NOW LOADING

ဒုတိယအကြိမ်မြောက် ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များဆီသို့ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက် အဖွင့်အမှာစကားပြောကြား

ရန်ကုန်၊ အောက်တိုဘာလ (၅)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းအချိန်တွင် ကုန်သည်စက်မှုအသင်းချုပ်၊ ရန်ကုန်မြို့၌ ကျင်းပခဲ့သော ဒုတိယအကြိမ်မြောက် ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များဆီသို့ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။


 

     ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင် -

• ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးအန္တရာယ် ကင်းရှင်းသော စားသောက်ကုန်များရရှိ စားသုံးနိုင်ရေးသည်လူတိုင်းနှင့်သက်ဆိုင်ပြီး တစ်ပြည်လုံးကျန်းမာရေးနှင့် ပတ်သက်သောကိစ္စဖြစ်၍ ယနေ့ကျင်းပသော ဆွေးနွေးပွဲသည် အလွန်အရေးကြီးကြောင်း၊

• လူတွင်ရောဂါဝင်ရောက်ရန်အဓိကဝင်ပေါက်များဖြစ်သည့် ပါးစပ်၊ နှာခေါင်းနှင့် အရေပြားတို့ရှိသည့်အနက် ကျန်းမာရေးအပေါ်အဓိက အလွှမ်းမိုးဆုံးဖြစ်သည့် အစားအသောက်များတွင် ရောဂါပိုးမွှားများနှင့် ဘေးအန္တရာယ်ဖြစ်စေနိုင်သော ဓာတုဗေဒပစ္စည်းများ ပါဝင်ပါက ပါးစပ်မှတစ်ဆင့် အလွယ်တကူ ဝင်ရောက်ပြီး ရောဂါဖြစ်ပွားစေနိုင်ကြောင်း၊


 

• အန္တရာယ်မကင်းသော စားသောက်ကုန်များကို စားသောက်ရာမှတစ်ဆင့် ချက်ချင်းသော် လည်းကောင်း၊ အချိန်ကာလအတိုင်းအတာတစ်ခုတွင်လည်းကောင်း ရောဂါများဖြစ်ပွားနိုင်ကြောင်း၊

• မသန့်ရှင်းသော ဆီ၊ ဆိုးဆေးနှင့် ဘေးအန္တရာယ်မကင်းသော အခြားဓာတုဗေဒပစ္စည်းများ ပါဝင်သော အစားအသောက်များမှတဆင့် ကင်ဆာရောဂါ အမျိုးမျိုး၊ အသည်းရောဂါများဖြစ်ပွားစေနိုင်ကြောင်း၊

• ယခုအချိန်မှစ၍ ဤကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးအန္တရာယ် ကင်းရှင်းသော စားသောက်ကုန်များရရှိစားသုံးနိုင်ရေး ကိစ္စရပ်ကို ပထမဦးစားပေးလုပ်ငန်းတစ်ရပ်အနေဖြင့် မဆောင်ရွက်ပါက ရေရှည်တွင် မြောက်များစွာသော ကျန်းမာရေးပြဿနာများကို ပြည်သူများရင်ဆိုင်ရမည်ဖြစ်ပါကြောင်း၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ဤကိစ္စကို အထူးကိစ္စရပ်တစ်ခုအနေဖြင့် ဆောင်ရွက်လျက်ရှိပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ကိုလည်း ဝန်ထမ်းအင်အား ဖြည့်ဆည်းခြင်းနှင့် ခွင့်ပြုရရှိသော ဘဏ္ဍာငွေဖြင့် ပစ္စည်းကိရိယာများ ဝယ်ယူခြင်းများပြုလုပ်၍ ဝန်ဆောင်မှုများပေးလျက်ရှိပါကြောင်း၊

• လမ်းဘေးစားသောက်ဆိုင်များတွင် ရောင်းချနေသာ အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အစားသောက်ရောင်းချသူများအနေဖြင့် အစားအသောက်များအား စနစ်တကျ ပြင်ဆင်ချက်ပြုတ် ရာတွင် လိုက်နာရမည့်အချက်များနှင့် ရှောင်ကြဉ်ရမည့်အချက်များ၊ အစားအသောက်မှတဆင့် ကူးစက်ဖြစ်ပွားနိုင်သော ရောဂါများအကြောင်းပါဝင်သည့် လက်ကမ်းစာစောင်များကို ပြုစုပြီး ဒေသဆိုင်ရာ အာဏာပိုင်များမှ တဆင့် မကြာမီကာလအတွင်း ဖြန့်ဖြူးပေးသွားမည်ဖြစ်ပါကြောင်း၊

• ပြည်သူများအနေဖြင့် အစားအသောက်နှင်ပတ်သက်သော ကျန်းမာရေးအသိပညာမြင့်မားပါက အရည်အသွေးမပြည့်မီသော၊ ဘေးဖြစ်စေနိုင်သော၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်ပုံတင် ထားခြင်းမရှိသော စားသောက်ကုန်များကို ဝယ်ယူစားသုံးခြင်းမှ ရှောင်ကြဉ်လာကြမည် ဖြစ်ပြီး ထိုကဲ့သို့ စားသုံးသူများက ဝယ်ယူစားသုံးခြင်းမပြုပါက ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချသူများကလည်း အဆိုပါ စားသောက်ကုန်များကို ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ရောင်းချခြင်း ပြုလုပ်တော့မည် မဟုတ်ကြောင်း၊


 

• စာသင်ကျောင်းများတွင်လည်း ကျောင်းမုန့်ဈေးတန်းမှ စားသောက်ကုန်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဆရာ၊ ဆရာမများ၊ မိဘများနှင့် ပူးပေါင်း၍ အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊

• စားသောက်ကုန်များနှင့်ပတ်သက်သော ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို၊ ထုတ်လုပ်သူ၊ တင်ပို့သူ၊ ရောင်းချသူများနှင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်နှင့် အလွယ်တကူသိရှိနိုင်စေရန် အတွက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ၏ website တွင် ဖော်ပြပေးသွားမည်ဖြစ်ကြောင်း၊

• စားသောက်ကုန်များ ထုတ်လုပ်သူ၊ တင်ပို့သူ၊ ရောင်းချသူများအနေဖြင့်လည်း လူ့ကျင့်ဝတ် စည်းကမ်းများကို လိုက်နာ၍ ကောင်းမွန်သော၊ အရည်အသွေးပြည့်ဝသော စားသောက်ကုန်ကြမ်းပစ္စည်းများကို အသုံးပြု၍ စနစ်တကျထုတ်လုပ်၊ သိုလှောင်၊ ဖြန့်ဖြူး၊ ရောင်းချကြစေလိုကြောင်း၊

• စားသောက်ကုန်များတွင် ထုတ်လုပ်သည့်နေစွဲ၊ သက်တမ်းကုန်ဆုံးမည့်နေ့စွဲ၊ ပါဝင်သော ပစ္စည်းများ၊ ထုပ်လုပ်သူ (သို့မဟုတ်) ထုတ်လုပ်သည့်စက်ရုံ၏ လိပ်စာ စသည့်အချက် များကို လူအများနားလည်သည့် ဘာသာဖြင့် ထင်ရှားစွာရေးသားဖော်ပြနိုင်ရန်အတွက် ယခုတက်ရောက်လျက်ရှိသော အဖွဲ့အစည်းများကဆွေးနွေးလျက်ရှိသည်ကို သိရှိရသဖြင့် အထူးကျေနပ်အားရမိပါကြောင်း၊

• ယနေ့ဆွေးနွေးပွဲတွင် ပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များရရှိ စားသုံးနိုင်ရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီသည့် လုပ်ဆောင်ရ မည့် အချက်များနှင့် အကြံပြုချက်များရရှိရန် ပွင့်လင်းစွာဖြင့် ဆွေးနွေးသွားကြစေလိုကြောင်း၊

• ယနေ့ဆွေးနွေးပွဲမှ ရရှိလာသည့် အကြံပြုချက်များကို ဝန်ကြီးဌာနအနေဖြင့် အထူးအလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊


 

• အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ဝေဖန်အကြံပြုလိုသည့်အချက်များကိုလည်း ပွင့်ပွင့်လင်းလင်း ထောက်ပြဆွေးနွေးကြစေလိုကြောင်း၊

• အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ အစားအသောက်များ ထုတ်လုပ်တင်သွင်းရောင်းချခြင်းများနှင့်ပတ်သက်၍ လုပ်ငန်းထောက်ခံချက်များရရှိရေး အတွက်စည်းမျဉ်းစည်းကမ်းများနှင့် အညီ လျင်မြန်စွာဖြင့် ပံ့ပိုးဆောင်ရွက် နိုင်ရန် လုပ်ထုံးလုပ်နည်းများကို သုံးသပ်ပြင်ဆင်လျက်ရှိပါကြောင်း၊

• ဤကိစ္စများနှင့် ပတ်သက်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) တစ်ခုတည်း လုပ်ဆောင်၍မရဘဲ နှီးနွယ်ဌာနဆိုင်ရာများနှင့် ယခုတက်ရောက်လျက်ရှိသာအသင်းအဖွဲ့များ၊ လုပ်ငန်းရှင် များအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အောင်မြင်မှုရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးဦးမြင့်သောင်းနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ဦးဇော်မင်းဝင်းတို့က အမှာစကား ပြောကြားခဲ့ကြပြီး မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ ဥက္ကဌ ဦးအေးဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။


 

     ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးနှင့်အဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဌ၊ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာစားသုံးသူများသမဂ္ဂ၊ အစာအာဟာရဆိုင်ရာသိပ္ပံနှင့် နည်းပညာအသင်းနှင့် စားသောက်ကုန်ဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

     အဆိုပါဆွေးနွေးပွဲကို ဘေးအန္တရာယ်ကင်းသော စားသောက်ကုန်များထုတ်လုပ်ဖြန့် ဖြူးရောင်းချရာတွင် လိုက်နာရမည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့် သက်ဆိုင်သော အကြောင်းအရာ များကို ဆွေးနွေးခြင်း၊ ဘေးအန္တရာယ်ကင်းသော စားသောက်ကုန်များထုတ်လုပ်ခြင်းဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးခြင်းနှင့် ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်ကုန်များဈေးကွက်တွင် ဖြန့်ဖြူး ရောင်းချနိုင်ရေးဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးခြင်း အစီအစဉ် (၃)ရပ်ဖြင့် ကျင်းပခဲ့ပါသည်။

More Tags