နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လွှမ်းခြုံမှုစစ်တမ်း (Nationwide Vaccine Coverage Evaluation Survey) သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

𝐔𝐧𝐢𝐨𝐧 𝐌𝐢𝐧𝐢𝐬𝐭𝐞𝐫 𝐃𝐫. 𝐌𝐲𝐢𝐧𝐭 𝐇𝐭𝐰𝐞 𝐚𝐭𝐭𝐞𝐧𝐝𝐬 𝐭𝐡𝐞 𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐯𝐚𝐜𝐜𝐢𝐧𝐚𝐭𝐢𝐨𝐧 𝐜𝐨𝐯𝐞𝐫𝐚𝐠𝐞 𝐞𝐯𝐚𝐥𝐮𝐚𝐭𝐢𝐨𝐧 𝐬𝐮𝐫𝐯𝐞𝐲 𝐭𝐫𝐚𝐢𝐧𝐢𝐧𝐠

နေပြည်တော်၊ (၂၀၂၀) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက် (၉) နာရီတွင် Hotel Max၊ နေပြည်တော်၌ ကျင်းပခဲ့သည့် နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်း လွှမ်းခြုံမှုစစ်တမ်း (Nationwide Vaccine Coverage Evaluation Survey) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။


 

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• ဝန်ကြီးဌာန၏ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်သည် အသက် (၅) နှစ်အောက် ကလေးများတွင် ကူးစက်ရောဂါများဖြစ်ပွားမှုလျော့နည်းစေရေးနှင့် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများကြောင့် ကလေးငယ်များသေဆုံးမှု လျော့ချနိုင်ရေး အဓိက ရည်မှန်းချက်များဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊

• ယခုအခါ ရောဂါကာကွယ်ဆေး (၁၂) မျိုးကို ထိုးနှံတိုက်ကျွေးနိုင်ပြီဖြစ်ပြီး လာမည့် ဇူလှိုင်လ (သို့မဟုတ်) ဩဂုတ်လအတွင်း သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးကို (၁၃) ခုမြောက် ကာကွယ်ဆေးအဖြစ် ထည့်သွင်းထိုးနှံသွားနိုင်တော့မည်ဖြစ်ပါကြောင်း၊

• ထိုသို့ ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးနိုင်ရန်အတွက် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက် ဝန်ထမ်းများအားလုံးနှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၏ စနစ်တကျ ချိန်သားကိုက် ချိတ်ဆက်ဆောင်ရွက်မှုအားကောင်းစွာဖြင့် ကြိုးပမ်းဆောင်ရွက်မှုများကြောင့်ဖြစ်ပါကြောင်း၊

• ကလေးတစ်ဦးကို ကာကွယ်ဆေး (၁၂) မျိုး ထိုးနှံတိုက်ကျွေးရန်အတွက် အမေရိကန်ဒေါ်လာ (၄၀) ခန့် ကုန်ကျပြီး နိုင်ငံတော်မှ (၂၆) ရာခိုင်နှုန်းကျခံပြီး Gavi, the Vaccine Alliance အဖွဲ့မှ (၇၄) ရာခိုင်နှုန်းလှူဒါန်းဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊

• လာမည့် (၂၀၂၅) ခုနှစ်တွင် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများအတွက် နိုင်ငံတော်မှ (၁၀၀) ရာခိုင်နှုန်း ကျခံဆောင်ရွက်ရမည်ဖြစ်သဖြင့် မိမိတို့အနေဖြင့် ရရှိသော ဘဏ္ဍာငွေများကို ထိရောက်အကျိုးရှိစွာ အသုံးချဆောင်ရွက်နိုင်ရေးမှာ အရေးကြီးပါကြောင်း၊

• တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများလွှမ်းခြုံမှုအားကောင်းစေရေးအတွက် စိန်ခေါ်မှုများ၊ အခက်အခဲများ ဖော်ထုတ်ကာ ပိုမိုအောင်မြင်ထိရောက်စေရေးအတွက် နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်း လွှမ်းခြုံမှုစစ်တမ်း (Nationwide Vaccine Coverage Evaluation Survey) သည် အရေးကြီးပါကြောင်း၊

• အလားတူ နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လွှမ်းခြုံမှုစစ်တမ်းမျိုးကို (၁၉၈၇) ခုနှစ် နှင့် (၁၉၉၃) ခုနှစ်တွင် ပြုလုပ်ခဲ့ပြီး အခြားစစ်တမ်းငယ် ပြုလုပ်မှုများလည်း ရှိပါကြောင်း၊

• စစ်တမ်အဖြေများ၏ အသုံးဝင်မှုကောင်းမွန်စေရေးအတွက် စစ်တမ်းကောက်ယူသူ (surveyor) များနှင့် ချိတ်ဆက်ဆောင်ရွက်သူ (coordinator) များ၏ အခန်းကဏ္ဍများသည် အရေးကြီးပါကြောင်း၊

• စစ်တမ်းအဖြေများကို လက်တွေ့လုပ်ငန်းများဆောင်ရွက်ရာတွင်လည်းကောင်း မူဝါဒနှင့် မဟာဗျူဟာများချမှတ်ရာတွင်လည်းကောင်း အသုံးချဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊


 

• ယခုသင်တန်းတက်ရောက်သူများအနေဖြင့်လည်း အပြန်အလှန်မေးမြန်းဆွေးနွေးမှုများကို ပြုလုပ်ကြစေလိုပါကြောင်း၊

• စစ်တမ်းကောက်ယူရာတွင် ပါဝင်ခြင်းအားဖြင့် စစ်တမ်းကောက်ယူမှု အတွေ့အကြုံများစွာ ရရှိနိုင်မည်ဖြစ်ပြီး နောင်အခါဆောင်ရွက်မည့်စစ်တမ်းများကောက်ယူရာတွင် ပိုမိုကောင်းမွန်စွာ ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊

• စစ်တမ်းကောက်ယူမှုလုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းတာဝန်သတ်မှတ်ခွဲဝေမှုများသည် အရေးကြီးပါကြောင်း၊

• စစ်တမ်းကောက်ယူမှုကြီးကြပ်သူများအနေဖြင့်လည်း စတင်ကောက်ယူစဉ် ပထမပတ်နှင့် ဒုတိယပတ်တို့တွင် အတွေ့အကြုံဝေမျှဆွေးနွေးခြင်းများကို ပြုလုပ်စေလိုပါကြောင်း၊

• သို့မှသာ စစ်တမ်းကောက်ယူရာတွင် ကြုံတွေ့ရသည့်အခက်အခဲများကို စစ်တမ်းကောက် အဖွဲ့များ အချင်းချင်း အပြန်အလှန်သိရှိနိုင်ကာ ပိုမိုကောင်းမွန်ရေးဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊

• စစ်တမ်းတွင်ပါဝင်ဖြေဆိုသူများထံမှ စစ်တမ်းမေးခွန်းများမေးမြန်းရာတွင် အချိန်တိုအတွင်း လွယ်ကူစွာနားလည်နိုင်မည့် မေးခွန်းများ၊ လက်တွေ့လုပ်ငန်းတွင် အသုံးချနိုင်ရန် အဖြေရှာသည့် မေးခွန်းများဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• အထူးသဖြင့် ကာကွယ်ဆေးများကို တိုးနှံတိုက်ကျွေးမှုခံယူရန် ပျက်ကွက်ရသည့် အခက်အခဲများနှင့် အကြောင်းအရာများကို ဖော်ထုတ်ဆောင်ရွက်သွားစေလိုပါကြောင်း၊

• ကိန်းဂဏန်းအချက်အလက်များ (quantitative data) များသာမက ဝိသေသ လက္ခဏာ၊ အကြောင်းပြချက်နှင့် အရည်အသွေးဆိုင်ရာ အချက်အလက် (qualitative data) များပါရရှိစေရန် ဦးတည်အုပ်စု စုဖွဲ့မေးမြန်းခြင်း (focus group discussion) များ ပြုလုပ်စေလိုပါကြောင်း၊

• ကာကွယ်ဆေးအပြည့်အဝထိုးနှံတိုက်ကျွေးမှုမရှိသဖြင့် ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုများ ဖြစ်ပွားခြင်း အကြောင်းအရာများ၊ ရောဂါကာကွယ်ဆေးများ၏ အကျိုးကျေးဇူးများကို ပြည်သူများ သိရှိစေရေးအတွက်လည်း ဆက်လက်ဆောင်ရွက်ကြစေလိုပါကြောင်း၊


 

• ဝန်ကြီးဌာန၏ ပြည်သူ့ကျန်းမာရေးကဏ္ဍတွင် အားကိုးအားထားပြုနိုင်သည့် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းမှ ယခုစစ်တမ်းကောက်ယူရာတွင် ပါဝင်ဆောင်ရွက်ခြင်းသည် ကောင်းမွန်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် နှစ်စဉ် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသန ညီလာခံကို ကျင်းပလျက်ရှိရာ ထိုကဲ့သို့သော သုတေသနညီလာခံများတွင် သူနာပြုများ၊ ကျန်းမာရေးမှူးများ၊ အခြေခံကျန်းမာရေးပညာရှင်များ ပိုမိုပါဝင်စေလိုပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် သုတေသနရန်ပုံငွေများကို သိသာစွာတိုးမြှင့်ချထားပေးလျက်ရှိပါကြောင်း၊

• ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်) ရှိ သုတေသနစွမ်းဆောင်ရည် လေ့ကျင့်မြှင့်တင်ရေးဗဟိုဌာနတွင် ဝန်ကြီးဌာန၏ သမိုင်းမှတ်တိုင်အနေဖြင့် ကျန်းမာရေးမှူးများကို သုတေသန အဆိုပြုလွှာပြုစုမှု၊ သုတေသနဆောင်ရွက်မှုဆိုင်ရာသင်တန်းများကို ယခုလအတွင်း ပေးအပ်မည်ဖြစ်ပြီး ၎င်းတို့ သုတေသနဆောင်ရွက်ရန် ဘဏ္ဍာငွေပါ တစ်ပါတည်းချထားပေးမည်ဖြစ်ပါကြောင်း၊


 

• ဝန်ကြီးဌာနရှိ ဦးစီးဌာနအသီးသီးနှင့် ကျန်းမာရေးစီမံချက်လုပ်ငန်းအသီးသီးအနေဖြင့် လုပ်ငန်းများပိုမိုတိုးတက်ကောင်းမွန်စေရေး ဆောင်ရွက်ရန်လိုအပ်မည့် သုတေသန ခေါင်းစဉ်များကို သုတေသနခေါင်းစဉ်ဘဏ်တိုက် (research title bank) ပုံစံ စုစည်းထားရှိစေလိုပါကြောင်း၊ သုတေသနဆောင်ရွက်လိုသူများအနေဖြင့် အဆိုပါ ခေါင်းစဉ်များမှ ရွေးချယ်ဆောင်ရွက်ခြင်းဖြင့် မိမိတို့လုပ်ငန်းတိုးတက်မှုအတွက် လိုအပ်သော သုတေသနများကို တိုက်ဆိုင်ပြုလုပ်နိုင်မည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာန၏ အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှု၊ ဘဏ္ဍာငွေအသုံးချမှု၊ ဆေး၊ ဆေးပစ္စည်း၊ ကိရိယာနှင့် အဆောက်အဦပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုများ ပိုမိုကောင်းမွန်စေရေး အသုံးချသုတေသနများကို ပြုလုပ်ကြစေလို ပါကြောင်း၊

• ပြည်သူများတွင် ကာကွယ်ဆေးဖြင့်ကာကွယ်နိုင်သောရောဂါများမဖြစ်ပွားစေရေး ဝိုင်းဝန်းဆောင်ရွက်နေသူများအားလုံးကို ကျေးဇူးတင်ရှိပြီး ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။


 

     ဆက်လက်၍ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက် မန်နေဂျာ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းက နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လွှမ်းခြုံမှုစစ်တမ်း ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။


 

      အဆိုပါ (၆) ရက်ကြာသင်တန်းတွင် စစ်တမ်းကောက်ယူမှု စာတွေ့သင်ကြားခြင်းအပြင် လက်တွေ့ကွင်းဆင်းစစ်တမ်းကောက်ယူလေ့ကျင့်ခြင်းတို့ကိုပါ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ စစ်တမ်းကောက်ယူမှုလုပ်ငန်းများကို ဖေဖော်ဝါရီလကုန်ပိုင်းခန့်မှ စတင်၍ (၃) လတာကာလဆောင်ရွက်သွားမည်ဖြစ်ပါသည်။


 

     အဆိုပါ အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ Gavi, the Vaccine Alliance၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

More Tags