ထိုင်းနိုင်ငံမှ ပြန်လည် ဝင်ရောက်လာသော မြန်မာနိုင်ငံသားများအား မြဝတီနယ်စပ်ဂိတ်၊ တံတားအမှတ် (၂) တွင် COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စနစ်တကျ ဆက်လက်ဆောင်ရွက် ပေးလျက်ရှိ

မြဝတီမြို့၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၂၃) ရက်နေ့

     ကရင်ပြည်နယ်အတွင်း COVID-19 ရောဂါကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ပိုမိုအားဖြည့်ဆောင်ရွက် နိုင်ရေးအထူးသဖြင့် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသော မြန်မာနိုင်ငံသားများအား ကရင်ပြည်နယ် အတွင်းရှိ နယ်စပ်ဂိတ်များတွင် COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အားဖြည့်ဆောင်ရွက်ရန်အတွက် ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေး) ဒေါက်တာထင်လင်းနှင့် ညွှန်ကြားရေးမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာစည်သူအောင် တို့ ဦးဆောင်သည့် အဖွဲ့ဝင် (၁၂) ဦး ပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် (၁၇-၃-၂၀၂၀)နေ့မှစ၍ ကရင်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ (၂၃-၃-၂၀၂၀) ရက်နေ့တွင် မြဝတီမြို့၊ တံတားအမှတ် (၂) တွင် ပြန်လည် ဝင်ရောက်လာသော မြန်မာနိုင်ငံသား (၂,၃၃၇) ဦးအား COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

 

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများသည် -

• အဖျားရောဂါစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများ စနစ်တကျဆောင်ရွက်ခြင်း၊

• ပြန်လည်ဝင်ရောက်လာသူများအတွက် ကျန်းမာရေး စိစစ်ခြင်းလက်မှတ်နှင့် ကျန်းမာရေးအကြံပေးချက်များဖြန့်ဝေခြင်း၊

• အထူးသဖြင့် ပြန်လည် ရောက်ရှိလာပြီး နောက် (၁၄) ရက်အတွင်း မိမိနေအိမ်တွင်ပင်နေထိုင်၍ အသွားအလာကန့်သတ်ခြင်း (quarantine) ပြုလုပ်ရန်အတွက် ညွှန်ကြားခြင်းနှင့် လိုက်နာရမည့်အချက်များအား ဖြန့်ဝေခြင်း၊

• ကျန်းမာရေးအသိပညာ မြှင့်တင်ခြင်းလုပ်ငန်းများအဖြစ် လက်ကိုင်အသံချဲ့စက်များ (Hand Held Loud Speaker) များအသုံးပြု ကျန်းမာရေးအသိပညာပေးနှိုးဆော်ခြင်းနှင့် ပိုစတာများနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပြီး ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊

• မိမိနေအိမ်များသို့ အမြန်ဆုံးပြန်လည်ရောက်ရှိပြီး အခြားသူများနှင့် ထိတွေ့မှုအနည်းဆုံးဖြစ်စေရန်အတွက် အဝေးပြေးမော်တော်ယာဉ်များဖြင့် တစ်စုတစည်းတည်း မိမိနေရပ်သို့ အခမဲ့ ပြန်နိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အခြားဌာနဆိုင်ရာများနှင့် ညှိနှိုင်းစီစဉ် ဆောင်ရွက်ခြင်း၊

• နေရပ်သို့ပြန်လည်ထွက်ခွာမည့်သူ စာရင်းအတိအကျအား ကောက်ယူ၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများမှ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အနီးကပ်ကြီးကြပ်ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ပေးအပ်ထားသော Quarantine Officer များထံသို့ သတင်းပေးပို့ဆောင်ရွက်ခြင်း တို့အား ဆောင်ရွက်လျက်ရှိပါသည်။

 

     ထို့အပြင် ကွင်းဆင်းအဖွဲ့သည် မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့သို့ သွားရောက်၍ တိုင်းရင်းသား ဒေသအတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးနေသောအဖွဲ့များနှင့်တွေ့ဆုံ၍ COVID-19 ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများအပြင် အခြားကူးစက်ရောဂါများဖြစ်သည့် တီဘီ၊ ငှက်ဖျားရောဂါများ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအတွက်လည်း ညှိနှိုင်း ဆောင်ရွက်ခဲ့ပါသည်။

 

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် မြဝတီမြို့ တံတား (၂) အပါအဝင် နယ်စပ် ဝင်ထွက်ဂိတ် (၂၇) ခုတွင် COVID-19 ရောဂါ မိမိနိုင်ငံအတွင်းသို့ ရောဂါဝင်ရောက်မှုမရှိစေရေးနှင့် ဝင်ရောက်လာပါက ချက်ချင်းသိရှိိပြီး တုန့်ပြန်ဆောင်ရွက်နိုင်ရေးအတွက် အထူးဦးစားပေးဆောင်ရွက်လျက်ရှိရာ (၁၆-၃-၂၀၂၀) ရက်နေ့မှ ယနေ့အထိ နိုင်ငံအတွင်းသို့ တံတားအမှတ် (၂) ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား (၃၂,၆၃၀) ဦးအား ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

More Tags