NOW LOADING

တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ သံအမတ်ကြီးက ပြည်ထောင်စုဝန်ကြီးအား လာရောက်တွေ့ဆုံနှုတ်ဆက်

နေပြည်တော်၊ စက်တင်ဘာ (၁၂)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး သည် ယနေ့၊ ညနေပိုင်းအချိန်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၌ တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Jukr Boon-Long က လာရောက်တွေ့ဆုံနှုတ်ဆက်မှုအား လက်ခံတွေ့ဆုံခဲ့ပါသည်။


 

ထိုသို့ တွေ့ဆုံရာတွင် -

• သြဂုတ်လ အတွင်းက ပြုလုပ်ခဲ့သော မြန်မာ-ထိုင်းနှစ်နိုင်ငံ ကျန်းမာရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးအဆင့်အစည်းအဝေး (Myanmar- Thailand Bilateral Health Ministerial Meeting) တွင် သဘောတူညီချက်ရယူခဲ့သည့် ကျန်းမာရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုစီမံကိန်း (Joint Action Plan 2019-2021) အရ လုပ်ငန်းများဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်၊

• မြန်မာ-ထိုင်းနှစ်နိုင်ငံပူးပေါင်း၍ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် မျက်စိတိမ်ရောဂါ အခမဲ့ခွဲစိတ်ကုသမှုကိုလည်း ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်၊

• မြန်မာ-ထိုင်းနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း၍ ကျန်းမာရေးကဏ္ဍလုပ်ငန်းများဆက်လက် ဆောင်ရွက်မည့်ကိစ္စရပ်များ စသည်တို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။


 

ပြည်ထောင်စုဝန်ကြီးက -

• ထိုင်းနိုင်ငံရှိ တက္ကသိုလ်များတွင် မြန်မာနိုင်ငံမှ ဆေးနှင့်ဆေးဘက်ဆိုင်ရာနှီးနွယ် ပညာရှင်များ ဘွဲ့လွန် မဟာဘွဲ့၊ ပါရဂူဘွဲ့တက်ရောက်လျက်ရှိခြင်းနှင့် သူနာပြုများ အထူးပြုဘာသာရပ်သင်တန်းများ တက်ရောက်လျက်ရှိခြင်းအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊

• ထိုင်းနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးစွာ ကျန်းမာရေးကဏ္ဍလုပ်ငန်းများ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

     အဆိုပါတွေ့ဆုံပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (သင်ကြားရေး) ဒေါက်တာတင်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ) ဒေါက်တာသောင်းလှိုင်၊ လက်ထောက်အတွင်းဝန် (ပြည်တွင်းပြည်ပဆက်ဆံရေး) ဒေါက်တာကျော်ခိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။


 
 

More Tags