ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

Union Minister Dr. Myint Htwe receives Ambassador of the People’s Republic of China to the Republic of the Union of Myanmar

နေပြည်တော်၊၂၀၂၀ပြည့်နှစ်၊ဖေဖော်ဝါရီလ(၁၇)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဖေဖော်ဝါရီလ(၁၄) ရက်နေ့၊ မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai အား လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာ၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက

• တရုတ်နိုင်ငံ၌ ပြီးခဲ့သည့် (၂၀၁၉)ခုနှစ်၊ ဒီဇင်ဘာလက စတင်ဖြစ်ပွားခဲ့သည့် COVID 19 ကြောင့် ဖြစ်ပွားသော လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားနေမှုနှင့် ပတ်သက်၍ လာရောက်တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊

• မိမိတို့နှစ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်သည့်အား လျော်စွာအပြန်အလှန် သတင်းအချက်အလက်ဖလှယ်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းတို့ကို နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊

• နိုင်ငံတော်သမ္မတကြီးက COVID-19 ကြောင့်ဖြစ်ပွားသော လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးဗဟိုကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ် ခဲ့သည်ကို မိမိတို့သိရှိပါကြောင်း၊

• ဗဟို ကော်မတီ ပူးတွဲ ဥက္ကဋ္ဌဖြစ်သည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအား မိမိအနေဖြင့် လာရောက်တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊

• တရုတ်နိုင်ငံ၌ ရောဂါဖြစ်ပွားမှု အခြေအနေနှင့် အစိုးရ၏ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအကြောင်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် အခြားသတင်းထုတ်ပြန်ချက်များ၊ တရုတ်နိုင်ငံအစိုးရ၏ ထုတ်ပြန်ချက်များမှတဆင့် အဆွှေတော်ဝန်ကြီးအနေဖြင့် သိရှိပြီးဖြစ်သော်လည်း မိမိအနေဖြင့် အကျဉ်းမျှတင်ပြလိုပါကြောင်း၊

• တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်တွင် ရောဂါစတင်ဖြစ်ပွားသည့်အချိန်မှစ၍ တရုတ်တစ်နိုင်ငံလုံး၏ အင်အားကိုစုစည်းပြီး ပြည်နယ် (၁၉)ခုလုံးက ဟူပေပြည်နယ်ကို လိုအပ်သည့်ပစ္စည်း ကိရိယာများ၊ ဆရာဝန်၊ သူနာပြုများစုစည်းကာ အားလုံးဝိုင်းဝန်းကူညီခဲ့ကြခြင်းဖြစ်ကြောင်း၊

• တရုတ်နိုင်ငံသမ္မတနှင့်အကြီးအကဲများက အထူးအလေးထားပြီး ဘက်ပေါင်းစုံမှပြည့်စုံအောင် ဆောင်ရွက်ခဲ့ပါကြောင်း၊

• ရောဂါကာကွယ်ထိန်းချုပ် ကုသရေးနှင့် သတင်းအချက်အလက် ဖလှယ်ရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့်နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊

• ကျွမ်းကျင်သူများ၏ လေ့လာသုံးသပ်ချက်အရ COVID 19 သည် ယခင်ဖြစ်ပွားခဲ့သည့် ကူးစက်ရောဂါများဖြစ်သည့် SARS ၊ H1N1(2009) ၊ MARS ရောဂါများထက် သေဆုံးမှု နှုန်းနည်းပါး၍ (၂.၁%) ခန့်သာရှိပါကြောင်း၊

• ရောဂါကူးစက်ခံရသူဦးရေသည် ဟူပေပြည်နယ်လူဦးရေ၏ (၁ %) ခန့်သာရှိသည်ကို တွေ့ရှိရပါကြောင်း၊

• မြန်မာနိုင်ငံသမ္မတကြီးမှ စာနာထောက်ထားကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီး မြန်မာလူ့အဖွဲ့အစည်းများမှ ဆန်နှင့်စားသောက်ဖွယ်များနှင့် အလှူငွေများလှူဒါန်းခဲ့သည့်အတွက် အထူးကျေးဇူးတင်ပါကြောင်း၊

• မြန်မာနိုင်ငံ၏ ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ဆောင်ရွက်ချက်များသည် မြန်မာပြည်သူများ၏ကျန်းမာရေးအတွက် အလေးထားစဉ်းစားသကဲ့သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နှစ်နိုင်ငံချစ်ကြည်ရေး၊ လူသားချင်း စာနာမှု၊ နိုင်ငံ၏စီးပွားရေးတို့အား ဘက်ပေါင်းစုံမှ ချင့်ချိန်စဉ်းစားကာ တင်းကြပ်ကန့်သတ်မှု အတိုင်း အတာတစ်ခုအထိသာ ဆောင်ရွက်ခဲ့သည့် အတွက်လည်း မိမိတို့အသိအမှတ်ပြု ကျေးဇူးတင် ပါကြောင်း၊


• ဤကူးစက်ရောဂါသည် မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုးကိုမဆို ကူးစက်နိုင်မည်ဖြစ်ရာ နိုင်ငံများအကြား အေးအတူပူအမျှ စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရောဂါကို တိုက်ထုတ်အနိုင်ယူနိုင်မည်ဖြစ်ပါကြောင်း၊

• ယခုရောဂါဖြစ်ပွားမှုကိုသုံးသပ်၍ နောင်အနာဂတ်တွင် ပိုမိုကောင်းမွန်သည့် အကြံဉာဏ်နှင့် ကူးစက်ရောဂါများကို စုပေါင်းတိုက်ဖျက်၍ ပြည်သူ လူထု၏ကျန်းမာရေးအဆင့် မြင့်မားစေရန် အတွက် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊

• ပညာရှင်အချို့က ဤရောဂါသည် တိရိစ္ဆာန်များမှတဆင့်ကူးစက်ကြောင်း သုံးသပ်ထားသဖြင့် တရုတ်နိုင်ငံ၌ တိရိစ္ဆာန်များ ရောင်းဝယ်သယ်ဆောင်ခြင်းကို တင်းကြပ်စွာ ပိတ်ဆို့ထား ပါကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်းတွင်လည်း တောရိုင်းတိရိစ္ဆာန်ရောင်းဝယ်ခြင်းကို တိုက်ဖျက်ရန်အတွက် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်လိုပါကြောင်း၊

• (၂၀၂၀)ခုနှစ်၊ ဇန်နဝါရီလအတွင်းက လာရောက်ခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်သည် အလွန်အဆင်ပြေ အောင်မြင်ခဲ့ပါကြောင်းနှင့် နှစ်နိုင်ငံပူးပေါင်း၍ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့ပါကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ပြောကြားရာတွင် -

• တရုတ်နိုင်ငံ၌ COVID 19 ကူးစက်ရောဂါဖြစ်ပွားမှုနှင့်သေဆုံးမှုများအတွက် မိမိတို့နိုင်ငံကလည်း စာနာဝမ်းနည်းရပါကြောင်း၊

• တရုတ်နိုင်ငံသည် မိမိတို့နိုင်ငံ၌ (၂၀၁၇) ခုနှစ်က H1N1 တုပ်ကွေးရောဂါဖြစ်ပွားစဉ်က ဆေးနှင့်ဆေးပစ္စည်းများ ကူညီခဲ့မှုအတွက် မိမိတို့ကျေးဇူးတင်ရှိပါကြောင်း၊

• ယခု COVID 19 ကူးစက်ရောဂါ၏ ရောဂါဖြစ်ပွားမှုနောက်ခံအကြောင်းအရင်းနှင့် ရောဂါဖြစ်ပွားပုံအဆင့်ဆင့်ကို ယခုအချိန်၌ သေချာစွာသိရှိခြင်းမရှိသေးဘဲ သုတေသနများ ဆက်လက် ဆောင်ရွက်ဆဲ ဖြစ်ပါကြောင်း၊

• တိရိစ္ဆာန်မှတဆင့် ကူးစက်တက်သည့်ရောဂါများ ကာကွယ်တားဆီးရေးအတွက် တောရိုင်းတိရိစ္ဆာန်များနှင့်ပတ်သက်၍ အထူးကြပ်မတ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊

• ဤ COVID 19 သည် ရောဂါကြောင့်သေဆုံးမှုနှုန်း အလွန်မမြင့်မားသော်လည်း ရောဂါဖြစ် ပွားသူတစ်ဦးထံမှ အခြားဖြစ်ပွားနိုင်ချေရှိသူများကို ကူးစက်ပျံ့နှံမှု အခြေခံနှုန်း (R0-အာရ်နော့) တန်ဖိုးအလွန်များသဖြင့် ရောဂါကူးစက်နှုန်းမြင့်မားသည်ကို တွေ့ရှိရပါ ကြောင်း၊

• မိမိတို့နိုင်ငံသည် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်မှုများသည့် အိမ်နီးချင်းနိုင်ငံဖြစ် သဖြင့် မိမိတို့အနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေး၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် သံသယလူနာနှင့်အနီးကပ်ထိတွေ့ဆက်ဆံခဲ့သူများအား လိုက်လံစုံစမ်း ထောက်လှမ်း ကြည့်ရှုခြင်းတို့ကို အထူးအလေးထား ဆောင်ရွက်နေပါကြောင်း၊

• ယခုအချိန်ထိ သံသယလူနာနှင့် စောင့်ကြည့်လူနာများရှိသော်လည်း ဓါတ်ခွဲအတည်ပြု COVID 19 လူနာတစ်ဦးမှ မရှိသေးပါကြောင်း၊

• ဆေးရုံများတွင် စောင့်ကြည့်ကုသမှုပေးနေသည့် လူနာများသည်လည်း ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက်ရှိကြောင်း၊

• တရုတ်နိုင်ငံသည် အလွန်တောင့်တင်းခိုင်မာသော ပြည်သူ့ကျန်းမာရေး ကွန်ယက်နှင့် အဆင့်မြင့်သည့် အရည်အသွေးပြည့်ကုသမှုများပေးနိုင်သည့် ဆေးရုံကြီးများ များစွာရှိ သဖြင့် ယခုဖြစ်ပွားနေသည့် COVID 19 ကူးစက်ရောဂါသည် လာမည့်ရက်သတ္တပတ် အနည်းငယ်အတွင်း အောင်မြင်စွာထိန်းချုပ်နိုင်မည်ဟု မိမိယုံကြည်ပါကြောင်း၊

• မိမိတို့နှစ်နိုင်ငံသည် သံတမန်ဆက်ဆံရေး နှစ် (၇၀)ခန့်ရှိပြီဖြစ်ပြီး နယ်ပယ်များစွာတွင် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊

• အထူးသဖြင့် ကျန်းမာရေးနယ်ပယ်တွင် တရုတ်နိုင်ငံက များစွာကူညီပံ့ပိုးလျက်ရှိပြီး ကျန်းမာရေးနင့်အားကစားဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် မြန်မာ ဆရာဝန်များနှင့် အခြားကျန်းမာရေးဝန်ထမ်းများကို တရုတ်နိုင်ငံ၌ ကာလတို/ ကာလ ရှည်သင်တန်းများ တက်ရောက်နိုင်ရန် ပံ့ပိုးခဲ့ပါကြောင်း၊


• တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ မြန်မာကျောင်းသား/ ကျောင်းသူ (၅၉)ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူရေးကိစ္စတွင်လည်း ချောမွေ့အဆင်ပြေအောင် တရုတ်နိုင်ငံဘက်မှ ညှိနှိုင်းကူညီ ဆောင်ရွက်ပေးခဲ့သည့်အတွက်လည်း မြန်မာနိုင်ငံအစိုးရကိုယ်စား ကျေးဇူး တင်ရှိကြောင်း ပြောကြားလိုပါကြောင်း၊

• ကျန်းမာရေးနှင့်အားကစားနယ်ပယ်တို့တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို မူလက ထားရှိသည့် သဘောတူညီချက်နှင့် ကတိကဝတ်များနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ်(ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊ လက်ထောက်အတွင်းဝန် (ပြည်တွင်း/ ပြည်ပဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးဌာနခွဲ) ဒေါက်တာကျော်ခိုင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Counselor ဖြစ်သူ Mrs. Yang Cheng Cheng ၊ ဒုတိယအတွင်းဝန်ဖြစ်သူ Mr. Xu Tao နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

 
 
 

More Tags