NOW LOADING

နိုင်ငံတကာရှိ ထင်ရှားတက္ကသိုလ်များမှ ပြည်သူ့ကျန်းမာရေးဆိုင်ရာ မဟာဘွဲ့နှင့်ပါရဂူဘွဲ့ရရှိခဲ့ကြသူများမှ လေ့လာသင်ယူခဲ့မှု အတွေ့အကြုံများ ဝေမျှပြောကြားခြင်း အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

Union Minister Dr. Myint Htwe attends the experience sharing session of international post graduate degree holders

ရန်ကုန်၊ (၂၀၁၉) ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်) ၌ ကျင်းပခဲ့သည့် “ဖွွံ့ဖြိုးပြီးနိုင်ငံပေါင်း (၉) နိုင်ငံရှိ ထင်ရှားသောတက္ကသိုလ်များမှ ပြည်သူ့ကျန်းမာရေး မဟာဘွဲ့နှင့်ပါရဂူဘွဲ့ရရှိခဲ့ကြသူများမှ လေ့လာသင်ယူခဲ့မှု အတွေ့အကြုံများ ဝေမျှပြောကြားခြင်း အခမ်းအနား” သို့ တက်ရောက်ခဲ့ပါသည်။

 

     ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• အနာဂတ်တွင် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ် အမျိုးမျိုး၌ ဦးစီးဦးဆောင်တာဝန်ယူဆောင်ရွက်မည့်သူများကို မွေးထုတ်လေ့ကျင့်ပေးလျက်ရှိသော ပြည်သူ့ကျန်းမာရေးတက္ကသိုလ်ကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်မှုသည် အရေးကြီးပါကြောင်း၊

• အရည်အသွေးမြင့်မားသော ပညာရှင်ကောင်းများမွေးထုတ်ပေးနိုင်ရန်အတွက် တက္ကသိုလ်၏ သင်ကြားသင်ယူမှုပုံစံစနစ်နှင့် သင်ရိုးညွှန်တမ်းကောင်းမွန်မှု၊ သင်ကြားမှုအထောက်အကူပြု ပစ္စည်းနှင့် စာသင်ကြားမှုပတ်ဝန်းကျင်ကောင်း (enabling teaching environment) ရှိမှု တို့သည် အရေးကြီးပါကြောင်း၊

 

• ယနေ့ အခမ်းအနားတွင် ဝေမျှပြောကြားမည့် နိုင်ငံအသီးသီးရှိ ထင်ရှားသောတက္ကသိုလ်များတွင် သင်ကြားလျက်ရှိသည့်ပုံစံများကိုလေ့လာပြီး လက်ရှိမြန်မာနိုင်ငံ၏ လိုအပ်ချက်များနှင့် အညီ ပိုမိုထိရောက်သော သင်ကြားပုံနည်းစနစ်များဖြင့် သင်ကြားမှုသည် အထူးအရေးကြီးပါကြောင်း၊

• မိမိတို့အနေဖြင့် သင်ကြားသင်ယူမှုစနစ်များကို အမြဲတမ်း လေ့လာသုံးသပ်၍ မွမ်းမံပြင်ဆင်မှုများပြုလုပ်ရန် ဝန်မလေးသင့်ပါကြောင်း၊ သို့မှသာ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် တန်းတူ ရင်ဘောင်တန်းလိုက်နိုင်မည်ဖြစ်ပါကြောင်း၊

 

• ပြည်သူ့ကျန်းမာရေးဘာသာရပ် သင်ကြားသင်ယူမှုများဆောင်ရွက်ရာတွင် အသိပညာသာမက လက်တွေ့လုပ်ငန်းတွင် အသုံးချဆောင်ရွက်နိုင်မှု၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာ အကြောင်းအရာ ပြဿနာတစ်ရပ်ကို ခွဲခြမ်းစိတ်ဖြာသုံးသပ်၍ ဖြေရှင်းနိုင်မှု၊ တီထွင်ဆန်းသစ်ဆောင်ရွက်နိုင်မှု၊ သမားရိုးကျမှ ဖောက်ထွက်စဉ်းစားနိုင်မှု (innovative thinking)၊ ဘက်စုံတွေးမြင်နိုင်မှု(holistic perspective) နှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်နိုင်မှု (networking) စွမ်းရည်များ၊ သုတေသနဆောင်ရွက်မှု အလေ့အကျင့်ကောင်းများ ရရှိနိုင်ရေးကို အလေးထား သင်ကြားပေးရမည်ဖြစ်ပါကြောင်း၊

• ပြည်သူ့ကျန်းမာရေး သဘောတရားများ၊ ပြည်သူ့ကျန်းမာရေးကျင့်ဝတ်များ၊ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးသဘောတရား၊ မူဝါဒနှင့် ဖြစ်ထွန်းတိုးတက်မှုများကိုလည်း သိမြင်နားလည်ရေးကိုလည်း ဆွေးနွေးသင်ကြားပေးရမည်ဖြစ်ပါကြောင်း၊

 

• တက်ကြွစွာ အပြန်အလှန်ဆွေးနွေးမှု (interactive teaching)၊ နေ့လယ်စာ စားချိန်ဟောပြောပွဲ (lunch time talk)၊ စကားရည်လုပွဲ (debate)၊ စုဖွဲ့ဆွေးနွေးခြင်း (group discussion)၊ အဖွဲ့လိုက်လုပ်ငန်းဆောင်ရွက်မှု (group work)၊ ပြည်သူများကို ကျန်းမာရေးအသိပညာပေးမှု (health education and communication)၊ အပြုအမူပြောင်းလဲဆက်သွယ် ပညာပေးခြင်း (behavior change communication)၊ မဟာဗျူဟာမြောက် ကျန်းမာရေးဆိုင်ရာ ဆက်သွယ်ရေးပညာရပ် (strategic communication)၊ လူထုဟောပြောပွဲ (public talk)၊ အခမ်းအနားတွင် မိန့်ခွန်းပြောကြားမှု (speech)၊ အကြောင်းအရာတစ်ခုအပေါ်တွင် မိမိ၏ အတွေးအမြင်များကို ရေးသားမှု (reflection paper) သင်ကြားမှုပုံစံများဖြင့် လေ့ကျင့်ပေးခြင်းနှင့် အကဲဖြတ်အမှတ်ပေးခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• နိုင်ငံတကာတွင် ပြည်သူ့ကျန်းမာရေးကဏ္ဍဆိုင်ရာ အပြောင်းအလဲများနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို မျက်ခြေမပြတ်စေရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ကြေညာချက်များနှင့် လုပ်ငန်းမဟာဗျူများကိုလည်း ပုံမှန်လေ့လာသည့် အလေ့အကျင့်ကို ပျိုးထောင်ပေးစေလိုပါကြောင်း၊

 

• သင်ရိုးညွှန်းတမ်းတွင်ပါဝင်သည်များသာမက သင်ရိုးညွှန်းတမ်းပြင်ပလုပ်ငန်း (extracurricular activity) များ၊ ကွင်းဆင်းလေ့လာသင်ယူမှု (field observation) များ၊ ဝန်ကြီးဌာန၏ အရေးကြီးသည့် အလုပ်ရုံဆွေးနွေးပွဲနှင့် နှီးနှောဖလှယ်ပွဲ (workshop and seminar) များသို့ တက်ရောက်စေမှု၊ သင်တန်းသား/သူများ အချင်းချင်း အကဲဖြတ်အမှတ်ပေးမှု (peer assessment) တို့ကိုလည်း ပေါင်းစပ်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• အတန်းတွင်းလုပ်ငန်းဆောင်ရွက်မှု (class work) များကို ယခုထက်ပိုမိုအမှတ်ပေး စေလိုပါကြောင်း၊

 

• စာမေးပွဲများ အလွတ်ကျက်မှတ်ပြီး အကြောင်းအရာများကို မေးမြန်းဖြေဆိုရသည့် စနစ်ထက် ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများတွင် ကျင့်သုံးနေသည့် စာအုပ်စာတမ်းများကို ကြည့်ရှုကိုးကားပြီး ကိုယ်ပိုင်စဉ်းစားဉာဏ်ဖြင့် ဖြေဆိုရသည့် စနစ် (open book exam system) နှင့် မေးခွန်းလွှာကို မိမိနေထိုင်ရာသို့ ယူဆောင်ဖြေဆိုနိုင်သည့် စနစ် (take home exam) တို့ကို ကျင့်သုံးရန် စဉ်းစားသင့်ပါကြောင်း၊

• လက်တွေ့လုပ်ငန်းခွင်တွင် ဆောင်ရွက်နေသည့် အတွေ့အကြုံမြင့်မားသော ပြည်သူ့ကျန်းမာရေး ပညာရှင်များအနေဖြင့်လည်း ပြည်သူ့ကျန်းမာရေးတက္ကသိုလ်တွင် လာရောက်ဟောပြော ဆွေးနွေးမှုများ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

 

• စာကြည့်တိုက်များ နိုင်ငံတကာအဆင့်အတန်းမီ တိုးတက်ကောင်းမွန်ရေးကိုလည်း အလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ပြည်သူ့ကျန်းမာရေးတက္ကသိုလ်တွင် တက်ရောက်သူများအနေဖြင့် အင်္ဂလိပ်ဘာသာနှင့် ခေတ်မီ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (information and communication technology) ကျွမ်းကျင်မှု ရှိစေရေးအတွက် ကြိုးပမ်းလေ့လာကြစေလိုပါကြောင်း၊

 

• စွမ်းရည်မြင့်မားသည့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် ပြည်သူများတွင် ရောဂါများနှင့် ကျန်းမာရေးပြဿနာများ ဖြစ်ပွားမှုကို လျေှာ့ချနိုင်မည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနတွင် လုပ်ငန်းဆက်စပ်နေသည့် ဌာနခွဲနှင့် ကျန်းမာရေးစီမံချက်လုပ်ငန်းများကို ပေါင်းစပ်မှု (integrated approach) ပုံစံဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

 

• ဝန်ကြီးဌာနအနေဖြင့် သုတေသနပြုလုပ်ရန် ရန်ပုံငွေများကို တိုးမြှင့်ချထားပေးလျက်ရှိပြီး သုတေသနစွမ်းဆောင်ရည်မြှင့်သင်တန်းများကိုလည်း ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်) တွင် ပုံမှန်ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာအဆင့်မီ ပြည်သူ့ကျန်းမာရေးတက္ကသိုလ် ဖြစ်လာစေရေးအတွက် လိုအပ်ချက်များအား ဦးစားပေး ဆက်လက် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊

• ယနေ့ အခမ်းအနားတွင် အကြံပြုချက်များနှင့် ဆွေးနွေးချက်များကို ပါမောက္ခချုပ်နှင့်တာဝန်ရှိသူများက လေ့လာသုံးသပ်၍ ပြည်သူ့ကျန်းမာရေးမဟာဘွဲ့နှင့် အခြေခံကျန်းမာရေးမဟာဘွဲ့သင်တန်းများ၏ သင်ကြားသင်ယူမှုပုံစံစနစ်များ ပိုမိုတိုးတက်ကောင်းမွန်စေရေး အလေးထားဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ ပါသည်။

 

     ထို့နောက် အမေရိကန်၊ နော်ဝေ၊ နယ်သာလန်၊ ပြင်သစ်၊ သြစတြေးလျ၊ ဂျပန်၊ ကိုရီးယား၊ ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံများရှိ တက္ကသိုလ်များမှ ပြည်သူ့ကျန်းမာရေးဆိုင်ရာ မဟာဘွဲ့နှင့် ပါရဂူဘွဲ့များ ရရှိခဲ့ကြသူများမှ တက်ရောက်ခဲ့ကြသည့်တက္ကသိုလ်များ၏ သင်ကြားသင်ယူမှု ပုံစနစ်များ၊ အကဲဖြတ်အမှတ်ပေးစနစ်များ၊ သုတေသနစာတမ်းပြုစုရေးသားခြင်း၊ သင်ကြားမှု ပတ်ဝန်းကျင်၊ နိုင်ငံအလိုက် ကွဲပြားခြားနားသော အလေ့အကျင့်များ၊ တက်ရောက်ပညာသင်ခဲ့စဉ်က တွေ့ကြုံခဲ့ရသည့် အခက်အခဲများစသည့် အချက်များအပါအဝင် မိမိတို့၏ လေ့လာသင်ယူခဲ့မှု အတွေ့အကြုံများကို ဝေမျှပြောကြားခဲ့ပါသည်။

 

     အဆိုပါ အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ် (ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန) ဒေါက်တာတင်တင်လေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (သင်ကြားရေး) ဒေါက်တာတင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာလှလှဝင်း၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ပြည်သူ့ကျန်းမာရေးတက္ကသိုလ်တွင် မဟာဘွဲ့သင်တန်းများ တက်ရောက်နေသူများ တက်ရောက်ခဲ့ပါသည်။

More Tags