NOW LOADING

ဆေးတက္ကသိုလ်နှင့် ဆေးနှီးနွယ်တက္ကသိုလ်များမှ ဆရာ၊ ဆရာမများအားဂုဏ်ပြုပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်၍ အဖွင့်အမှာစကားပြောကြား

ရန်ကုန်၊ အောက်တိုဘာလ (၇)ရက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် အောက်တိုဘာလ (၆)ရက်နေ့၊ နံနက်ပိုင်းတွင် သူနာပြုတက္ကသိုလ် (ရန်ကုန်) ၌ကျင်းပပြုလုပ်ခဲ့သော ဆေးတက္ကသိုလ်နှင့် ဆေးနှီးနွယ်တက္ကသိုလ်များမှ ဆရာ၊ ဆရာမများအားဂုဏ်ပြုပွဲအခမ်းအနား (Celebrating teachers in health professions education) သို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။


 

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• ယနေ့ကျင်းပသော အခမ်းအနားသည် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အဖြစ် ဆေးနှင့်ဆေးနှီးနွယ်တက္ကသိုလ် များမှ ဆရာ၊ ဆရာမများအား ဂုဏ်ပြုခြင်း၊ အသိအမှတ်ပြုခြင်း၊ ဂါရဝပြုခြင်း အနေဖြင့် ကျင်းပသည့် ဂုဏ်ပြုပွဲဖြစ်ကြောင်း၊

• (၁၉၆၆) ခုနှစ်တွင် ILO နှင့် UNESCO အဖွဲ့တို့ အကြံပြုချက်အပေါ်မူတည်၍ (၁၉၉၄) ခုနှစ်မှ စတင်၍ နှစ်စဉ် အောက်တိုဘာလ (၅) ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့ အဖြစ်သတ်မှတ် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊

• ယနေ့ အခမ်းအနားတွင် ဂုဏ်ပြုပွဲအပြင် ဆွေးနွေးပွဲနှင့် စကားရည်လုပွဲတို့ကိုပါထည့်သွင်းထားခြင်းသည် အလွန်ကောင်းမွန် ပါကြောင်း၊


 

• ယခုဂုဏ်ပြုပွဲဖြစ်မြောက်ရေးအတွက် မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ ဆေးပညာသင်ကြားရေးအဖွဲ့ငယ်နှင့် ဝိုင်းဝန်းဆောင်ရွက်သူများကိုလည်း အသိအမှတ်ပြုပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် နည်းပါးသည့် လူအင်အားဖြင့် များပြားသည့် အလုပ်တာဝန်များကို အစွမ်းကုန်ကြိုးစားဆောင်ရွက်လျက်ရှိသော ဆေးတက္ကသိုလ်နှင့် ဆေးနှီးနွယ်တက္ကသိုလ်များမှ ဆရာ၊ ဆရာမများကိုလည်း အထူးကျေးဇူးတင်ဂုဏ်ပြုပါကြောင်း၊

• ပညာသင်ကြားခွင့်သည် အခြေခံလူ့အခွင့်အရေးတစ်ခုဖြစ်ပြီး ပညာသင်ကြားခြင်းဖြင့် ကလေးငယ်များနှင့် လူငယ်များ၏ တိုးတက်ဖြစ်ထွန်းနိုင်ခြေကို ပြည့်ဝနိုင်စေမည်ဖြစ်ကြောင်း၊


 

• ယခု (၂၀၁၈) ခုနှစ် ကမ္ဘာ့ဆရာများနေ့ ဆောင်ပုဒ်ဖြစ်သော “The right to education means the right to a qualified teacher” နှင့် အညီ ပညာသင်ကြားရာတွင် အရည်အချင်းပြည့်ဝသော ဆရာ၊ ဆရာမများ ရှိမှသာ ထူးချွန်ထက်မြက်သော ကျောင်းသူ၊ ကျောင်းသားများ မွေးထုတ်နိုင်မည်ဖြစ်ကြောင်း၊

• (၂၀၁၅)ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် World Education Forum တွင် ထွက်ပေါ်ခဲ့သည့် Incheon declaration တွင် ဆရာ၊ ဆရာမများအား အရည်အသွေးမြှင့်တင်ရေး၊ လုံလောက်စွာ ပံ့ပိုးထောက်ပံ့ရေး၊ စနစ်တကျစီမံခန့်ခွဲရေး စသည်ဖြင့် ဘက်စုံ အားပေးမြှင့်တင်ရန် တိုက်တွန်းထားကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် Human Resources for Health strategy (HRH) (၂၀၁၁-၂၀၂၀) ကို ရေးဆွဲထားရှိ၍ ဆေးနှင့် ဆေးနှီးနွယ် ပညာသင်ကြားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကိုဆောင်ရွက်လျက်ရှိကြောင်း၊


 

• ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအနေဖြင့် ဆေးနှင့် ဆေးနှီးနွယ် ပညာသင်ကြားရေးကဏ္ဍ ပိုမိုတိုးတက်မြင့်မားရေး အတွက် မြန်မာနိုင်ငံဆေးပညာရှင်များအသင်း၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း၊ မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီ အစရှိသည့် အသင်းအဖွဲ့များထံမှ အကြံဉာဏ်များ ရယူ၍ မြန်မာနိုင်ငံ၏ လက်တွေ့အခြေအနေနှင့်ကိုက်ညီသော မူဘောင်နှင့် လမ်းပြမြေပုံရေးဆွဲကာ လုပ်ငန်းစဉ်များကို အဆင့်ဆင့်ဆောင်ရွက်သွားစေလိုကြောင်း၊

• ယခုသင်ကြားလျက်ရှိသော ဆေးပညာသင်ကြားရေးဒီပလိုမာသင်တန်းကိုလည်း ပိုမိုတိုးတက်ကောင်းမွန်စေ ရန်အတွက် အားဖြည့်ဆောင်ရွက်သွားစေလိုပြီး ဆေးတက္ကသိုလ်နှင့် ဆေးနှီးနွယ်တက္ကသိုလ်များတွင် လက်ရှိ ဆရာ၊ ဆရာမများအဖြစ်တာဝန်ထမ်းဆောင်နေသူများနှင့် အသစ်တာဝန်ထမ်းဆောင်မည့်သူများ ဆေးပညာသင်ကြားရေးဆိုင်ရာ ကာလတိုသင်တန်း တစ်ခုတက်ရောက်နိုင်ရန် စီစဉ် ဖွင့်လှစ်သွားစေလိုကြောင်း၊

• ဆေးတက္ကသိုလ်နှင့် ဆေးနှီးနွယ်တက္ကသိုလ်များရှိ ဆေးပညာသင်ကြားရေးဆိုင်ယူနစ်များ (Medical education units) ၏ လက်ရှိ အခြေအနေနှင့် စွမ်းဆောင်ရည်ကို ဘက်စုံသုံးသပ် ဆန်းစစ်၍ ခေတ်နှင့် အညီ မွမ်းမံပြင်ဆင်ဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်း၊


 

• ဝန်ကြီးဌာနအနေဖြင့်လည်းဆေးနှင့် ဆေးနှီးနွယ် ပညာသင်ကြားရေးကဏ္ဍနှင့် ဆေးတက္ကသိုလ်နှင့် ဆေးနှီးနွယ်တက္ကသိုလ်များမှ ဆရာ၊ ဆရာမများ အရည်​အ​သွေး ပိုမိုတိုးတက်မြင့်မားရေးအတွက် ယခုထက် ပိုမိုပံ့ပိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆေပညာရှင်အဖွဲ့၊ ဥက္ကဌ ပါမောက္ခဒေါက်တာနေဝင်း နှင့် မြန်မာနိုင်ငံဆရာဝန်များ အသင်း၊ ဆေးပညာသင်ကြားရေးအဖွဲ့ငယ်၊ ဥက္ကဌ ပါမောက္ခဒေါက်တာသာလှရွှေတို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားသို့ ကြွရောက်လာကြသူများက အခမ်းအနားအထိမ်းအမှတ် ပိုစတာပြိုင်ပွဲအဖြစ် ခင်းကျင်းပြသထားသော ပိုစတာများကို လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။


 

ယင်းနောက် ဆေးတက္ကသိုလ် - ၁ (ရန်ကုန်)၊ ဆေးတက္ကသိုလ် - ၂ (ရန်ကုန်)၊ ဆေးတက္ကသိုလ် (မကွေး)၊ တပ်မတော်ဆေးတက္ကသိုလ်နှင့် သူနာပြုတက္ကသိုလ် (ရန်ကုန်) တို့မှ ဆရာ၊ ဆရာမ (၅)ဦးက Teaching Excellence and Happy Teachers ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး ဆေးတက္ကသိုလ် - ၁ (ရန်ကုန်)၊ ဆေးတက္ကသိုလ် - ၂ (ရန်ကုန်)နှင့် သူနာပြုတက္ကသိုလ် (ရန်ကုန်)တို့မှ ကျောင်းသူ၊ ကျောင်းသားများက “ဆရာအရည်အသွေးသည် သင်ရိုးထက် အရေးကြီးသည်” (The singer, not the song) ခေါင်းစဉ်ဖြင့် စကားရည်လုပွဲ ပြုလုပ်ခဲ့ပါသည်။

ဆက်လက်၍ တာဝန်ရှိသူများက ဂုဏ်ပြုပွဲဖြစ်မြောက်ရေးစီစဉ်ခဲ့သူများ၊ ဂုဏ်ပြုခံဆရာ၊ ဆရာမများ ကို ဂုဏ်ပြုအမှတ်တရ လက်မှတ်နှင့် လက်ဆောင်များပေးအပ်ခဲ့ပြီး ပိုစတာပြိုင်ပွဲနှင့် စကားရည်လုပွဲတို့တွင် ဆုရရှိသည့် အဖွဲ့များကို ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဆေးတက္ကသိုလ်နှင့် ဆေးနှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့မှ အမှုဆောင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆေးကောင်စီမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆရာဝန်အသင်းမှ တာဝန်ရှိသူများနှင့် ဆေးတက္ကသိုလ်နှင့် ဆေးနှီးနွယ်တက္ကသိုလ်များမှ ကျောင်းသူ၊ ကျောင်းသားများ တက်ရောက်ခဲ့ပါသည်။

More Tags