NOW LOADING

နှလုံးသွေးကြောပိုက်ထည့် စမ်းသပ်ကုသခန်း (Cardiac Catheterization Laboratory) ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက် အဖွင့်အမှာစကားပြောကြား

နေပြည်တော်၊ အောက်တိုဘာလ (၈)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး - ခုတင် (၁၀ဝ၀)၌ ကျင်းပပြုလုပ်ခဲ့သည့် နှလုံးသွေးကြော ပိုက်ထည့် စမ်းသပ်ကုသခန်း (Cardiac Catheterization Laboratory) ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။


 

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• နှလုံးနှင့် သွေးကြောရောဂါများသည် အခြားရောဂါများနှင့်မတူဘဲ အချိန်မီစနစ်တကျကုသမှု မခံယူပါက အသက်ဆုံးရှုံးနိုင်သည်ဖြစ်၍ ယခုကဲ့သို့ နှလုံးသွေးကြောပိုက်ထည့် စမ်းသပ်ကုသခန်းကို ဖွင့်လှစ်၍ နှလုံးနှင့် သွေးကြောရောဂါဝေဒနာရှင်ပြည်သူများကို ကုသပေးနိုင်ခြင်းမှာ အလွန်ပင်အရေးကြီးပြီး ပြည်သူများအတွက် လည်း အကျိုးကြီးမားကြောင်း၊

• ထို့သို့ ဖွင့်လှစ်ကုသနိုင်ရန် စုစည်းကြိုးပမ်းဆောင်ရွက်ခဲ့သည့် နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင်(၁၀ဝ၀) ဆေးရုံအုပ်ကြီးနှင့် ဆရာဝန်များ၊ သူနာပြုများ၊ ပညာရှင်များနှင့် ဝန်ထမ်းများ၊ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့သော ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဆေးတက္ကသိုလ် (မန္တလေး) နှင့် မြောက်ဥက္ကလာပအထွေထွေရောဂါကုဆေးရုံကြီးတို့မှ အထူးကုဆရာဝန်ကြီးများနှင့် တာဝန်ရှိသူများကို ကျေးဇူးတင်ရှိမှတ်တမ်း တင်အပ်ပါကြောင်း၊

• ပြည်သူများတွင် ကျန်းမာရေးနှင့်မညီညွတ်သော နေထိုင်စားသောက်မှုပုံစံများကြောင့်လည်းကောင်း သက်ကြီးရွယ်အိုဦးရေများပြားလာမှုကြောင့်လည်းကောင်း သွေးတိုးရောဂါ၊ သွေးချို/ဆီးချိုရောဂါစသည့် ရောဂါများ ဖြစ်ပွားခြင်းများပြားလာမှုနှင့်အတူ အဆိုပါရောဂါများ၏ နောက်ဆက်တွဲ ပြဿနာများကြောင့် နှလုံးနှင့် သွေးကြောရောဂါများ ဖြစ်ပွားလျက်ရှိကြောင်း၊


 

• ထိုသို့ များပြားလှသော နှလုံးနှင့်သွေးကြောရောဂါဝေဒနာရှင် လူနာများကို အရည်အသွေး ပြည့်ဝစွာကုသမှုပေးနိုင်ရန်အတွက် ဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ကျန်းမာရေးကျင့်ဝတ်များ (public health ethics) နှင့်အညီ ယခုကဲ့သို့ နှလုံးသွေးကြောပိုက်ထည့် စမ်းသပ်ကုသခန်းကို ဘဏ္ဍာငွေများ ရင်းနှီးတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊

• ရောဂါများဖြစ်ပွားမှုမရှိစေရန်အတွက် ပြည်သူများတွင် ကျန်းမာရေးနှင့်ညီညွတ်သောနေထိုင်စားသောက်မှုပုံစံများ ကျင့်သုံးလိုက်နာဆောင်ရွက်စေနိုင်ရန်အတွက် ကျန်းမာရေးအသိပညာများမြင့်မားရေးကိုလည်း ဝန်ကြီးဌာနအနေဖြင့် အလေးပေး ဆောင်ရွက်လျက်ရှိကြောင်း၊

• နေပြည်တော်ပြည်သူ့ဆေးရုံကြီးသည် အစိုးရရုံးစိုက်ရာနေရာတွင်ရှိခြင်း၊ နေပြည်တော်အနီးတစ်ဝိုက်ဒေသများ အပါအဝင် အနယ်နယ် အရပ်ရပ်မှ ပြည်သူများ အားကိုး၊ အားထား၍ ကုသမှုခံယူကြခြင်း တို့ကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် မန္တလေးဆေးရုံကြီးများနည်းတူ အဓိကဆေးရုံကြီးဖြစ်လာစေရန် ဝန်ကြီးဌာနအနေဖြင့် လိုအပ်ချက်များကို အလေးပေးဖြည့်ဆည်းပေးလျက်ရှိကြောင်း၊

• နှလုံးသွေးကြောပိုက်ထည့် စမ်းသပ်ကုသမှုများဆောင်ရွက်ရန်နှင့် စက်ပစ္စည်းကိရိယာများ ထိန်းသိမ်းနိုင်ရန် အတွက် မျိုးဆက်သစ်ဆရာဝန်များ၊ သူနာပြုများနှင့် ပညာရှင်များကို ပိုမိုလေ့ကျင့်သင်ကြား ပေးရန်လိုအပ်ကြောင်း၊

• နေပြည်တော်ပြည်သူ့ဆေးရုံကြီးတွင် သင်ကြားရေးအထောက်အကူပြုပစ္စည်းများစုံလင်စွာပါဝင်သော လေ့ကျင့် သင်ကြားရေးခန်းမ တစ်ခုပြုလုပ်၍ ဆေးပညာဘာသာရပ်အသီးသီး လေ့ကျင့်သင်ကြားခြင်းများ ဆောင်ရွက်သွားစေလိုပြီး ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များကို အလေးထား ပံ့ပိုးသွားမည်ဖြစ်ကြောင်း၊

• နှလုံးနှင့် သွေးကြောဆေးပညာရပ်ကဏ္ဍ ယခုထက် ပိုမိုတိုးတက်မြင့်မားရေးအတွက် နိုင်ငံတကာတက္ကသိုလ်များ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ဆောင်ရွက်သွားစေလိုကြောင်း၊

• နေပြည်တော်ပြည်သူ့ဆေးရုံကြီးယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားလုံးဝိုင်းဝန်း၍ ရှေးရိုးမှ ဖောက်ထွက်သော အတွေး၊ အမြင်၊ အကြံဉာဏ် များဖြင့် ဘက်စုံထည့်သွင်းစဉ်းစားပြီး ရေတိုကာလ အတွက်သာမကဘဲ ရေရှည်ကာလတွင်ပါ အကျိုးများစေရန် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။


 


     ထို့နောက် နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀ဝ၀) မှ ဆေးရုံအုပ်ကြီး ဒေါက်တာပပက နှလုံးသွေးကြောပိုက်ထည့် စမ်းသပ်ကုသခန်း (Cardiac Catheterization Laboratory) ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။


 

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် တာဝန်ရှိသူများက နှလုံးသွေးကြောပိုက်ထည့် စမ်းသပ်ကုသခန်း (Cardiac Catheterization Laboratory) ဖွင့်ပွဲအခမ်းအနားအထိမ်းအမှတ် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပေးပါသည်။


 

     ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နှလုံးသွေးကြောပိုက်ထည့် စမ်းသပ်ကုသခန်း (Cardiac Catheterization Laboratory) ကိုလှည့်လည်ကြည့်ရှုခဲ့ပြီး နှလုံးအထူးကြပ်မတ် ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိသည့် လူနာများကို ကြည့်ရှုအားပေးခဲ့ပါသည်။


 

     နေပြည်တော်ပြည်သူ့ဆေးရုံကြီး - ခုတင် (၁၀ဝ၀) တွင် နှလုံးသွေးကြောပိုက်ထည့် စမ်းသပ်ကုသစက်ကို မြန်မာငွေကျပ် (၁.၄၄) ဘီလီယံခန့်အကုန်အကျခံ၍ (၃၀-၉-၂၀၁၈) ရက်နေ့၌ တပ်ဆင်ပြီးစီးခဲ့ပြီး အဆိုပါစက်ဖြင့် (၄-၁၀-၂၀၁၈) နှင့် (၅-၁၀-၂၀၁၈) ရက်နေ့များတွင် နှလုံးနှင့် သွေးကြောရောဂါဝေဒနာရှင် လူနာ (၈)ဦးကို အောင်မြင်စွာ ခွဲစိတ်ကုသမှုပေးခဲ့ပါသည်။

     အဆိုပါအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ပြည်ထောင်စုနယ်မြေမှ ဆေးရုံအုပ်ကြီးများ၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် မြောက်ဥက္ကလာပအထွေထွေရောဂါကုဆေးရုံကြီးတို့မှ ပါမောက္ခ/ဌာနမှူးများ၊ နှလုံးရောဂါအထူးကုဆရာဝန်ကြီးများ၊ အထူးကု ဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

More Tags