ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) မှ ပညာရှင်များ၏ ကြိုးပမ်းမှုဖြင့် ကိုရိုနာဗိုင်းရပ်(စ်) COVID-19 ကို မြန်မာနိုင်ငံတွင် စစ်ဆေးတော့မည်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(National Health Laboratory) သည် (၂၀၀၈) ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့မှစတင်၍ ကမ္ဘာကျန်းမာရေးအဖွဲ့အသိအမှတ်ပြု “အမျိုးသားတုပ်ကွေး ရောဂါဌာန (National Influenza Center)” အဖြစ်ရပ်တည်ခဲ့ပြီး တုပ်ကွေးဗိုင်းရပ်(စ်)ပိုးနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်(စ်)ပိုးများကို ဓာတ်ခွဲစစ်ဆေးခြင်းဖြင့် အသက်ရှုလမ်းကြောင်းမှ တစ်ဆင့် ကူးစက်တတ်သောရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်း (surveillance) နှင့် ကုသခြင်း လုပ်ငန်းများတွင် အထောက်အကူပြုဆောင်ရွက်ခဲ့ပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် COVID-19 လတ်လော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါစတင်ဖြစ်ပွားစဉ်ကတည်းက အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (NHL)သည် အဆိုပါရောဂါပိုးကို မြန်မာနိုင်ငံတွင် ဓာတ်ခွဲစမ်းသပ် စစ်ဆေးနိုင်ရေးအတွက် တစိုက်မတ်မတ် အားထုတ်ကြိုးပမ်း ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) တွင် ပညာရှင်များနှင့် စက်ပစ္စည်းများ အဆင့်သင့်ရှိနေပြီးဖြစ်သဖြင့် ဓာတ်ခွဲပစ္စည်း (Primers, Probes and Reagents) များရရှိစေရန် ချိတ်ဆက်ဆောင်ရွက်ခြင်းကို ဆက်လက်လုပ်ဆောင်ခဲ့ပါသည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) သည် ဓာတ်ခွဲပစ္စည်းများကို -

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ချိတ်ဆက်ဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံ၊ Armed Forces Research Institute of Medical Science (AFRIMS) မှ လည်းကောင်း၊

• မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံးနှင့် JICA အဖွဲ့တို့၏ ပံ့ပိုးချိတ်ဆက် ဆောင်ရွက်မှုတို့ဖြင့် ဂျပန်နိုင်ငံ၊ National Institute of Infectious Diseases (NIID)၊ National Center for Global Health and Medicine(NCGM) နှင့် Juntendo University မှ လည်းကောင်း လက်ခံရရှိခဲ့ပါသည်။

ဓာတ်ခွဲပစ္စည်းများ လက်ခံရရှိခဲ့ပြီးနောက် လက်ရှိ၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လုပ်ငန်း သတ်မှတ်ချက်၊ ညွှန်ကြားချက်အတိုင်း လူနာများထံမှဓာတ်ခွဲနမူနာများတွင် COVID-19 ဗိုင်းရပ်(စ်)ရောဂါပိုး ရှိ၊ မရှိ အား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်း ဓာတ်ခွဲခန်းနှင့် တစ်ပြိုင်နက်ဓာတ်ခွဲစစ်ဆေး (parallel testing) လျက်ရှိရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) ၏ ဓါတ်ခွဲအဖြေများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းမှ အဖြေများသည် ကိုက်ညီမှုရှိကြောင်း တွေ့ရှိရပါသည်။

ထိုသို့ တစ်ပြိုင်နက် ဓါတ်ခွဲစစ်ဆေးမှုအရေအတွက်နှင့် အဖြေများ ကိုက်ညီမှန်ကန်မှု ရှိသည့်အတွက် ကိုယ်တိုင်သီးခြား ဓါတ်ခွဲစစ်ဆေးခြင်း (independent testing) ကို အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (NHL) မှ (၂၀-၂-၂၀၂၀) ရက်နေ့တွင် စတင် ဆောင်ရွက်တော့မည်ဖြစ်ပါသည်။

 
 

More Tags