NOW LOADING

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်/တိုက်နယ် ဆရာဝန်များအား Mobile Tablet များ ဖြန့်ဝေ

မုံရွာမြို့၊ နိုဝင်ဘာလ (၂၀) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် နိုဝင်ဘာလ (၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်သည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အခြေခံကျန်းမာရေး ဝန်ထမ်း (၃၃၈၆)ဦးနှင့် မြို့နယ်ဆရာဝန်နှင့် တိုက်နယ်ဆရာဝန် (၁၃၈)ဦးသို့ Mobile Tablet များ ဖြန့်ဝေခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။


 

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် -

• ဌာနတစ်ခုဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုဖြစ်စေ တိုးတက်ရန်မှာ အဆိုပါ ဌာန/ အဖွဲ့အစည်း၏ ဝန်ထမ်းများ၏ အရည်အသွေး တိုးတက်မြင့်မားမှုအပေါ်မူတည်နေသည် ဖြစ်ပါကြောင်း၊

• ယခုကဲ့သို့ စစ်ကိုင်းတိုင်းဒေသကြီးတွင် Mobile Tablet များ ဖြန့်ဝေပေးခြင်းဖြင့် ကျန်းမာရေး ဝန်ထမ်းများ၏ အရည်သွေးများစွာတိုးတက်စေနိုင်ကာ စစ်ကိုင်းတိုင်းဒေသကြီးရှိ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများပါ တိုးတက်မြင့်မားလာမည် ဖြစ်သဖြင့် များစွာ ကျေးဇူးတင် ဝမ်းမြောက်ပါကြောင်း၊

• နယ်မြေဧရိယာကျယ်ဝန်းသော စစ်ကိုင်းတိုင်းဒေသကြီးတွင် ပထဝီနေရာဒေသအလိုက် စီးပွားရေး၊ လူမှုရေးနှင့် ကျန်းမာရေး အဆင့်အတန်းကွဲပြားခြားနားမှုများရှိပြီး လူတိုင်းလက်လှမ်းမီသော ကျန်းမာရေးကို ရရှိနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊

• ယခုကဲ့သို့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ၊ နောက်ဆုံးပေါ် ကုသမှု နည်းစနစ်များ နှင့် ကျန်းမာရေးအသိပညာများ ထည့်သွင်းထားသော Mobile Tablet များ ဖြန့်ဝေပေးခြင်းဖြင့် ထိုကဲ့သို့ ပထဝီနေရာဒေသအလိုက် ကျန်းမာရေး အဆင့်အတန်းကွဲပြားခြားနားမှု များကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။


 

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က အဖွင့်အမှာစကားပြောကြားရာ၌ -

• ပြည်သူများအား ပိုမိုအရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နိုင်ရန် အတွက် ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကြီးရှိ ပြည်သူ့ကျန်းမာရေး လုပ်ငန်းများနှင့် ကုသရေးလုပ်ငန်းများကို ပြည်သူများနှင့် အနီးကပ်ထိတွေ့၍ ဆောင်ရွက်လျက်ရှိသော အခြေခံ ကျန်းမာရေးဝန်ထမ်းများ၊ တိုက်နယ်ဆရာဝန်များနှင့် မြို့နယ်ဆရာဝန်များ၏ ကျွမ်းကျင်မှု ဆိုင်ရာအရည်အသွေးများ၊ အသိပညာဗဟုသုတများ၊ စွမ်းဆောင်ရည်များ မြင့်မားရန် အထူး အရေးကြီးပါကြောင်း၊

• ရောဂါဖြစ်ပွားသူများအား ဆန်းစစ်လေ့လာမှုများပြုလုပ်ရာတွင် ကျန်းမာရေးအသိပညာနှင့် ကျန်းမာရေးစာတတ်မြောက်မှု နည်းပါးခြင်း၊ ရောဂါကြိုတင်ကာကွယ်မှုနည်းလမ်းများကို မသိရှိခြင်းနှင့် ရောဂါများ၏ လက္ခဏာများကို မသိရှိခြင်းကြောင့် လည်းကောင်း၊ ကျန်းမာရေး နှင့် ညီညွတ်သော စားသောက်နေထိုင်မှု အလေ့အကျင့်များကို မလိုက်နာခြင်းကြောင့် ရောဂါများ ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊

• ယခုဖြန့်ဝေလျက်ရှိသော Mobile Tablet များတွင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဆိုင်ရာ လုပ်ငန်းလမ်းညွှန်များ၊ အကိုးအကားစာအုပ်များ၊ စာအုပ်စာတန်းများ၊ အသုံးချဆော့ဝဲလ် (application) များ၊ ကုသရေးဆိုင်ရာ နောက်ဆုံးပေါ်ကုထုံးနည်းစနစ်များ၊ အုပ်ချုပ်ရေးနှင့် ရုံးလုပ်ငန်းဆိုင်ရာ စာအုပ်စာတန်းများပါဝင်ပါကြောင်း၊

• အခြေခံကျန်းမာရေးဝန်ထမ်းများအနေဖြင့် Mobile Tablet များကို အသုံးချ၍ (ဥပမာအားဖြင့်) -


 

- အန္တရာယ်ကင်းစွာမွေးဖွားခြင်း (Safe delivery application) ကဲ့သို့ application ကို အသုံးချလေ့လာ၍ ကိုယ်ဝန်ဆောင်ချိန်၊ ကလေးမွေးဖွားချိန်နှင့် မွေးဖွားပြီးပြီးချင်း ရက်သတ္တပတ်များတွင် ကြုံတွေ့ရသော မိခင်နှင့် မွေးကင်းစကလေးများ၏ ကျန်းမာရေးပြဿနာများကို ဖြေရှင်းစောင့်ရှောက်မှုပေးနိုင်ခြင်း၊

- ကျန်းမာရေးစံပြုအချက်အလက်များ (standardized health messages) ကို အသုံးပြု၍ ပြည်သူများအား ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်နေထိုင်မှု အလေ့အကျင့်ကောင်း များ ကျင့်သုံးနေထိုင်နိုင်စေရန်၊ ရောဂါကြိုတင်ကာကွယ်မှု၊ ရောဂါလက္ခဏာများနှင့် ရောဂါဖြစ်ပွားပါက ကုသမှုခံယူရန် နည်းလမ်းများကို သိရှိနိုင်စေရန်တို့ အတွက် ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်နိုင်ပါကြောင်း၊

• အလားတူ တိုက်နယ်ဆရာဝန်များနှင့် မြို့နယ်ဆရာဝန်များအနေဖြင့် Mobile Tablet များတွင် ပါဝင်သော နောက်ဆုံးပေါ်ကုထုံးများကို လေ့လာ၍ ကုသမှုလုပ်ငန်းများကို ပိုမိုအရည်အသွေး ပြည့်ဝစွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊

 


 

• မကြာခင်ကာလအတွင်းတွင် Mobile Tablet များကို အသုံးချ၍ -

- ကျန်းမာရေးစာရင်းဇယားများ၊ သတင်းအချက်အလက်များနှင့် ရောဂါစောင့်ကြပ်ကြည့်ရှုမှု ဆိုင်ရာ အစီရင်ခံစာများကို ပေးပို့နိုင်ခြင်း၊

- ပြည်သူလူထုအတွင်း ကျန်းမာရေး စကားဝိုင်းငယ်များပြုလုပ်ရာတွင် မှန်ကန်တိကျသည့် နောက်ဆုံးပေါ် ကျန်းမာရေး အသိပညာများပေးအပ်နိုင်ခြင်း၊

- ဝန်ကြီးဌာနမှ ညွှန်ကြားချက်များ၊ ထုတ်ပြန်ချက်များနှင့် လုပ်ဆောင်ရန် အချက်များကို သက်ဆိုင်ရာ ဝန်ထမ်းများအားလုံးထံသို့ အချိန်နှင့်တစ်ပြေးညီ ပေးပို့နိုင်ခြင်း၊

- နာဂဒေသတွင် (၂၀၁၆)ခုနှစ်အတွင်း ကပ်အသွင် ဝက်သက်ရောဂါဖြစ်ပွားခဲ့မှု ကဲ့သို့ ကပ်ရောဂါအသွင် ဖြစ်ပွားသည့် အခြေအနေနှင့် အခြား ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေ အနေနှင့် သဘာဝဘေးအန္တရာယ် ကျရောက်ချိန်များတွင် သက်ဆိုင်ရာနေရာဒေသရှိ ဝန်ထမ်းများနှင့် ဗဟိုအဆင့်တာဝန်ရှိသူများ အကြား အချိန်နှင့်တပြေးညီ အပြန်အလှန် ဆက်သွယ်ဆောင် ရွက်နိုင်ခြင်း စသည်တို့ကိုလုပ်ဆောင်နိုင်တော့မည်ဖြစ်ကြောင်း၊


 

• မှန်ကန်တိကျသော စာရင်းဇယားနှင့် သတင်းအချက်အလက်များရရှိနိုင်ခြင်းဖြင့် ဗဟိုမှ တာဝန်ရှိသူများသည် မှန်ကန်သည့် ဆုံးဖြတ်ချက်များချမှတ်နိုင်မည်ဖြစ်ပြီး ပိုမိုမှန်ကန် တိကျသည့် မဟာဗျူဟာများ၊ စီမံကိန်းများရေးဆွဲချမှတ်နိုင်မည် ဖြစ်သဖြင့် ရင်းနှီးမြုပ်နှံခြင်းသည် ရင်းနှီးမှုပမာဏထက် အဆပေါင်းများစွာပိုမိုသော ကျန်းမာ ရေးဆိုင်ရာ အကျိုး အမြတ်များ ပြန်လည်ရရှိနိုင်မည် ဖြစ်ကြောင်း၊

• ထို့အပြင် ဆေးပညာရပ်စဉ်ဆက်မပြတ် သင်ကြားရေး (continuing medical education) နှင့် ဆေးပညာရှင်များ၏ ကျင့်ဝတ်နှင့် အရည်အသွေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး (continuing professional development) ကိုလည်း Mobile Tablet များကို အသုံးပြု၍ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး သင်တန်းများကို ငွေနှင့် အချိန်ကုန်ကျမှုသက်သာစွာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်သွားနိုင်မည်ဖြစ်ကြောင်း၊

• Mobile Tablet များကို အသုံးချကာ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဝန်ထမ်းများ အနေဖြင့်လုပ်ငန်များကို သဟဇာတမြင့်မားစွာ အပြန်အလှန်အားဖြည့် ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ရေရှည်ကာလတွင် ပြည်သူများ၏ ကျန်းမာရေး အဆင့်အတန်း ပိုမိုမြင့်မားလာကာ ကျန်းမာရေး စနစ်ကြီးတစ်ခု လုံးလည်း ပိုမိုတိုးတက်ကောင်းမွန် လာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော တာဝန်ရှိပုဂ္ဂိုလ်များက လက်ထောက် ကျန်းမာရေးမှူးများ၊ အမျိုးသမီးကျန်းမာရေးဆရာမများ၊ သားဖွားဆရာမများ၊ ပြည်သူ့ ကျန်းမာရေး ကြီးကြပ် (၁) နှင့် (၂) များ စုစုပေါင်း အခြေခံကျန်းမာရေးဝန်ထမ်း (၃၃၈၆)ဦးနှင့် မြို့နယ်ဆရာဝန်များနှင့် တိုက်နယ် ဆရာဝန်များ စုစုပေါင်း (၁၃၈)ဦး ထံသို့ Mobile Tablet များ ဖြန့်ဝေပေးခဲ့ပါသည်။

ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိန်က Mobile Tablet များတွင် ပါဝင်သော စာအုပ်စာတမ်းများနှင့် အသုံးချဆော့ဝဲလ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကာ စစ်ကိုင်းတိုင်းဒေသကြီး ကျန်းမာရေးသံတမန် မမာရီကိုးလ်နှင့် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးသံတမန် ဒေါက်တာစိုးညီညီထွန်းတို့မှ Mobile Tablet များအား မိတ်ဆက်ပြောကြားခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများနှင့် အတူ မိတ်ဆက် သရုပ်ပြခြင်းတို့ကို လုပ်ဆောင်ခဲ့ပါသည်။


 

ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းလွင်က ကျေးဇူးတင်စကားနှင့် Mobile Tablet များကို အသုံးပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အားဖြည့် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဧည့်သည်တော်များနှင့်အတူ အခမ်းအနား အထိမ်းအမှတ်ပြခန်းငယ်များကို လှည့်လည်ကြည့်ရှု၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို လမ်းညွှန်မှုပေးခဲ့ပါသည်။


 

အခြေခံကျန်းမာရေးဝန်ထမ်းများထံ ဖြန့်ဝေခဲ့သည့် Mobile Tablet များတွင် စာအုပ်စာတမ်းပေါင်း (၁၂၀) ကျော်နှင့် အသုံးချဆော့ဝဲလ် (application)များ ပါဝင်ပြီး၊ မြို့နယ်/ တိုက်နယ် ဆရာဝန်များထံ ဖြန့်ဝေခဲ့သည့် Mobile Tablet များတွင် စာအုပ် စာတမ်းပေါင်း (၅၃၀) ကျော်နှင့် အသုံးချဆော့ဝဲလ် (application)များ ပါဝင်ကာ အဆိုပါ စာအုပ် စာတမ်းများနှင့် အသုံးချဆော့ဝဲလ်များအား ဆက်သွယ်ရေးကွန်ရက် (online) ဖြင့်အသုံးပြုနိုင်ရုံသာမက ဆက်သွယ်ရေး ကွန်ရက်မရှိဘဲ (offline) ဖြင့်လည်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။


 

အဆိုပါ Mobile Tablet များတွင် ပြည်သူများအား ကျန်းမာရေး အသိပညာမြှင့်တင်ရာတွင် အသုံးပြုရန် စာအုပ်စာတန်းများ၊ ရုပ်ပုံများ၊ ဗီဒီယိုများလည်း ပါဝင်ပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အခြေခံ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် နှင့် တိုက်နယ် ဆရာဝန်များအား ဖြန့်ဝေခဲ့သည့် ရွေ့လျားစာကြည့်တိုက်သဖွယ် အသုံးပြုနိုင်မည့် Mobile Tablet များတွင် မိုဘိုင်း Sim card များနှင့် Power bank များကိုပါထည့်သွင်းထားပြီး ကျန်းမာရေးဝန်ထမ်းများ အသုံးပြုရာတွင် အဆင်ပြေလွယ်ကူစေရန်စီစဉ် ဆောင်ရွက်ထား ရှိပါသည်။


 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေဖြင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များကို လည်း Mobile Tablet များ ဆက်လက်၍ ဖြန့်ဝေသွားမည် ဖြစ်ပြီး ဖြန့်ဝေထားရှိသော Mobile Tablet များ တွင်ပါဝင်သည့် စာအုပ်စာတမ်းများ၊ အသုံးချ ဆော့ဝဲလ်များကို လက်တွေ့ အသုံးချမှု အခြေအနေ၊ အသုံးပြုရန်လွယ်ကူမှုရှိ/မရှိနှင့် အခက်အခဲများကို ဆန်းစစ်လေ့လာမှု များပြုလုပ်၍ ပိုမိုကောင်းမွန်စေရန် မွမ်းမံပြင်ဆင်မှုများ (update) ပြုလုပ်သွားမည်ဖြစ်ပါသည်။


 

     ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတွင် အီလက်ထရောနစ်နည်းပညာ၊ သတင်းအချက်အလက်နှင့်နည်းပညာ စနစ်တို့ကို အသုံးချကာ E-government စနစ်ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ယခုကဲ့သို့ အီလက်ထရောနစ်နည်းပညာ၊ သတင်းနှင့်နည်းပညာစနစ်တို့ကိုအသုံးချ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပါသည်။

More Tags