနအနေဖြင့် ယခုနှစ်မှ စတင်၍ လူနာဘေးကင်းလုံခြုံမှုနှင့် ကျန်မားရေးစောင့်ရှောက်မှု အရည်အသွေး မြင့်မားတိုးတက်ရေး (patient safety and improving quality of health care) ကိစ္စရပ်များကို ဦးစားပေးသတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• လုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့၏ ကိုယ်ပိုင်အရေးကိစ္စသဖွယ်အလေးထားဆောင်ရွက်ခြင်း၊ ရောဂါဖြစ်ပွားသူ လူနာ၏ နေရာရှုထောင့်မှ စဉ်းစားဆောင်ရွက်ခြင်း တို့ဖြင့် လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်များတွင် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးများ၏ ဦးစီးဦးဆောင်မှု ဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ စုစည်းဆောင်ရွက်မှုတို့ဖြင့် လုပ်ငန်းများ ယခုထက်ပိုမို ပီပြင်ထိရောက်စေရေး ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်နေမှု၊ အဆောက်အဦများ ဆောက်လုပ်မှုနှင့် ပြုပြင်ထိန်းသိမ်းမှု၊ ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူဖြန့်ဖြူးမှု၊ ကျန်းမာရေးဆိုင်ရာ အညွှန်းပြကိန်းများ၊ လုပ်ငန်းလိုအပ်ချက်များနှင့် ပရဟိတအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေမှု စသည်တို့ကိုလည်းကောင်း၊

 

     ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှူး၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှူး၊ ပဲခူးတိုင်းဒေသကြီးရှိ ခရိုင်၊ မြို့နယ်များမှ ဆေးရုံအုပ်ကြီးများ၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများက ကဏ္ဍအလိုက်လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် လိုအပ်ချက်များကိုလည်းကောင်း အသီးသီးတင်ပြခဲ့ပါသည်။

 

     ထိုသို့ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝန်ထမ်းရေးရာ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ)၊ ညွှန်ကြားရေးမှူး (ဘဏ္ဍာရေး) နှင့် တာဝန်ရှိသူများက အသေးစိတ်ပြန်လည် ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးကချက်ချင်းဖြည့်ဆည်းပေးနိုင်သည်များကို ဖြည့်ဆည်းပေးခြင်းနှင့် အဆင့်လိုက်၊ အပိုင်းလိုက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို တာဝန်ရှိသူများနှင့် စီစဉ်ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်ခဲ့ပါသည်။

 

     ယင်းဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျန်းမာရေးနှင့်အားကစားကဏ္ဍလုပ်ငန်းများကို ပံ့ပိုးဆောင်ရွက်နေမှု၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး လိုက်ပါလျက် ပဲခူးမြို့၊ ကလိကျေးရွာအုပ်စုတွင် ဆောက်လုပ်လျက်ရှိသော (၆)ထပ်ဆေးရုံအဆောက်အဦသို့ သွားရောက်ကြည့်ရှု၍ အဆောက်အဦအား အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေး လမ်းညွှန်မှာကြားခဲ့ပါသည်။

More Tags