NOW LOADING

နေ့စဉ်ဆေးကုသမှုမှတ်တမ်းများကို အီလက်ထရောနစ် စနစ်ဖြင့်ဆောင်ရွက်နိုင်ရေး အတွက် ဂျပန်နိုင်ငံမှ IT ပညာရှင် Mr. Hiro Konishi နှင့် ပြည်ထောင်စုဝန်ကြီးတွေ့ဆုံဆွေးနွေး

ရန်ကုန်၊ မတ်လ (၁၁)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ခုတင် (၂၀၀) အထက်ဆေးရုံကြီးများတွင် သူနာပြုများအနေဖြင့် လူနာတစ်ဦးချင်းစီ၏ နေ့စဉ်ဆေးကုသမှုမှတ်တမ်းများအား အချိန်ကုန် သက်သာပြီး အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင်ရေး Mobile Tablet များကို ချိတ်ဆက်အသုံးပြု၍ ခေတ်မီ အီလက်ထရောနစ် စနစ်ဖြင့် စတင် စမ်းသပ်အသုံးပြုဆောင်ရွက်နိုင်ရန်အတွက် ဂျပန်နိုင်ငံမှ IT ပညာရှင် Mr. Hiro Konishi နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ထိုသို့ဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးက -

• ခေတ်မီ အီလက်ထရောနစ် သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာကို ကျန်းမာရေးစောင့်ရှောက်မှုမှတ်တမ်းများတွင် အသုံးချဆောင်ရွက်ခြင်းဖြင် ပိုမိုတိကျမြန်ဆန်စေပြီး ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို များစွာထောက်အကူပြုမည်ဖြစ်ကြောင်း၊

 

• နေ့စဉ်လူနာခုတင်အသီးသီးမှ လူနာများကို စမ်းသပ်ကုသမှုပေး (ward round) ရာတွင် မှတ်တမ်းများ (changes) ရေးမှတ်ခြင်းအား လက်ရှိ၌ စာရွက်စာတန်းများကိုသာ အသုံးပြုဆောင်ရွက်နေရသဖြင့် အဆိုပါမှတ်တမ်းစာရွက်စာတမ်းများစွာကို တစ်နေရာမှ တစ်နေရာ သယ်ယူရခြင်း၊ အချိန်ကုန်ကျခြင်းတို့ရှိပါကြောင်း၊

• လူနာတစ်ဉီးချင်းစီ၏ နေ့စဉ်ဆေးကုသမှုမှတ်တမ်းများအား Mobile Tablet များကို ချိတ်ဆက်အသုံးပြု၍ ခေတ်မီ အီလက်ထရောနစ် စနစ်ဖြင့်ဆောင်ရွက်နိုင်မည်ဆိုပါက အချိန်ကုန် သက်သာပြီး အဆင်ပြေလွယ်ကူခြင်း၊ ပိုမိုတိကျမှန်ကန်ခြင်း အကျိုးများရရှိနိုင်မည်ဖြစ်ပါကြောင်း၊

• Mr. Hiro Konishi အနေဖြင့် အမျိုးသားသွေးဌာနတွင် ခေတ်မီကွန်ပျူတာစနစ်သုံးမှတ်တမ်းစနစ်အသုံးပြုနိုင်ရန်အတွက် အခမဲ့ကူညီဆောင်ရွက်ပေးခဲ့မှု နှင့် ဆေးရုံများတွင် လူနာတစ်ဦးချင်းစီ၏ ရောဂါနှင့် ဆေးကုသမှုရာဇဝင်များကို ကွန်ပျူတာစနစ်ဖြင့်ဆောင်ရွက်နိုင်ရန် အခမဲ့ဆောင်ရွက်ပေးနေမှုတို့ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊

• လုပ်ငန်းဆောင်ရွက်ရန်လိုအပ်သည်များကို ဝန်ကြီးဌာနမှ ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     Mr. Hiro Konishi က ပြောကြားရာတွင် -

• ဆေးရုံများတွင် လူနာတစ်ဦးချင်းစီ၏ ရောဂါနှင့် ဆေးကုသမှုရာဇဝင်များကို ကွန်ပျူတာစနစ်ဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ ဆေးရုံကြီး (၄)ခုမှ လူနာဆောင် အချို့တွင် စတင်စမ်းသပ်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊

• နေ့စဉ်ဆေးကုသမှုမှတ်တမ်းများအား ခေတ်မီ အီလက်ထရောနစ် အသုံးပြုဆောင်ရွက်နိုင်ရန်ကိုလည်း ကူညီဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး လိုအပ်သည်များကို ဆက်လက်တင်ပြခဲ့ပါသည်။

     ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဆေးတက္ကသိုလ် (၁) ရန်ကုန် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုး၊ ခေတ္တညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်အေးနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

More Tags