NOW LOADING

ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ကွင်းဆင်းဆောင်ရွက်မှုကျွမ်းကျင်မှုဆိုင်ရာ (၉)လသင်တန်း သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်း အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊  ဧပြီလ (၉)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဧပြီလ (၈)ရက်နေ့၊ နေ့လယ်ပိုင်းတွင် သိင်္ဂဟဟိုတယ်၊ နေပြည်တော်၍ ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ US CDC၊ USAID၊ U.S. President”s Malaria Initiative၊ World Bank Group၊ ADB၊ URC တို့၏ ပံ့ပိုးမှုဖြင့် ပြုလုပ်ခဲ့သည့် “ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ကွင်းဆင်းဆောင်ရွက်မှုကျွမ်းကျင်မှုဆိုင်ရာ (၉)လသင်တန်း (၇/၂၀၁၈-၄/၂၀၁၉) ၏ သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်း” အခမ်းအနား သို့တက်ရောက်ခဲ့ပါသည်။

 

     အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• ယခုသင်တန်း ဖြစ်မြောက်အောင်မြင်ပြီးမြောက်အောင် ထောက်ပံ့ကူညီခဲ့ကြသော အဖွဲ့ အစည်းများနှင့် ပုဂ္ဂိုလ်အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း၊

• epidemiology ဆိုင်ရာ နည်းနာများ၊ ကျွမ်းကျင်မှုနှင့် စဉ်းစားတွေးခေါ်ပုံနည်းလမ်း များသည် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများအတွက်သာ အရေးကြီးရုံမက ကုသရေးနှင့် စီမံခန့်ခွဲရေး လုပ်ငန်းများအတွက်ပါ အသုံးချနိုင်ကာ တန်ဖိုးရှိကြောင်း၊

• ဤကဲ့သို့သော သင်တန်းများသည် ကိန်းဂဏန်းအချက်အလက်များကို သတင်း၊ အချက် အလက်များအဖြစ်ပြောင်းလဲကာ မူဝါဒများ ချမှတ်အကောင်အထည်ဖေါ်သည့် အလေ့ အထကို များစွားအထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း၊

• epidemiology ၏ ကြောင်းကျိုးဆက်စပ်စဉ်းစားပုံကို အသုံးပြု၍ မည်သည့်ပြဿနာ အကြောင်းအချင်းအရာကိုမဆို အကြောင်းအရင်း ဇစ်မြစ်ကိုရှာဖွေဖေါ်ထုတ် ဖြေရှင်း နိုင်မည် ဖြစ်ပါကြောင်း၊

 

• ယခုလိုသင်တန်းပြီးဆုံးချိန်ကာလတွင် သင်ကြားပေးသောဆရာများ၊ သင်တန်းကာလ၊ သင်ကြားပုံစနစ်အပေါ် သင်တန်းသားများ၏ သဘောထားအမြင်၊ အကြံပြုချက်များကို မေးမြန်းရယူပြီး နောင်ဖွင့်လှစ်မည့်သင်တန်းများကို ပိုမိုကောင်းမွန်ထိရောက်အောင် ဖွင့်လှစ် သင်ကြားသွားစေလိုပါကြောင်း၊

• သင်တန်းသူ၊ သင်တန်းသားများသည် အနာဂတ်တွင် ဝန်ကြီးဌာန၏ အရေးပါသော လုပ်ငန်း တာဝန်များကို ပုခုံးပြောင်းထမ်းဆောင် တာဝန်ယူရမည့်သူများဖြစ်ကြောင်းနှင့် ပညာရပ်များ ကိုလည်း ဆက်လက်လေ့လာသင်ကြားသွားကြရန် တိုက်တွန်းပြောကြား ခဲ့ပါသည်။

 

     ထို့နောက် သင်တန်းသား/သူများ၏ ကိုယ်စား သင်တန်းသား/သူ (၂)ဦးက ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ကျေးလက်တောရွာများတွင် ရေချိုခရုမှတစ်ဆင့်ကူးစက်တတ်သော သံပြားကောင်ရောဂါ (Schistosomiasis) ၏ ဖြစ်ပွားမှုအခြေအနေဆိုင်ရာ ကွင်းဆင်း သုတေသနပြုလုပ်ခဲ့မှုနှင့် တွေ့ရှိရသော ရလဒ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။

 

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းသား/သူများ သင်တန်းကာလ တစ်လျှောက်ဆောင်ရွက်ထားရှိမှု မှတ်တမ်းများအားလှည့်လည်ကြည့်ရှုခဲ့ပါသည်။

 

     အဆိုပါ သင်တန်းဆင်းပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ညွှန်ကြားရေးမှူးများ၊ ကျွမ်းကျင်ပညာရှင်များ၊ သင်တန်းဆရာများ၊ သင်တန်းသားကြီးကြပ်သူ (Supervisors) များ၊ သင်တန်းသားနည်းပြ (Mentors) များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ US CDC၊ USAID၊ U.S. President”s Malaria Initiative၊ World Bank Group၊ ADB နှင့် URC တို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

 
 

More Tags