NOW LOADING

ပရဆေးပင်များစိုက်ပျိုးထားရှိမှု၊ တိုင်းရင်းဆေးပညာပြတိုက်အပါအဝင် လုပ်ငန်းများဆောင်ရွက်ထားရှိမှုများအား သိရှိရန် နှင့် လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် အမျိုးသားပရဆေးဥယျာဉ်သို့ ပြည်ထောင်စုဝန်ကြီးသွားရောက်

နေပြည်တော်၊ စက်တင်ဘာ (၁၃)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိန်ဝင်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် အမျိုးသားပရဆေးဥယျာဉ်၊ နေပြည်တော်သို့ သွားရောက်၍ ဥယျာဉ်အတွင်း ပရဆေးပင်မျိုးစုံ စိုက်ပျိုးထားရှိမှုများ၊ တိုင်းရင်းဆေးပညာပြတိုက်တွင် ဆေးဘက်ဝင်ပစ္စည်းများ၊ တိုင်းရင်းဆေးပညာဆိုင်ရာ အသိပညာများ ပြသထားရှိမှုများကို လှည့်လည် ကြည့်ရှခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ ပရဆေးဥယျာဉ်များတွင် လုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်ချက်များကို ဆွေးနွေးခဲ့ပါသည်။

 

     ထိုသို့ သွားရောက်စဉ် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေးနှင့် တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာ -

 

•     နိုင်ငံတစ်ဝန်းတွင် အမျိုးသားပရဆေးဥယျာဉ်၊ ရေဆင်းပရဆေးဥယျာဉ်၊ ရေတံခွန်ပရဆေးဥယျာဉ်၊ ဖောင်းတောပရဆေးဥယျာဉ်၊ ဆည်ပေါက်ပရဆေးဥယျာဉ်၊ ရွာသာကြီးပရဆေးဥယျာဉ်၊ ကြို့ကုန်းပရဆေးဥယျာဉ်၊ ကန်သာယာပရဆေးဥယျာဉ်ဟူ၍ ပရဆေးဥယျာဉ် (၈)ခုတွင် ပရဆေးပင်များစိုက်ပျိုးထားရှိပြီး ပရဆေးဥယျာဉ်များမှ ပရဆေးပင်များကို တိုင်းရင်းဆေးဝါးစက်ရုံသို့ ထောက်ပံ့ပေးလျက်ရှိကြောင်း၊

 

•      (၂၀၁၈)ခုနှစ်၊ သြဂုတ်လ (၂၁)ရက်က ပရဆေးဥယျာဉ်များပိုမိုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လက်တွေ့လုပ်ငန်းစဉ်များချမှတ်ရေး အစည်းအဝေးကို ကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေးတွင် ချမှတ်ထားသော လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

 

•      ပြည်သူများ ဆေးဘက်ဝင်အပင်များနှင့် ပတ်သက်၍ အသိပညာတိုးပွားစေရန်အတွက် ဆေးဘက်ဝင်အမယ် (၁၂၀) ပါဝင်သော စာအုပ်ကိုလည်းပြုစုထုတ်ဝေခဲ့ကြောင်း၊

 

• နိုင်ငံတကာတွင် တိုင်းရင်းဆေးပညာနှင့် ပတ်သက်၍ဆောင်ရွက်နေမှုများကိုလည်း လေ့လာ၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပရဆေးဥယျာဉ်တွင်လုပ်ငန်းဆောင်ရွက်ထားရှိမှု အစီရင်ခံစာများ၊ မှတ်တမ်းများကို တင်ပြခဲ့ပါသည်။

 

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

•      နိုင်ငံအတွက် တိုင်းရင်းဆေးပညာ၏ ပြရုပ်သဖွယ်ဖြစ်သော အမျိုးသားပရဆေးဥယျာဉ် ပိုမိုဖွံဖြိုးတိုးတက်ရေးမှာ အရေးကြီးကြောင်း၊

•      တိုင်းရင်းဆေးပညာအပါအဝင် ဆေးပညာရပ်တိုးတက်ဖွံ့ဖြိုးရန်အတွက် သုတေသနလုပ်ငန်းများသည် အထူးအရေးကြီးသဖြင့် လုပ်ဆောင်စေလိုကြောင်း၊

• အသိအမြင်ကျယ်ရန်နှင့် ခေတ်မီနည်းစနစ်များကို သိရှိလေ့လာဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတကာတွင် ဆောင်ရွက်နေမှုများ၊ အိမ်နီးချင်းနိုင်ငံများတွင် ဆောင်ရွက်နေမှုများကို သွားရောက်လေ့လာရန်လိုအပ်ကြောင်း၊

 

•    ပရဆေးဥယျာဉ်များတွင်လုပ်ငန်းဆောင်ရွက်ထားရှိမှု အစီရင်ခံစာများ၊ မှတ်တမ်းများပြုစုထားရှိသည်မှာ ကောင်းမွန်စနစ်ကျကြောင်း၊ ပိုမိုကောင်းမွန်၍ အချိန်ကုန်သက်သာစွာဆောင်ရွက်နိုင်ရန် ကွန်ပျူတာစနစ်ကို အသုံးပြု၍ ဆောင်ရွက်စေလိုကြောင်း၊

•    ပရဆေးဥယျာဉ်သို့ လာရောက်ကြည့်ရှုလေ့လာသူများကို ပေးအပ်နိုင်ရန်အတွက် ပရဆေးဥယျာဉ်၏ အကြောင်းအရာ၊ ဆေးဘက်ဝင်အပင်များ အကြောင်း၊ တိုင်းရင်းဆေးပညာ အသိပညာများ စသည်တို့ပါဝင်သည့် လက်ကမ်းစာစောင်များ ပြုစုစေလိုကြောင်း၊

•      အိမ်တွင်းမီးဖိုချောင်မှ ဆေးဘက်ဝင် အပင်၊ အရွက်၊ အသီး၊ အပွင့်များကို ပြည်သူများသိရှိသုံးစွဲနိုင်ရန်အတွက် စာအုပ်ပြုစုထုတ်ဝေစေလိုကြောင်း၊

 

•      လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာအကူအညီများကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ရယူ၍ ပရဆေးပင်များကို ပိုမိုတိုးမြှင့် စိုက်ပျိုးကာ ပြည်တွင်း/ ပြည်ပ ဆေးဝါးစက်ရုံများသို့ ရောင်းချနိုင်စေရန် ဆောင်ရွက်စေလိုကြောင်း၊

•      ပရဆေးဥယျာဉ်များဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ၊ တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်ရေးတို့ကို လစဉ်ပုံမှန် စုပေါင်းဆွေးနွေးတိုင်ပင်ကာ ဆောင်ရွက်စေလိုကြောင်းနှင့် ဝန်ကြီးဌာနမှ လိုအပ်သည်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

      ထို့နောက် ဝန်ထမ်းများက လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ရှိရသော အခက်အခဲများကို တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

      အမျိုးသားပရဆေးဥယျာဉ်၊ နေပြည်တော်တွင် နံ့သာနီ၊ ဇာတိပ္ဖိုလ်၊ ဆေးမြင်းခွာ၊ မက်လင်ချဉ်၊ ကရမက်၊ နံ့သာဖြူ၊ ခန်းတောက်၊ ဘုမ္မရာဇာ အစရှိသည့် တန်ဖိုးကြီး၊ ရှားပါးပရဆေးပင်များအပါအဝင် ပရဆေးပင်အမျိုးအစားစုံလင်စွာ (၅၉၉၉၆) ပင်စိုက်ပျိုးထားပြီး မည်သူမဆို အခမဲ့ဝင်ရောက်လေ့လာနိုင်ပါသည်။

     အမျိုးသားပရဆေးဥယျာဉ်အတွင်း တိုင်းရင်းဆေးပညာပြတိုက်ကို ဖွင့်လှစ်ထားရှိ၍ ဆေးဘက်ဝင်အပင်များ၊ ဆေးဘက်ဝင်အပွင့်များ၊ ဆေးဘက်ဝင်ပစ္စည်းများ၊ မြေထွက်ပရဆေးပစ္စည်းများ၊ ရေထွက်ပရဆေးပစ္စည်းများ၊ အဆိပ်အာနိသင်ရှိသော ဆေးပစ္စည်များ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ထုတ်ဝေထားသောစာအုပ်များ၊ ဆေးကျမ်းများ၊ တိုင်းရင်းဆေးပညာဆိုင်ရာ အသိပညာပေးစာစောင်များကို ခင်းကျင်းပြသထားပါသည်။

More Tags