𝟐𝟎𝟏𝟗 𝐍𝐨𝐯𝐞𝐥 𝐂𝐨𝐫𝐨𝐧𝐚𝐯𝐢𝐫𝐮𝐬 ကြောင့်ဖြစ်ပွားသော လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ် ညှိနှိုင်းအစည်းအဝေး (၁၅/၂၀၂၀) ကျင်းပ (၁၁-၂-၂၀၂၀ ရက်နေ့၊ နံနက် ၈:၃၀ နာရီ)

𝐔𝐧𝐢𝐨𝐧 𝐌𝐢𝐧𝐢𝐬𝐭𝐞𝐫 𝐃𝐫. 𝐌𝐲𝐢𝐧𝐭 𝐇𝐭𝐰𝐞 𝐚𝐭𝐭𝐞𝐧𝐝𝐬 𝐭𝐡𝐞 𝐜𝐞𝐧𝐭𝐫𝐚𝐥 𝐥𝐞𝐯𝐞𝐥 𝐝𝐚𝐢𝐥𝐲 𝐜𝐨𝐨𝐫𝐝𝐢𝐧𝐚𝐭𝐢𝐨𝐧 𝐦𝐞𝐞𝐭𝐢𝐧𝐠 (𝟏𝟓/𝟐𝟎𝟐𝟎) 𝐨𝐧 𝐩𝐫𝐞𝐩𝐚𝐫𝐞𝐝𝐧𝐞𝐬𝐬 𝐟𝐨𝐫 𝐝𝐞𝐭𝐞𝐜𝐭𝐢𝐨𝐧 𝐚𝐧𝐝 𝐫𝐞𝐬𝐩𝐨𝐧𝐬𝐞 𝐭𝐨 𝟐𝟎𝟏𝟗-𝐧𝐂𝐨𝐕 𝐚𝐜𝐮𝐭𝐞 𝐫𝐞𝐬𝐩𝐢𝐫𝐚𝐭𝐨𝐫𝐲 𝐝𝐢𝐬𝐞𝐚𝐬𝐞

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သည် ယနေ့၊ နံနက် (၈:၃၀) နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျင်းပခဲ့သော 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ် ညှိနှိုင်းအစည်းအဝေး (၁၅/၂၀၂၀) သို့ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး က လမ်းညွှန်ပြောကြားရာတွင် -

• ယခု ဖြစ်ပွားနေသော လတ်တလောအသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ (2019-nCoV acute respiratory disease) ဖြစ်ပွားပျံ့နှံ့မှုနှုန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ဆက်လက် မြင့်မားလျက်ရှိပြီး (epicenter) ဖြစ်သော ဝူဟန်မြို့တွင် ကူးစက်ပျံ့ပွားမှုနှင့် သေဆုံးမှုသည် အဓိက ဆက်လက်ဖြစ်ပွားနေကြောင်း၊

• မြန်မာနိုင်ငံ၌ သံသယလူနာနှင့် စောင့်ကြည့်လူနာများ၌ 2019 Novel Coronavirus ရောဂါပိုး မတွေ့ရှိရသေးသော်လည်း ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများကို လုံးဝအရှိန်မလျော့ဘဲ ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊

 

• တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများ၊ တိုင်း ဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အဖွဲ့အစည်းများ၏ အသေးစိတ်ဆောင်ရွက်ချက်များကို ပြန်လည်သုံးသပ်သည့်အခါ၌ ကျေနပ်မှု များစွာရှိပါကြောင်း၊

• ဤကဲ့သို့ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၏ ဦးဆောင်မှုဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှုများသည် မိမိတို့ ကျန်းမာရေးနယ်ပယ် တိုးတက်ရန်အတွက် အလွန်ကောင်းသော လက္ခဏာဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း လုပ်ဆောင်ကြစေလိုပါကြောင်း၊

• ယခုအချိန်၌ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအောင်မြင်မှု၏ အတိုင်းအတာမှာ ပြည်သူများ ၏ ပါဝင်မှုအတိုင်းအတာနှင့် တိုက်ရိုက် အချိုးကျ မူတည်နေသဖြင့် ပြည်သူများကို မှန်ကန်သော သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီပေးအပ်ရန် မိမိတို့ဝန်ကြီး အနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊

 

• လေကြောင်းခရီးမှ ဝင်ရောက်လာသော တရုတ်ပြည်သူ့သမ္မတနိုင်ငံသားများအား လေ့လာကြည့် သောအခါ ၎င်းတို့ အများစုသည် မူလကတည်းက ငှားရမ်းထားသော နေအိမ်တိုက်ခန်းများတွင်သာ သွားရောက်နေထိုင်ကြသည်ကို သိရှိရသဖြင့် ၎င်းတို့နေထိုင်ရာရပ်ကွက်များ၌ ကျန်းမာရေးအသိပညာပေးမှုများ၊ အသိပေးနှိုးဆော်မှုများကို ဦးတည်ဦးစားပေး၍ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊

• နေရပ်ပြန်နိုင်ငံသားများ သာမက နိုင်ငံအတွင်းသို့ ဝင်ရောက်ပြီးဖြစ်သော ဧည့်သည်နိုင်ငံခြား သားများ၏ တည်းခိုနေထိုင်မှုအခြေအနေများ၊ အထူးသဖြင့် ၎င်းတို့နေထိုင်လေ့ရှိသည့် ရပ်ကွက်များအား သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်ကာ လိုအပ်သော ကျန်းမာရေးအသိပညာပေးနှိုးဆော်မှု လုပ်ငန်းများကိုဆောင်ရွက်ရန်လိုပါကြောင်း၊

• စက်ရုံ၊ အလုပ်ရုံများ၌လည်း လူစုလူဝေးအဖြစ် အလုပ်လုပ်ကိုင်သည့် အတွက်လည်းကောင်း၊ အခြားနိုင်ငံမှ လာရောက်၍ လုပ်ကိုင်နေသော နိုင်ငံခြားသား ဝန်ထမ်းများရှိသဖြင့် လည်းကောင်း ထိုနေရာများကိုလည်း ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို မျက်ခြေမပြတ် လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊

 

• မိမိတို့အနေဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၌ လုပ်ကိုင်နေသော အခြေခံကျန်းမာရေးပညာရှင်များဖြစ်သော ကျန်းမာရေးမှူး၊ အမျိုးသမီး ကျန်းမာရေးဆရာမ၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် (၁)၊ သားဖွားဆရာမများနှင့် ရောဂါစောင့်ကြပ်ကြည့်ရှု ထောက်လှမ်းသည့်နေရာများ၌ လုပ်ကိုင်လျက်ရှိသော တာဝန်ခံများအား (၇) လက်မ Mobile Tablet ဖုန်း (၂၃၉)လုံးနှင့် ၎င်းမြို့နယ်၌ရှိသော တိုက်နယ်ဆရာဝန်နှင့် မြို့နယ်ဆရာဝန်တို့အား (၈) လက်မ Mobile Tablet ဖုန်းများကို ဗဟိုမှ သက်ဆိုင်ရာ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများသို့ ယနေ့တွင်ပင် ဖြန့်ဝေရန် စီစဉ်ပြီး ဖြစ်ပါကြောင်း၊

• ထိုသို့ချက်ချင်းဖြန့်ဝေရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဤရောဂါနှင့်ပတ်သက်သော အကြောင်း အရာများ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများစသည် တို့နှင့်ပတ်သက်၍ ကျန်းမာရေး စကားဝိုင်းငယ်လေးများ နေရာ အနှံ့အပြား ပြုလုပ်စေလို၍ ဖြစ်ပါကြောင်း၊

• အဆိုပါ Mobile Tablet များတွင် ဤရောဂါနှင့် ပတ်သက်၍ ထုတ်ဝေထားသော (၂၂)မျိုးသော ကျန်းမာရေးပိုစတာနှင့် လက်ကမ်းစာစောင်များနှင့် လုပ်ငန်းလမ်းညွှန်၊ စံလုပ်ထုံးလုပ်နည်းများ ကိုလည်းထည့်သွင်းထားပြီး ဖြစ်ပါကြောင်း၊

• သီးခြားထားရှိကုသခြင်း (Isolation) နှင့် အသွားအလာတားမြစ်ပိတ်ပင်ခြင်း၊ ကန့်သတ်ခြင်း (Quarantine) ၏ အရေးကြီးမှုကို ပြည်သူများ သေချာစွာသိရှိနားလည်ရန်မှာ အရေးကြီးပါကြောင်း၊

 

• ထိုသို့ရောဂါဖြစ်ပွားမှု ရှိ၊ မရှိ စောင့်ကြပ်ကြည့်ရှုခြင်းခံရသူတွင် အကယ်၍ 2019-nCoV လတ်တလောအသက်ရှူလမ်းကြောင်းရောဂါ လက္ခဏာများ ပေါ်ပေါက်လာပါက ချက်ချင်းကုသမှု ပေးနိုင်သည့်အတွက် ရောဂါပြင်းထန်သေဆုံးနိုင်ခြေနည်းပါးသည့်အပြင် ၎င်းမှတစ်ဆင့် အတူနေထိုင်သော မိသားစုများနှင့် မိတ်ဆွေများထံသို့ ကူးစက်မှုမဖြစ်ပွားနိုင်တော့သဖြင့် အားလုံးအတွက် အကျိုးရှိသည့် ကိစ္စရပ်ဖြစ်ပါကြောင်း၊

• ကုသမှုပိုင်းဆိုင်ရာ၌ စနစ်ကျ၍ ပိုမိုထိရောက်နိုင်စေ ရန်အတွက် clinical management ကော်မတီကိုလည်း ဖွဲ့စည်းပြီးဖြစ်ပါကြောင်း၊

• လေဆိပ်ဝင်ပေါက်မှ ဝင်ရောက်သူများမှာ အရေအတွက်နည်းပါးလာသည်ကို တွေ့ရှိရပါကြောင်း၊ တရားဝင်နှင့် တရားမဝင် နယ်စပ် ဝင်/ထွက်ပေါက် ကုန်းလမ်းများမှ ဝင်ရောက်လာ သူများကို အထူးဦးစားပေး၍ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆက်လက်ပြုလုပ်ရမည်ဖြစ်ပါကြောင်း၊

 

• ရောဂါကူးစက်ပျံ့နှံ့မှုကိုထိန်းချုပ်နိုင်ရေးအတွက် သံသယလူနာများအား စောစီးစွာထောက်လှမ်း ခြင်း (Early case detection) သည် အရေးကြီးသည့် အတွက် သံသယလူနာတွေ့ရှိပါက ပြည်သူများ၏ သတင်းပေးပို့မှုသည် လွန်စွာ အရေးကြီးပါကြောင်း၊

• အကျဉ်းထောင်များ၏ အချုပ်သား၊ အကျဉ်းသားအသစ်များတွင် ဖျားနာလူနာပါရှိပါက (၁၄) ရက် သီးခြားထားရှိကုသရေးညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်များ၊ ကျေးလက်ဒေသများတွင် ပြည်သူ (၁၀) ခန့်စီအား ကျန်းမာရေးအသိပညာပေး ဟောပြောမှု (Health Talk) စကားဝိုင်းငယ်များကို ပိုမိုအရေးပေးဆောင်ရွက်သွားစေလိုပါကြောင်း၊ အထူးသဖြင့် ကျောင်းများ၊ စေတီဘုရားများ၊ ဈေး၊ စက်ရုံနှင့် လူစည်ကားသောနေရာများတွင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် ရောဂါစောင့်ကြပ်ကြည့်ရှုရေး၊ ကာကွယ်ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့် တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည့်အတွက် အားရကျေနပ်ပါကြောင်းနှင့် ယခုဖြစ်စဉ် ပြီးဆုံးသည် အထိ အရှိန်အဟုန်မလျှော့ဘဲ ဆက်လက် ဆောင်ရွက်သွားရန်တိုက်တွန်းပြောကြားလိုကြောင်း ပြောကြားခဲ့ပါသည်။

 

အစည်းအဝေးတွင် -

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဌာနချုပ်မှ နောက်ဆုံး (update) ထုတ်ပြန်ချက်များ၊

• တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် ရောဂါကူးစက်ပျံ့နှံ့မှုဆိုင်ရာ ကူးစက်ရောဂါ ဗေဒရှုထောင့်မှ အသေးစိတ် သုံးသပ်ချက်များ၊ ကမ္ဘာပေါ်တွင် လက်ရှိဖြစ်ပေါ်နေသောအခြေအနေ၊ ဆက်လက်တိုးတက်နေသော case အရေအတွက်နှင့် မြန်မာနိုင်ငံအတွင်းရှိ သံသယလူနာ (၁)ဦးနှင့် စောင့်ကြည့်လူနာ (၁၉)ဦးတို့၏ အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်များ၊

• ဓာတ်ခွဲနမူနာများအား လေကြောင်းလိုင်းများဖြင့် ချိတ်ဆက်ပို့ဆောင်မှုအခြေအနေများနှင့် ဂျပန်နိုင်ငံနှင့် US CDC တို့မှ ရောက်ရှိလာမည့် 2019 Novel Coronavirus ဓာတ်ခွဲ စမ်းသပ်မှု ပစ္စည်းများ၏ အခြေအနေအား ရှင်းလင်းတင်ပြခြင်း၊

• တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအသီးသီးမှ ပေးပို့လာသော ရောဂါစောင့်ကြပ်ကြည့်ရှုရေး ဆောင်ရွက်နေမှုနှင့် သတင်းပေးပို့နေမှု အခြေအနေများနှင့် ထူးခြား ဖြစ်စဉ် များအားတင်ပြခြင်း၊

• မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ် (၃) ခုနှင့် တိုင်းဒေသကြီး/ ပြည်နယ် ( ၈)ခုမှ မြို့နယ် (၂၀) မြို့နယ်ရှိ တရားဝင်နယ်စပ် ဝင်ပေါက်၊ ထွက်ပေါက် ( ၂၇ )ခု တွင် အဖျားရောဂါစောင့်ကြပ် ကြည့်ရှု သည့်အခြေအနေနှင့် သံသယလူနာ/စောင့်ကြည့်လူနာမတွေ့ရှိရခြင်း၊

 

• တရားဝင်နယ်စပ် ဝင်ပေါက်၊ ထွက်ပေါက်များတွင် ခရီးသွားများအား သေချာစွာစိစစ်နိုင်ရေး ဆက်လက်လုပ်ဆောင်ရန်နှင့် ထိုသို့ဆောင်ရွက်ရာတွင် ဒေသဆိုင်ရာ အာဏာပိုင်များ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုအခြေအနေအားတင်ပြခြင်း၊

• ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ သတင်းပေးပို့ချက်များကို MoHS Dashboard ပေါ်တွင် အချိန်နှင့် တစ်ပြေးညီတင်ပြနိုင်ရန်စီစဉ်ထားခြင်း၊

• တရားဝင်နယ်စပ် ဝင်ပေါက်၊ ထွက်ပေါက်များရှိသည့် Fever Surveillance Points များနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင်ရှိသော ကျေးလက်ကျန်းမာရေးဌာနများတွင် Tablet များဖြန့်ဝေကာ အရေးကြီးသတင်းများအား အချိန်နှင့်တပြေးညီ သိရှိနိုင်ရန်စီစဉ်ထားရှိခြင်း၊

• နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ပြည်ဝင်ခွင့်ဗီဇာများ (E Visa) ထုတ်ပေးရာ၌ ကျန်းမာရေးစစ်ဆေးထားသောဆေးလက်မှတ် (Medical Certificate) များပူးတွဲ၍ လျှောက်ထားစေရန် စီစဉ်ဆောင်ရွက် ထားရှိမှုအားတင်ပြခြင်း၊

 

• နိုင်ငံပိုင်သတင်းဌာနများ နှင့် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများအား စီစဉ်ဆောင်ရွက် ထားရှိမှုအခြေအနေများတင်ပြခြင်း၊

• တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှ အထူးလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိ လာသော မြန်မာနိုင်ငံသား ပညာသင် (၅၉) ဦး၏ ကျန်းမာရေးအခြေအနေသည် (ယနေ့၊ နံနက်ပိုင်းစစ်ဆေးချက်များအရ) ကောင်းမွန်လျက်ရှိကြောင်းတင်ပြခြင်း၊

• ဆေးနှင့် ဆေးပစ္စည်း များ စုဆောင်းထားရှိမှု၊ ရရှိမှု၊ ခွဲဝေဖြန့်ဖြူးထားမှု အခြေအနေ နှင့် PPE များ၊ Thermal scan များ၊ Ventilator များအား ထပ်မံဖြည့်တင်းဝယ်ယူနိုင်ရေး နိုင်ငံတော်အရေးပေါ် ရံပုံငွေဖြင့် ဝယ်ယူရန် စီစဉ်မှု အခြေအနေအားတင်ပြခြင်း၊

 

• ကုသရေးဉီးစီးဌာနမှ တရားဝင်နယ်စပ် ဝင်ပေါက်၊ ထွက်ပေါက်များနှင့် ချိတ်ဆက်ဆောင်ရွက်မည့် တာချီလိတ်၊ ကျိုင်းတုံ၊ မူဆယ်၊ မြဝတီ နှင့် မြစ်ကြီးနားပြည်သူ့ဆေးရုံများတွင် ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရှိမှုအခြေအနေများအား တင်ပြခြင်း၊

• Emergency Operations Centre (EOC) Hot Line Service ကို ၂၄ နာရီ ပိတ်ရက်မရှိဖွင့်လှစ် ဆောင်ရွက်နေမှုအခြေအနေ စသည်တို့ အပါအဝင် နောက်ဆုံးသတင်းအချက်အလက်များကို တင်ပြခြင်း၊ ဝေမျှခြင်း နှင့် ဆွေးနွေး အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီး ဌာန)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်ယူဖြန့်ဖြူးရေး)၊ ညွှန်ကြား ရေးမှူး (ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး)၊ ဆေးရုံအုပ်ကြီး (ကျွမ်းကျင်သူ)၊ ကူးစက်ရောဂါကုသရေးဆိုင်ရာ ပါမောက္ခများ၊ ဆေးပညာပါမောက္ခများနှင့် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ eHealth ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများတက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

More Tags