NOW LOADING

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပပြုလုပ်သည့် Gavi Board Meeting သို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်

နေပြည်တော်၊ ဒီဇင်ဘာ (၄) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ Gavi ဌာနချုပ်ရှိ Global Health Campus တွင် နိုဝင်ဘာလ (၂၈)ရက်မှ (၂၉)ရက်နေ့ အထိကျင်းပပြုလုပ်သည့် Gavi Board အဖွဲ့ဝင်များ အစည်းအဝေးသို့ Gavi Board အဖွဲ့ဝင်အနေဖြင့် တက်ရောက်ခဲ့ပြီး ဒီဇင်ဘာလ (၂)ရက် နေ့တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိပါသည်။

 

     အဆိုပါ Gavi Board အဖွဲ့အစည်းအဝေးတွင် အဖွဲ့ဝင်များဖြစ်ကြသည့် Bill and Melinda Gates Foundation, World Bank, WHO, UNICEF ၊ အလှူရှင် အဖွဲ့အစည်းများ၊ ကာကွယ်ဆေးထုပ်လုပ်သည့်ကုမ္ပဏီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ သုတေသနနှင့် ကျန်းမာရေးကျွမ်းကျင်မှုပိုင်းဆိုင်ရာအဖွဲ့အစည်းတို့မှ ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးဆဲနိုင်ငံများ အစုအဖွဲ့မှ အဖွဲ့ဝင်ဝန်ကြီးများအပါအဝင် ဘုတ်အဖွဲ့ဝင်(၂၄)ဦးနှင့် အလှူရှင်နိုင်ငံများ၊ လေ့လာသူများ စုစုပေါင်း (၁၃၅)ဦး တက်ရောက်ခဲ့ပါသည်။

     ၎င်းအစည်းအဝေး၌ Gavi အဖွဲ့မှထောက်ပံ့ပေးသည့်နိုင်ငံများတွင် လုပ်ငန်းဆောင်ရွက် ချက် ပီပြင်မှု ရှိ/မရှိ၊ ဘဏ္ဍာငွေအကျိုးရှိစွာ အသုံးချမှု ရှိ/မရှိ၊ Gavi အဖွဲ့၏ ထောက်ပံ့မှုများ အခြေအနေနှင့် လုပ်ငန်းဆောင်ရွက်ပံ့ပိုးမှုများကို အသေးစိတ်လေ့လာ သုံးသပ်ကြပါသည်။

 

     ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် -

• Gavi အဖွဲ့မှ ပဋိဇီဝဆေးယဉ်ပါးမှုတိုက်ဖျက်ရေးကို ကူညီထောက်ပံ့ပေးမည့်အချက်မှာ အလွန်အကျိုးရှိပြီး မည်သည့်အခန်းကဏ္ဍမှ ဝင်ရောက်ကူညီမည်ကို ရှင်းရှင်း လင်းလင်းပြောကြားရန် လိုအပ်ပါကြောင်း၊

• ကမ္ဘာ့နိုင်ငံများ၌ ဝက်သက်ရောဂါသည် ကပ်ရောဂါအငယ်စားအသွင်ဖြင့် မကြာခဏ ဖြစ်ပွားလျက်ရှိနေသေးသဖြင့် Gavi အဖွဲ့ဝင်နိုင်ငံအချို့တွင် အောင်မြင်စွာ လက်တွေ့ ထိန်းချုပ်နိုင်ခဲ့သည့်အတွေ့အကြုံများကို နိုင်ငံအချင်းချင်း ဝေမျှ၍လည်းကောင်း၊ WHO, UNICEF အဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်ခဲ့မှုများအပေါ်အခြေခံ၍ လည်းကောင်း၊ အကြံပြုချက်၊ လမ်းညွှန်ချက်များကို မျှဝေ၍ ဝက်သက်ရောဂါ ပပျောက်ရေးကို ဆောင်ရွက်သင့်ပါကြောင်း၊

• Gavi အဖွဲ့မှ ထောက်ပံ့ပေးနေသည့်နိုင်ငံများ၌ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများကို နှိမ်နှင်းရာတွင် ဆောင်ရွက်ပံ့ပိုးပေးသည့် အဖွဲ့အစည်းတစ်ခုတည်း ဘက်မှ လုပ်ငန်းများဆောင်ရွက်ပေးနေခြင်း မဟုတ်ဘဲ ကာကွယ်ဆေးတိုက်ကျွေး ထိုးနှံခြင်းကို လက်ခံရရှိသူပြည်သူများဘက်မှလည်း ကာကွယ်ဆေးတိုက်ကျွေး ထိုးနှံခြင်း၏ အကျိုးအာနိသင်များကို သိရှိရန်လိုအပ်ပါကြောင်း၊

 

• မြန်မာနိုင်ငံ၌ ပြည်သူများကို ကျန်းမာရေးစာတတ်မြောက်မှု အသိပညာပေးလုပ်ငန်း များကို Mobile Tablet Phone များကိုအသုံးပြု၍ အခြေခံကျန်းမာရေး ဝန်ထမ်းများမှ စတင်ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ထိုသို့ဆောင်ရွက်ရာတွင် အထူးသဖြင့် ဝေးလံခက်ခဲသော ဒေသများတွင်နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးစုများ ကျန်းမာရေးအသိပညာ မြင့်မားတိုးတက်လာစေရေးအတွက် အဓိကရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်ပါကြောင်း၊

• Gavi အဖွဲ့မှ အဆိုပါ Mobile Tablet Phone များ ဖြန့်ဝေနိုင်ရန် အဓိကပံ့ပိုး ကူညီခဲ့သည့်အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊

• Gavi ရန်ပုံငွေကို အသုံးပြုပြီး ကျန်းမာရေးစနစ်တောင့်တင်းခိုင်မာရေးနှင့် လက်တွေ့အသုံးချသုတေသန (Implementation Research)ကိုလည်း ဆောင်ရွက်လျက် ရှိပါသဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊

• ၎င်းအစည်းအဝေး၌ လိုအပ်သည့်နိုင်ငံများကို ပိုမိုထိရောက်စွာ ပံ့ပိုးနိုင်ရန်အတွက် Gavi အဖွဲ့၏ရှေ့လုပ်ငန်းစဉ် မဟာဗျူဟာ/နည်းဗျူဟာများ (Shaping Gavi's Future Strategy) နှင့် Gavi အဖွဲ့မှ ရင်းနှီးမြှုပ်နှံ ပံ့ပိုးပေးသင့်သည့်ကဏ္ဍများ (Shaping Gavi's Investment) ကိုလည်း ပြည်ထောင်စုဝန်ကြီးက အသေးစိတ်အကြံပြု ဆွေးနွေးခဲ့ပါသည်။

 

     Gavi အဖွဲ့အနေဖြင့် မြန်မာနိုင်ငံကို ကာကွယ်ဆေးများနှင့် ကာကွယ်ဆေးထိုး လုပ်ငန်းများအတွက် (၂၀၁၂) ခုနှစ်မှစတင် ပံ့ပိုးလျက်ရှိရာ (၂၀၁၇)ခုနှစ်ထိ အမေရိကန် ဒေါ်လာ (၁၁၇)သန်းအထိ ပံ့ပိုးပေးခဲ့ပြီး ဆက်လက်၍ (၂၀၁၈)ခုနှစ်မှ (၂၀၂၀)ခုနှစ်အထိ အမေရိကန်ဒေါ်လာ (၁၂၃)သန်း ထောက်ပံ့မည်ဖြစ်ပါသည်။ (၂၀၂၀) ခုနှစ်မှစတင်၍ ပြင်းထန်ဝမ်းပျက်ဝမ်း‌လျှောရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့် သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများအတွက် ထပ်မံပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Bern မြို့၊ Inselspital ဆေးရုံမှ ဦးနှောက်နှင့် အာရုံကြောခွဲစိတ် အထူးကုဆရာဝန်ကြီးများ၊ အရေးပေါ်ကုသမှု ဆရာဝန်ကြီးများ၊ ဆွစ်ဇာလန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံတွင် ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် မြန်မာနိုင်ငံမှ ခွဲစိတ်ဆရာဝန်၊ မေ့ဆေးဆရာဝန်၊ သူနာပြုနှင့် ကျွမ်းကျင်ဝန်ထမ်းများကို လွန်ခဲ့သော (၆)နှစ်မှစ၍ လက်ခံလေ့ကျင့် သင်ကြားပေးလျက်ရှိသည့်အပြင် စက်ကိရိယာနှင့် မိုက်ခရို စကုတ်များ ပေးအပ်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ထပ်မံ၍ သင်တန်းသားများ ဆက်လက်စေလွှတ်ရန် သဘောတူညီချက်များရရှိခဲ့ပါသည်။

More Tags