NOW LOADING

ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ) နှင့် အဖွဲ့က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ပြည်ထောင်စုဝန်ကြီးထံ လာရောက်တင်ပြ

နေပြည်တော်၊ ဇန်နဝါရီလ (၉)ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ နေပြည်တော်၊ ရုံးအမှတ် (၄)၌ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ) နှင့် အဖွဲ့က ကလေးကျန်းမာရေး ဌာနစိတ်၏လုပ်ငန်းများ၊ မိခင်နှင့် မျိုးဆက်ပွားကျန်းမာရေး ဌာနစိတ်၏လုပ်ငန်းများ၊ ကျောင်းကျန်းမာရေးဌာနစိတ်လုပ်ငန်းများနှင့် အာဟာရဖွံ့ဖြိုးရေးနှင့်သုတေသနဌာနစိတ်၏ လုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဝန်ကြီးဌာနမှ ဖြည့်ဆည်း ဆောင်ရွက်ပေးရန်အချက်များကို လာရောက်တင်ပြခဲ့ခြင်းကို လက်ခံတွေ့ဆုံခဲ့ပါသည်။

 

ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ) ဒေါက်တာမြင့်မြင့်သန်းနှင့် တာဝန်ရှိသူများက တင်ပြကြရာတွင်

• မွေးကင်းစ ကလေးစောင့်ရှောက်ခန်း (newborn care corner) များကို ဆေးရုံကြီးများတွင်သာမက သားဖွားခန်းရှိသည့် ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲများ အထိ တိုးချဲ့ထားရှိသွားရန် စီစဉ်လျက်ရှိပါကြောင်း၊

• ရှေးဦးအရွယ် ကလေးသူငယ် ကျန်းမာဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများကို သက်ဆိုင်ရာ နှီးနွှယ်ဌာနများ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အားဖြည့်ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ကလေးသူငယ်များအား အလွဲသုံးစားပြုခြင်း (child maltreatment) ဆိုင်ရာ အခြေခံ အချက်များကို ကျန်းမာရေးဝန်ထမ်းများသိရှိပြီး နှီးနွှယ်ဌာန၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန်ကိုလည်း လုပ်ဆောင်လျက်ရှိပါကြောင်း၊

• ကလေးသေဆုံး စောင့်ကြပ်လေ့လာခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများကိုလည်း အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊

• မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းများ ပိုမိုကျယ်ပြန့်စွာ ပြုလုပ်နိုင်ရန်အတွက် သင်ကြားမှုအထောက်အကူပြုစ္စည်းများ ပါဝင်သည့် သင်တန်းခန်းမများ ကို Jhpiego အဖွဲ့၏ ပံ့ပိုးမှုဖြင့် တိုင်းဒေသကြီး/ပြည်နယ် (၅)ခုတွင် ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊

• မွေးဖွားမှုနှင့် ကလေးငယ် ပြုစုစောင့်ရှောက်မှု လုပ်ငန်း Safe delivery application ကို အခြေခံကျန်းမာရေးဝန်ထမ်းများအသုံးချ ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ကျား/မ အခြေပြု အကြမ်းဖက်မှု (Gender-based violence) ခံစားရသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၊

• သားအိမ်ခေါင်းကင်ဆာ ကာကွယ်ရေးလုပ်ငန်းများ၊

• တိုက်နယ်ဆရာဝန်များနှင့် သားဖွားဆရာမများအား စွမ်းရည်မြှင့်သင်တန်းပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊

• မျိုးဆက်ပွား၊ မိခင်၊ မွေးကင်းစနှင့် ကလေးငယ်ကျန်းမာရေး (Reproductive, Maternal, Newborn and Child Health) စီမံချက်ကို ရေးဆွဲ၍ ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊

 

• ကျောင်းနေအရွယ်ကလေးများနှင့် ဆယ်ကျော်သက်အရွယ် ကျန်းမာရေးလုပ်ငန်းများကို ပညာရေးဝန်ကြီးဌာန၊ နှီးနွှယ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ကျောင်းကျန်းမာရေးမှတ်တမ်းများကို digital စနစ်ဖြင့် ဆောင်ရွက်တော့မည်ဖြစ်ပါကြောင်း၊

• အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးအသိပညာပေးခြင်း၊ အဏုအာဟာရ နှင့် သတ္တုဓာတ်ဖြည့် ဆေးဝါးများပေးခြင်း တို့ကိုလုပ်ဆောင်လျက်ရှိပါကြောင်း၊

• အိမ်သုံးဆားတွင် အိုင်အိုဒင်းဓာတ်ဖြည့်စွက်ခြင်းလုပ်ငန်းများကိုလည်း ဆားထုတ်လုပ်သူ လုပ်ငန်းရှင်များအား အသိပညာပေးဆောင်ရွက်လျက်ရှိပါကြောင်း၊

• အမျိုးသားအဆင့် အာဟာရဖွံဖြိုးမှု အဖွဲ့ (Nutritional society)တစ်ခုဖွဲ့စည်းသွားရန် လိုအပ်ပါကြောင်းနှင့်

• ဝန်ထမ်းရေးရာကိစ္စရပ်များ၊ စီမံအုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များနှင့် လိုအပ်ချက်များကို တင်ပြခဲ့ကြပါသည်။

     အမြဲတမ်းအတွင်းဝန် (၂) ဒေါက်တာသာထွန်းကျော်က ပြောကြားရာတွင် -

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မွေးကင်းစကလေးသေဆုံးမှု၊ အသက် (၅)နှစ်အောက် ကလေးသေဆုံးမှုနှင့် မိခင်သေဆုံးမှုဆိုင်ရာ လျှော့ချရေး ရည်မှန်းချက်များ ပြည်မီစေရန်အတွက် ဦးတည်ချက်ထားရှိ၍ မဟာဗျူဟာများ ချမှတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• အိုင်အိုဒင်းဓာတ်သည် ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မရှိမဖြစ် အရေးကြီးပါကြောင်း၊

• လုပ်ငန်းကဏ္ဍအသီးသီးအတွက် လုပ်ငန်းစီမံချက် (action plan) များ ရေးဆွဲကာ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

     ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ပူးတွဲတာဝန်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးက ပြောကြားရာတွင် -

• လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပြန့်ကျဲမနေစေဘဲ ကျွမ်းကျင်မှုဆိုင်ရာ ဦးစားပေးနယ်ပယ်တစ်ခု ရွေးချယ်၍ ဒေသ အသီးသီးမှ အခြေခံကျန်းမာရေးဝန်ထမ်းများမှ ကောင်းမွန်စွာလိုက်ပါဆောင်ရွက်နိုင်ရေးကို အဓိကထားရမည် ဖြစ်ပါကြောင်း၊

• ကျွမ်းကျင်မှုဆိုင်ရာ နယ်ပယ်တစ်ခုတွင် အောင်မြင်မှုရရှိပါက စနစ်တစ်ခုအသွင် ဖြစ်လာ၍ ကျန် ကျွမ်းကျင်မှုဆိုင်ရာနယ်ပယ်လုပ်ငန်းများလည်း အောင်မြင်စွာလိုက်​ပါ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• ဝန်ကြီးဌာနမှ ဖြန့်ဝေလျက်ရှိသော Mobile Tablet Platform ကို အသုံးပြု၍ ပြည်သူများအတွက် ကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်းများ နှင့် ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာများနှင့် လူမှုကွန်ရက်စာမျက်နှာများမှလည်း ကျန်းမာရေးအသိပညာပေး key message များ ဖြန့်ဝေပေးလျက်ရှိပါကြောင်း၊

• လုပ်ငန်းဆောင်ရွက် တိုးတက်မှုအခြေအနေများကို ဆန်းစစ်သုံးသပ်နိုင်ရန် baseline data များ ကောက်ယူ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

 

• Myanmar Demographic and Health Survey တွင်ပါဝင်သည့် အချက်အလက်များ ဆန်းစစ် သုံးသပ်၍ အားဖြည့်ဆောင်ရွက်ရန်လိုအပ်သည့် လုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• လုပ်ငန်းများဆောင်ရွက်ရာတွင် လက်တွေ့မြေပြင်တွင် ပြည်သူများနှင့် အနီးကပ်ထိတွေ့ဆောင်ရွက်နေသည့် အခြေခံကျန်းမာရေးဝန်ထမ်းများသည် အထူးအရေးကြီးပါကြောင်း၊

• ဝန်ထမ်းများ၏ ဘက်စုံ လုပ်ငန်းခွင် အဆင်ပြေချောမွေ့စေရေး အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊

• လုပ်ငန်းများအောင်မြင်စေရန်အတွက် တိုင်းဒေသကြီး/ပြည်နယ်များရှိ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး (ပြည်သူ့ကျန်းမာရေး) များမှ မိမိတို့၏ ကိုယ်ပိုင်အရေးကိစ္စကဲ့သို့ သဘောထားဆောင်ရွက်လိုမှု (sense of ownership) ရှိခြင်းမှာလည်း အရေးကြီးပါကြောင်း ပြောကြားခဲ့ပါသည်။

 

ထိုကဲ့သို့ တင်ပြခဲ့ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေး) ဒေါက်တာလှမြသွေးဣန္ဒာ၊ ညွှန်ကြားရေးမှူး (ကျောင်းကျန်းမာရေး) ဒေါက်တာစန္ဒာ၊ ဒုတိယညွှန်ကြားရေးမှူး (အာဟာရဖွံ့ဖြိုးရေးနှင့် သုတေသန) ဒေါက်တာလွင်မာလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

More Tags