𝟐𝟎𝟏𝟗 𝐍𝐨𝐯𝐞𝐥 𝐂𝐨𝐫𝐨𝐧𝐚𝐯𝐢𝐫𝐮𝐬 ကြောင့်ဖြစ်ပွားသော လတ်တလောအသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ် ညှိနှိုင်းအစည်းအဝေး (၈/၂၀၂၀) ကျင်းပ (၄-၂-၂၀၂၀ ရက်နေ့၊ နံနက် ၇ နာရီ)

𝐔𝐧𝐢𝐨𝐧 𝐌𝐢𝐧𝐢𝐬𝐭𝐞𝐫 𝐃𝐫. 𝐌𝐲𝐢𝐧𝐭 𝐇𝐭𝐰𝐞 𝐚𝐭𝐭𝐞𝐧𝐝𝐬 𝐭𝐡𝐞 𝐜𝐞𝐧𝐭𝐫𝐚𝐥 𝐥𝐞𝐯𝐞𝐥 𝐝𝐚𝐢𝐥𝐲 𝐜𝐨𝐨𝐫𝐝𝐢𝐧𝐚𝐭𝐢𝐨𝐧 𝐦𝐞𝐞𝐭𝐢𝐧𝐠 (𝟖/𝟐𝟎𝟐𝟎) 𝐨𝐧 𝐩𝐫𝐞𝐩𝐚𝐫𝐞𝐝𝐧𝐞𝐬𝐬 𝐟𝐨𝐫 𝐝𝐞𝐭𝐞𝐜𝐭𝐢𝐨𝐧 𝐚𝐧𝐝 𝐫𝐞𝐬𝐩𝐨𝐧𝐬𝐞 𝐭𝐨 𝟐𝟎𝟏𝟗-𝐧𝐂𝐨𝐕 𝐚𝐜𝐮𝐭𝐞 𝐫𝐞𝐬𝐩𝐢𝐫𝐚𝐭𝐨𝐫𝐲 𝐝𝐢𝐬𝐞𝐚𝐬𝐞

နေပြည်တော်၊ ရုံးအမှတ် (၄)၊ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၄) ရက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သည် ယနေ့၊ နံနက် (၇) နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော် ကျင်းပခဲ့သော 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၈/၂၀၂၀) သို့ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် -

 

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနချုပ်မှ နောက်ဆုံး (update) ထုတ်ပြန်ချက်များ၊
• နိုင်ငံတကာပညာရှင်များမှ ကွန်ပျူတာအသုံးပြု မျှော်မှန်းတွက်ချက်ခြင်း (modelling and simulation) ဖြင့် တွက်ချက်ထားသော ရောဂါဖြစ်ပွားသူတစ်ဦးထံမှ အခြားသူများထံကူးစက်ပျံ့ပွားနိုင်မှု အခြေခံနှုန်း (basic reproduction number (R0)) တန်ဖိုးမြင့်မားနေမှု၊

• တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အခြားနိုင်ငံများမှ 2019 Novel Coronavirus ရောဂါပိုးကြောင့်ဖြစ်ပွားသော လတ်တလောအသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါ ကုထုံးသစ်များ စမ်းသပ်နေမှု၊
• တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် ရောဂါကူးစက်ပျံ့နှံ့မှုဆိုင်ရာ ဝန်ကြီးဌာနပညာရှင်များ၏ ကူးစက်ရောဂါဗေဒရှုထောင့်မှ အသေးစိတ် သုံးသပ်ချက်များနှင့် ရောဂါ ကုသမှုဆိုင်ရာ အတွက် ကုသရေးရှုထောင့်မှ သုံးသပ်ချက်များ၊

 

• ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်ခြင်း(active surveillance)၊ သံသယလူနာများအားစောစီးစွာထောက်လှမ်းခြင်း (early detection)၊ သံသယလူနာ/ အတည်ပြု လူနာများအား အခြားသူများနှင့် မထိတွေ့စေဘဲ သီးခြားခန်းတွင်ထားရှိကုသမှုပေးခြင်း (isolation and case management)၊ သံသယလူနာ/ လူနာနှင့် အနီးကပ်ထိတွေ့ဆက်ဆံဖူးသူ (contact) များကို ထောက်လှမ်း၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (contact tracing)၊ ရောဂါထပ်မံပျံ့နှံမှုကို ကာကွယ်ထိန်းချုပ်ခြင်း (prevention of onward spread of 2019-nCoV infection)နှင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့နှင့် သတင်းအချက်အလက်များ အပြန်အလှန်ဝေမျှခြင်း (to share full data with WHO) တို့ကို လုပ်ဆောင်နေမှု၊

• မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ် (၃) ခုနှင့် တိုင်းဒေသကြီး/ ပြည်နယ် (၄)ခုမှ မြို့နယ် (၁၀) မြို့နယ်ရှိ တရားဝင်နယ်စပ် ဝင်၊ ထွက်ပေါက် (၂၀) တွင် ဝင်ထွက်သွားလာနေမှုများအား ရောဂါ စောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်း ဆောင်ရွက်နေမှုများ၊

• တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လေယာဉ်ဝင်ရောက်မှုမှာ ယခင်က နေ့စဉ် (၂၆) စီးရှိရာမှ ယခုအခါ ရှန်ဟိုင်းနှင့် ဟောင်ကောင်မှ လေယာဉ် (၂) စီးသာ ဝင်ရောက် တော့မှု၊
• မြန်မာနိုင်ငံတွင် သံသယလူနာ (suspected case) နှင့် စောင့်ကြည့်လူနာ (person under investigation - PUI) တွေ့ရှိမှုနှင့် ဆောင်ရွက်ထားရှိမှုများ၊

 

• ထိုသို့တွေ့ရှိမှုများတွင် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများ၏ ကောင်းမွန်သော ပူးပေါင်း ချိတ်ဆက်ဆောင်ရွက်နေမှု၊

• သံသယလူနာများနှင့် အတူနေထိုင်သူများ၊ ရောဂါကူးစက်ခံရနိုင်ခြေရှိသည့် သံသယ လူနာနှင့် အနီးကပ်ထိတွေ့ဆက်ဆံဖူးသူ (contact) များကို ထောက်လှမ်း၍ ရောဂါ စောင့်ကြပ်ကြည့်ရှုနေမှု၊

• ဟိုတယ်နှင့် တည်းခိုခန်းများသို့ သံသယရောဂါလက္ခဏာများ တွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အကြောင်းကြားနိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ထားရှိမှု၊

• တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအသီးသီးမှ ပေးပို့လာသော ဆောင်ရွက်နေမှုအခြေအနေ နှင့် သတင်းပေးပို့နေမှုအခြေအနေများ၊

 

• တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှ အထူးလေယာဉ်ဖြင့် (၂-၂-၂၀၂၀) ရက်နေ့တွင် မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိခဲ့သော မြန်မာနိုင်ငံသား ပညာသင် (၅၉) ဦး၏ ကျန်းမာရေး အခြေအနေသည် (ယနေ့၊ နံနက်ပိုင်း စစ်ဆေး ချက်များအရ) ကောင်းမွန်နေမှု၊
• ဘဏ္ဍာရေး၊ ဆေး နှင့် ဆေးပစ္စည်းများ စုဆောင်းထားရှိမှု၊ ရရှိမှု၊ ခွဲဝေဖြန့်ဖြူးထားမှု အခြေအနေများ စသည်တို့အပါအဝင် နောက်ဆုံးသတင်းအချက်အလက်များကိုတင်ပြခြင်း၊ ဝေမျှခြင်းနှင့် ဆွေးနွေး အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး က လမ်းညွှန်ပြောကြားရာတွင် -

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိ ဝန်ထမ်းများ၊ ပညာရှင်များအနေဖြင့် 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော လတ်တလောအသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါ စောင့်ကြပ် ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို “ပထမဦးစားပေး အရေးပေါ်” ကိစ္စရပ် (top priority emergency issue) အဖြစ် အားထုတ်ကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊

 

• မိမိတို့အားလုံးသည် ပြည်သူတစ်ရပ်လုံး၏ အကျိုးအတွက် ရောဂါကာကွယ်တားဆီး ရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည်ဖြစ်သဖြင့် အလေးထားပြီး နိုးကြား တက်ကြွစွာ တုံ့ပြန် (proactive and balanced response) ဆောင်ရွက်ရန်၊

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ရောဂါဖြစ်ပွားမှုများနှင့် ပတ်သက်၍ ကောလဟလ သတင်း တု (rumour and disinformation) များကို ချေဖျက်ရေးကိစ္စရပ်များကို အလေးထားဆောင်ရွက်ရန် အဖွဲ့ဝင်နိုင်ငံများ အား အကြံပြုထားပါကြောင်း၊
ဝန်ကြီးဌာနအနေဖြင့်လည်း အင်တာနက်စာမျက်နှာ နှင့် လူမှုကွန်ရက်စာမျက်နှာများတွင် အချိန်နှင့်တစ်ပြေးညီ (real-time basis) သတင်းထုတ်ပြန် ပေးလျက်ရှိပါကြောင်း၊

• ပြည်သူလူထုအား 2019-nCoV လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်ပွားပျံ့နှံ့မှုအခြေအနေအား ဖော်ပြရာတွင် ရှင်းလင်းလွယ်ကူသော Dashboard ပုံစံဖြင့် ပြသနိုင်ရေး ဌာနအတွင်းတိုင်ပင် လုပ်ဆောင်ရန်၊

 

• လူနာထံမှ ဓာတ်ခွဲနမူနာများရယူမှု၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန သို့ပေးပို့မှု၊ အတည်ပြုစစ်ဆေးနိုင်ရေးအတွက် ဆောင်ရွက်မှုအဆင့်ဆင့်တို့အား ပြည်သူ များ သိရှိစေနိုင်ရန်အတွက် ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာတွင် ထုတ်ပြန်ရန်၊

• လုပ်ငန်းများဆောင်ရွက်ရာတွင် ဆက်သွယ်မှုလမ်းကြောင်း (line of communication) တိကျပြတ်သားမှုသည် အထူးအရေးကြီးပါကြောင်း၊ သို့မဟုတ် ပါက မလိုလားအပ်သော နှောင့်နှေးမှုများနှင့် ရှုပ်ထွေးမှုများကို ကြုံတွေ့ရနိုင်ပါ ကြောင်း၊

• ကုသရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆေးရုံများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ အမျိုးသားကျန်းမာရေး ဆိုင်ရာဓာတ်ခွဲမှုဌာန၊ လေဆိပ်ကျန်းမာရေးဌာနများ၊ နယ်စပ်ဝင်၊ ထွက်ပေါက်များရှိ ကျန်းမာရေးတာဝန်ရှိသူများ အားလုံးအကြား မည်သည့်ဌာနမှ မည်သို့ဆက်သွယ် ဆောင်ရွက်ရမည်ဆိုသည့် ဆက်သွယ်ချိတ်ဆက်မှုလမ်းကြောင်းများကို ရှင်းလင်းစွာ သိရှိနိုင်ရေးအတွက် လုပ်ငန်းအဆင့်ဆင့်ချိတ်ဆက်ဆောင်ရွက်ပုံ အစီအစဉ် လမ်းကြောင်းပြ ကားချပ် (flow chart) ကို ရေးဆွဲပြီး သက်ဆိုင်ရာသို့ဖြန့်ဝေပေးရန်၊

 

• ဟိုတယ်နှင့် တည်းခိုခန်းများတွင် သံသယလူနာတွေ့ရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအလိုက် တယ်လီဖုန်း (hot line) နံပါတ် များထားရှိထုတ်ပြန်ရန်၊ အဆိုပါ ဖုန်းနံပါတ်များကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသို့ ပေးပို့ရန်၊

• နယ်စပ်ဒေသများနှင့် ရောဂါကူးစက်ဝင်ရောက်နိုင်ခြေရှိသော နေရာဒေများရှိ ကျန်းမာရေးဌာနများသို့ ဆေးနှင့် ဆေးပစ္စည်းများ ပိုမိုဖြန့်ဝေပေးခြင်းကိုသာမက နေရာဒေသအရ အချက်အခြာကကျသော၊ မဟာဗျူဟာကျသော ကျန်းမာရေး ဌာနများတွင် ဆေးနှင့် ဆေးပစ္စည်းများ စုပုံထားရှိကာ ထပ်မံလိုအပ်သည့် နေရာများသို့ အချိန်နှင့်တစ်ပြေးညီ ပို့ဆောင်သွားရန်၊

• တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ဆေးရုံများရှိ သီးခြားခန်းများသာမက တည်ဆောက်ပြီးစီးပြီး အသုံးပြုခြင်းမရှိသေးသော ကျန်းမာရေးဌာန အဆောက်အဦများတွင် စောင့်ကြည့်လူနာနှင့် သံသယလူနာများ ထားရှိနိုင်ရေးအတွက် ရောဂါ စောင့်ကြပ်ကြည့်ရှုခန်းနှင့် သီးခြားခန်းများ ပြင်ဆင်ထားရှိရန်၊

• တောင်ဥက္ကလာပ အမျိုးသမီးနှင့်ကလေးဆေးရုံ အဆောက်အဦအပါအဝင် တည်ဆောက်ပြီးစီးပြီး အသုံးပြုခြင်းမရှိသေးသော တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ကျန်းမာရေးအဆောက်အဦများ စာရင်း ပြုစုတင်ပြရန်၊

• လုပ်ငန်းများအတွက် ဘဏ္ဍာငွေများထပ်မံလိုအပ်နိုင်သည်ဖြစ်သဖြင့် ကြိုတင်တွက် ဆကာ ပြင်ဆင်ထားရှိရန်နှင့် လိုအပ်ပါက ဝန်ကြီးဌာန၏ အရေးပေါ်ရန်ပုံငွေမှ အသုံးပြုရန်၊
• နယ်စပ် ဝင်၊ ထွက်ပေါက် ကုန်းလမ်းမှ ဝင်ရောက်လာသူများကို ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ပတ်သက်၍ ဝန်ကြီးဌာနများအကြား ညှိနှိုင်း ဆောင်ရွက်ရှိသော လုပ်ငန်းကိစ္စရပ်များကို ပိုမိုကောင်းမွန်စေရေး သုံးသပ် လုပ်ဆောင်ရန်၊

• အဆိုပါကိစ္စရပ်များတွင် လူမှုအဖွဲ့အစည်းများ၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်း (ethnic health organization) များ၏ အခန်းကဏ္ဍသည် အရေးကြီးသဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ် ကျန်းမာရေးဌာနများအနေဖြင့် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ရန်၊

• နယ်စပ်ဒေသများတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းများဆောင်ရွက်ရာတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန တို့နှင့် ပူးပေါင်းဆောင်ရွက်ရန်မှာ အရေးကြီးပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍လည်း အသိပေးရှင်းလင်းထားရန်၊

• နယ်စပ်ဝင်၊ ထွက်ပေါက်များတစ်လျှောက်ရှိနေသည့် မြို့များမှ ပြည်သူများ အဆိုပါ ကျန်းမာရေးအသိပညာဗဟုသုတများ ရရှိစေရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ နှီးနွှယ်ဝန်ကြီးဌာနများ၊ တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်း (ethnic health organization) များနှင့် ပူးပေါင်း ဆောင်ရွက်သွားရန်၊

• ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ကပ်ရောဂါဗေဒရှုထောင့်မှ ဆန်းစစ်သုံးသပ်ချက် (analysis) များ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် အကြံပြုချက်များ၊ ဆေးနှင့် ဆေးပစ္စည်းကိရိယာများ ဝယ်ယူဖြန့်ဖြူးခြင်းဆိုင်ရာ ဆန်းစစ်သုံးသပ်ချက် (analysis) နှင့် အကြံပြုချက် များကို ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်) နှင့် အခြေခံကျန်းမာရေးတက္ကသိုလ် (မကွေး) တို့ရှိ ပညာရှင်များက လုပ်ဆောင်ရန်၊

• လူစုလူဝေးများပြားသည့် ပွဲလမ်းသဘင်များတွင် ပိုမိုကူးစက်ပျံ့ ပွားနိုင်သည်ဖြစ်၍ ပွဲလမ်းသဘင်များကို ယခုကာလအတွင်း လိုအပ်မှသာကျင်းပခြင်းနှင့် တတ်နိုင်သမျှ လျှော့ချခြင်း (social distancing) ဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုများကို ကာကွယ်လျှော့ချ နိုင်မည်ဖြစ်ပါကြောင်း၊

• သိပ္ပံနည်းကျပြီး အထောက်အထားများကို အခြေခံ၍ ကျိုးကြောင်းဆီလျှော်သော ဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

     အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန)၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကျန်းမာရေးသတင်းအချက်အလက်)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ ဘဏ္ဍာ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားချုပ် (ပြည်သူ့ကျန်းမာရေး)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (မိခင်၊ ကလေး၊ မျိုးဆက်ပွား၊ ကျောင်းကျန်းမာ၊ အာဟာရ)၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး)၊ နေပြည်တော် ခုတင်(၁၀၀၀) ဆံ့ပြည်သူ့ဆေးရုံအုပ်ကြီး၊ ကူးစက်ရောဂါကုသရေးဆိုင်ရာ ပါမောက္ခများ၊ ဆေးပညာပါမောက္ခများနှင့် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ eHealth ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများတက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

More Tags