NOW LOADING

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ လန်သန်းကျေးရွာနှင့် ပေါ်ကွန်ကျေးရွာတို့တွင် သံသယရာသီတုပ်ကွေးရောဂါ အစုလိုက်ဖြစ်ပွား၊ သေဆုံးမှုနှင့်ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်ထားရှိမှုအခြေအနေ (၁၂-၉-၂၀၁၈)

နေပြည်တော်             စက်တင်ဘာ (၁၂) ရက်

၁။ နန်းယွန်းမြို့နယ်၊ ရမ်စီကျေးလက်ကျန်းမာရေးဌာန၊ ရှမ်ဟဲနုတ်ညိုကျေးလက်ကျန်းမာရေး ဌာနခွဲအပိုင်၊ လန်သန်းကျေးရွာတွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများဖြင့် ကလေး (၂) ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသဖြင့် နန်းယွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ဆရာဝန် ဒေါက်တာထွန်းထွန်းနိုင် ဦးဆောင်သောကွင်းဆင်းအဖွဲ့သည် (၂၉-၈-၂၀၁၈) ရက်နေ့မှ(၂-၉-၂၀၁၈) ရက်နေ့အထိလည်းကောင်း၊ နန်းယွန်းမြို့နယ်မှ လက်ထောက်ကျန်းမာရေးမှူး ဦးမျိုးမြင့်သိန်း ဦးဆောင်သောအဖွဲ့သည် (၃-၉-၂၀၁၈) ရက်နေ့မှ (၅-၉-၂၀၁၈) ရက်နေ့အထိလည်းကောင်း ကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။

၂။ ကွင်းဆင်းအဖွဲ့သည် ယာယီဆေးခန်းဖွင့်လှစ်၍ ဆေးကုသမှုပေးခြင်း၊ လူနာများနေထိုင်ရာ လန်သန်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိကျေးရွာများသို့သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်း၊ ကူးစက်ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ (၂၅-၈-၂၀၁၈) ရက်နေ့မှ (၂၆-၈-၂၀၁၈) ရက်နေ့အထိ လန်သန်းကျေးရွာတွင် ရာသီတုပ်ကွေးရောဂါ၏ နောက်ဆက်တွဲ ပြင်းထန် အဆုတ်ရောင်ရောဂါလက္ခဏာများဖြင့် ကလေးငယ် (၃) ဦးသေဆုံးခဲ့ကြောင်း အတည်ပြုခဲ့ပြီး ကျေးရွာ တွင် ရာသီတုပ်ကွေးရောဂါ လက္ခဏာရှိသူလူနာ (၆၄) ဦးအား ကုသမှုပေးခဲ့ပါ သည်။ ပြင်ပလူနာများ ၏ အသက်အုပ်စုမှာ အသက် (၃) လမှ အသက် (၅၀) နှစ်ထိ ဖြစ်ကြောင်းနှင့် အဆိုပါလူနာများမှာ သက်သာပျောက်ကင်းသွားကြောင်း သိရှိရပါသည်။ ကွင်းဆင်းဆောင်ရွက်နေစဉ်အတွင်း ပြင်းထန် အဆုတ်ရောင်ရောဂါဖြစ်ပွားသော ကလေးလူနာများ ထပ်မံတွေ့ရှိသဖြင့် (၂၉-၈-၂၀၁၈) ရက်နေ့တွင် လဟယ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ကလေးငယ် (၁) ဦး၊ (၃-၉-၂၀၁၈) ရက်နေ့တွင် နန်းယွန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ကလေးငယ် (၂) ဦး၊ စုစုပေါင်း (၃) ဦးတို့အား လွှဲပြောင်းကုသစေခဲ့ပါသည်။ (၂၉-၈-၂၀၁၈) ရက်နေ့တွင် ပြင်းထန်အဆုတ်ရောင်ရောဂါဖြင့် လဟယ်မြို့နယ်ပြည်သူ့ဆေးရုံသို့ လွှဲပြောင်း ကုသခဲ့သော အသက် (၁) နှစ်၊ (၃) လအရွယ်ကလေးသည် (၂-၉-၂၀၁၈) ရက်နေ့တွင် သေဆုံးခဲ့ပါ သည်။

၃။ ကွင်းဆင်းအဖွဲ့၏ တွေ့ရှိချက်အရ ယခုဖြစ်စဉ်တွင် သေဆုံးသူ ကလေးငယ်များမှာ အသက် (၂၈) ရက်မှ အသက် (၁၀) နှစ်အတွင်းရှိပြီး၊ ၎င်းတို့နေထိုင်ရာ ကျေးရွာများသည် ခက်ခဲဒေသများဖြစ် ကြောင်း တွေ့ရှိရပါသည်။ အဆိုပါခက်ခဲဒေသများတွင် ပွင့်လင်းရာသီ၌ (၁) နှစ်လျှင် အနည်းဆုံး (၃) ကြိမ် ကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်နိုင်ပြီး (၂၀၁၆) ခုနှစ်မှစတင်၍ ကာကွယ်ဆေးထိုးလွှမ်းခြုံ မှု မြှင့်တင်နိုင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ (၂၀၁၇) ခုနှစ်တွင် ရမ်စီကျေးလက်ကျန်းမာရေး ဌာန၊ ရှမ်ဟဲနုတ်ညိုကျေးလက်ကျန်းမာရေးဌာနခွဲအပိုင် လန်သန်းကျေးရွာရှိ အသက် (၄) နှစ်အောက် ကလေး (၈၃) ဦးတွင် ငါးမျိုးစပ်ကာကွယ်ဆေး ပထမအကြိမ်တွင် (၇၉) ဦး (၉၆ ရာခိုင်နှုန်း)၊ တတိယ အကြိမ်တွင် (၂၇) ဦး (၃၃ ရာခိုင်နှုန်း) နှင့် ပေါ်ကွန်ကျေးရွာရှိ အသက် (၄) နှစ်အောက်ကလေး (၁၀၇) ဦးတွင် ငါးမျိုးစပ်ကာကွယ်ဆေး ပထမအကြိမ်တွင် (၉၇) ဦး (၉၁ ရာခိုင်နှုန်း) နှင့် တတိယအကြိမ်တွင် (၁၅) ဦး (၁၄ ရာခိုင်နှုန်း) သာ ကာကွယ်ဆေးထိုးလွှမ်းခြုံမှုရရှိခဲ့ပါသည်။ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ကာကွယ်ဆေးထိုးအစီအစဉ်တွင်ပါဝင်သည့် ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေးနှင့် ငါးမျိုးစပ်ကာကွယ်ဆေးတို့ ထိုးနှံခြင်းမရှိပါက ရာသီတုပ်ကွေးရောဂါ၏ နောက်ဆက်တွဲ ပြင်းထန် အဆုတ်ရောင်ရောဂါ ဖြစ်ပွားနိုင်ကြောင်း သုံးသပ်ပါသည်။ ရောဂါဖြစ်ပွားလာချိန်တွင်လည်း လမ်းပန်း ဆက်သွယ်မှုခက်ခဲခြင်း၊ အချိန်မီထိရောက်သော ကုသမှုမရရှိခြင်း၊ ဆေးရုံ၊ ဆေးခန်းသို့လာရောက်၍ စနစ်တကျ ကုသခံယူမှုမရှိခဲ့ခြင်း၊ အာဟာရချို့တဲ့ခြင်း၊ ကျန်းမာရေးအသိပညာနည်းပါးခြင်းနှင့် အိမ်တွင်းမီးခိုးများကြောင့် လေထုညစ်ညမ်းခြင်းတို့ကြောင့် ရောဂါပြင်းထန်ပြီး သေဆုံးခြင်းဖြစ်ကြောင်း သုံးသပ်ပြီး ရောဂါအတည်ပြုနိုင် ရေးအတွက် ဓာတ်ခွဲနမူနာများရယူ စစ်ဆေးသွားမည်ဖြစ်ပါ သည်။

၄။ (၇-၉-၂၀၁၈) ရက်နေ့တွင် လန်သန်းကျေးရွာအနီးပတ်ဝန်းကျင်ရှိ ပေါ်ကွန်ကျေးရွာတွင် အသက် (၁) လအရွယ် ကလေးငယ် (၁) ဦး ထပ်မံသေဆုံးကြောင်း သတင်းရရှိခဲ့သဖြင့် လန်သန်း ကျေးရွာ၌ ကွင်းဆင်းလျက်ရှိသော ကွင်းဆင်းအဖွဲ့သည် ပေါ်ကွန်ကျေးရွာသို့ ချက်ချင်းသွားရောက်၍ ကလေးငယ်သေဆုံးရသည့်အကြောင်းအရင်းအား ဆန်းစစ်ခြင်း၊ ယာယီဆေးခန်း ဖွင့်လှစ်ထားရှိပြီး ကွင်းဆင်းကုသမှုပေးခြင်း၊ လူနာသစ်ရှာဖွေခြင်း၊ ကျန်းမာရေးပညာပေးခြင်းနှင့် ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ အအေးမိ၊ ဖျားနာဖြစ်ပွားသူ လူနာများသာ တွေ့ရှိ ရပြီး ပြင်းထန်အသက်ရှုလမ်းကြောင်းဆိုင်ရာလက္ခဏာနှင့်သွေးယိုစီးမှု လက္ခဏာဖြစ်ပွားသူ လူနာများ မတွေ့ရှိရကြောင်းနှင့် အဆိုပါ ကျေးရွာများတွင် ကြက်ငှက်နှင့် တိရစ္ဆာန်များ ပုံမှန်မဟုတ်သော သေဆုံး မှုမရှိကြောင်း သိရှိရပါသည်။

၅။ သို့ဖြစ်ပါ၍ (၂၅-၈-၂၀၁၈) ရက်နေ့မှ (၇-၉-၂၀၁၈) ရက်နေ့အထိလန်သန်းကျေးရွာမှ ကလေး ငယ် (၄) ဦးနှင့် ပေါ်ကွန်ကျေးရွာမှ ကလေးငယ် (၁) ဦး၊ ကလေးစုစုပေါင်း (၅) ဦးသည် ရာသီတုပ်ကွေး ၏ နောက်ဆက်တွဲ ပြင်းထန် အဆုတ်ရောင်လက္ခဏာများဖြင့် သေဆုံးခဲ့ပြီး လန်သန်းကျေးရွာမှ နန်းယွန်းဆေးရုံသို့လွှဲပြောင်းခဲ့သော လူနာကလေး (၂) ဦးသည် နန်းယွန်းဆေးရုံတွင် ဆေးကုသမှု ခံယူချက်ရှိပြီး အခြေအနေကောင်းမွန်လျက် ရှိပါသည်။ လူနာ (၂) ဦး၏ ဓာတ်ခွဲနမူနာများအား Rapid Test Kit ဖြင့် ကနဦး ဓာတ်ခွဲစစ်ဆေးချက်များအရ သွေးလွန်တုပ်ကွေးရောဂါနှင့် တုပ်ကွေးရောဂါ မတွေ့ရှိသော်လည်း ဓာတ်ခွဲနမူနာရယူ၍ ရောဂါအတည်ပြုစစ်ဆေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်းနှင့် ကလေး (၂) ဦးအား လိုအပ်သော ဆေးကုသမှုများပေးလျက်ရှိကြောင်း သိရှိရ ပါသည်။

၆။ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှု တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန တို့၏ အနီးကပ်ကွပ်ကဲမှုတို့ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ကျော်သူဆွေ (အဖွဲ့ခေါင်းဆောင်ဆရာဝန်)၊ ဒေါက်တာသန္တာလွင်၊ ဒေသဆိုင်ရာပိုလီယိုပပျောက်ရေး အရာရှိ၊ ဦးဆောင်သောအဖွဲ့သည် ရောဂါဖြစ်ပွားရာကျေးရွာတွင် ရာသီတုပ်ကွေးရောဂါ အပါအဝင် လိုအပ်သော ဓာတ်ခွဲနမူနာများရယူ၍ ရောဂါသတ်မှတ်ချက် အတည်ပြုခြင်း၊ ကူးစက်ရောဂါဖြစ်ပွားမှု အား စောစီးစွာသိရှိပြီး ကာကွယ်ထိန်းချုပ်ခြင်း၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန္တီး မြို့မှတစ်ဆင့် လန်သန်းကျေးရွာသို့ (၉-၉-၂၀၁၈) ရက်နေ့တွင် ခရီးစတင်ထွက်ခွာသွားသော်လည်း လမ်းခရီးတွင် တောင်ပြိုနေသဖြင့် ခန္တီးမြို့တွင် ညအိပ်စောင့်ဆိုင်းခဲ့ပြီး (၁၀-၉-၂၀၁၈) ရက်နေ့တွင် လန်သန်းကျေးရွာသို့ ခရီးဆက်လက်ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။

၇။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှုဖြင့် ဗဟိုကွင်းဆင်း အဖွဲ့သည် လိုအပ်သည့်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လန်သန်း ကျေးရွာ၊ ပေါ်ကွန်ကျေးရွာနှင့်အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ (၁၁-၉-၂၀၁၈) ရက်နေ့တွင် ကွင်းဆင်းရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

More Tags