𝟐𝟎𝟏𝟗 𝐍𝐨𝐯𝐞𝐥 𝐂𝐨𝐫𝐨𝐧𝐚𝐯𝐢𝐫𝐮𝐬 ကြောင့်ဖြစ်ပွားသော လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၁၄/၂၀၂၀) ကျင်းပ (10-2-2020, 11:00 a.m)

𝐔𝐧𝐢𝐨𝐧 𝐌𝐢𝐧𝐢𝐬𝐭𝐞𝐫 𝐃𝐫. 𝐌𝐲𝐢𝐧𝐭 𝐇𝐭𝐰𝐞 𝐚𝐭𝐭𝐞𝐧𝐝𝐬 𝐭𝐡𝐞 𝐜𝐞𝐧𝐭𝐫𝐚𝐥 𝐥𝐞𝐯𝐞𝐥 𝐝𝐚𝐢𝐥𝐲 𝐜𝐨𝐨𝐫𝐝𝐢𝐧𝐚𝐭𝐢𝐨𝐧 𝐦𝐞𝐞𝐭𝐢𝐧𝐠 (𝟏𝟒/𝟐𝟎𝟐𝟎) 𝐨𝐧 𝐩𝐫𝐞𝐩𝐚𝐫𝐞𝐝𝐧𝐞𝐬𝐬 𝐟𝐨𝐫 𝐝𝐞𝐭𝐞𝐜𝐭𝐢𝐨𝐧 𝐚𝐧𝐝 𝐫𝐞𝐬𝐩𝐨𝐧𝐬𝐞 𝐭𝐨 𝟐𝟎𝟏𝟗-𝐧𝐂𝐨𝐕 𝐚𝐜𝐮𝐭𝐞 𝐫𝐞𝐬𝐩𝐢𝐫𝐚𝐭𝐨𝐫𝐲 𝐝𝐢𝐬𝐞𝐚𝐬𝐞

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်၊ နံနက် (၁၁) နာရီ

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက် (၁၁:၀၀) နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျင်းပခဲ့သည့် 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၁၄/၂၀၂၀) သို့ တက်ရောက်ခဲ့ပါသည်။


 

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• ရောဂါကူးစက်ဖြစ်ပွားမှုကာကွယ်ထိန်းချုပ်ခြင်းနှင့် ရောဂါကူးစက်မှု သံသယလက္ခဏာရှိသူများကို စောစီးစွာ ထောက်လှမ်းရှာဖွေခြင်းလုပ်ငန်းများကို ဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ နှီးနွှယ်ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ အားလုံးက ချိတ်ဆက်မှုအားကောင်းစွာဖြင့်ဆောင်ရွက်လျက်ရှိသည်ကို တွေ့မြင်နိုင်ပါကြောင်း၊

• ထို့အပြင် ဒေသတွင်းနှင့် နိုင်ငံတကာကွန်ရက်များ ချိတ်ဆက်ဆောင်ရွက်မှုများဖြင့် ရောဂါကူးစက်မှု သံသယရှိသူတစ်ဦးကို ယမန်နေ့က ထောက်လှမ်းရှာဖွေနိုင်ခဲ့ရန် ကြိုးပမ်းဆောင်ရွက်မှုများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊

• ရောဂါဖြစ်ပွားသူများ ရုတ်တရက်များပြားစွာ ပေါ်ပေါက်လာပါက ၎င်းတို့အား အချိန်နှင့်တစ်ပြေးညီ စောစီးစွာဖြင့် အရည်အသွေးပြည့်ဝသည့် ကုသမှုများပေးအပ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားမှုများ ကို ဆက်လက် အားဖြည့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ကုသရေး ကုထုံးဆိုင်ရာ ဆွေးနွေးမှုများ အချိန်နှင့်တစ်ပြေးညီပြုလုပ်နိုင်ရန်အတွက် ဝန်ကြီးဌာနမှ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးပညာရှင်များ၊ ဆေးပညာရှင်များ၊ ကူးစက်ရောဂါကုသရေး ပညာရှင်များ၊ ကပ်ရောဂါဗေဒပညာရှင်များ ပါဝင်ဖွဲ့စည်းထားသော ဆက်သွယ်ရေးကွန်ရက် viber group အဖွဲ့ ဖွဲ့စည်းဆောင်ရွက်စေလိုပါကြောင်း၊


 

• ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးအသိပညာအချက်အလက် ပိုစတာနှင့် လက်ကမ်းစာစောင်များအား ဈေးများ၊ ဘတ်စ်ကားဂိတ်များ၊ ဘတ်စ်ကားများ စက်ရုံ၊ အလုပ်ရုံများနှင့် ဘုရားများတွင် ဖြန့်ဝေပေးနေမှုကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ဆက်လက် ဆောင်ရွက်စေလိုပါကြောင်း၊

• ရောဂါဖြစ်ပွားရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လာရောက်သူများ နေထိုင်ရာ ရပ်ကွက်များတွင် တရုတ်ဘာသာဖြင့် ပြုစုထားသော ကျန်းမာရေးအသိပညာအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးသွားရမည်ဖြစ်ပါကြောင်း၊

• မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့်လည်း ထိုသို့ ကျန်းမာရေးအသိပညာအချက်အလက်များဖြန့်ဝေမှုနှင့် အသိပေးနှိုးဆော်မှုလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုပါကြောင်း၊

• ကျောင်းသား၊ ကျောင်းသူများတွင် ရောဂါကာကွယ်ရေးအသိပညာများရရှိကာ ၎င်းတို့မှ တစ်ဆင့် မိဘများ၊ မိတ်ဆွေသူငယ်ချင်းများကို ဖြန့်ဝေပေးနိုင်ရေးအတွက် ကျောင်းများတွင် ကျန်းမာရေးအသိပညာအချက်အလက် ပိုစတာ၊ လက်ကမ်းစာစောင်များ အထူးအလေးပေး ဆက်လက်ဖြန့်ဝေပေးရမည်ဖြစ်ပါကြောင်း၊

• ရုပ်မြင်သံကြားလိုင်းများ၊ ရေဒီယိုလိုင်းများမှ ကျန်းမာရေးအသိပညာများကို တိုင်းရင်းသားဘာသာကားများနှင့်ပါဖြန့်ဝေပေးလျက်ရှိခြင်းသည် ကောင်းမွန်ပါကြောင်း၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဆောင်ရွက်ထားရှိမှုများအား မြန်မာ့ရုပ်မြင် သံကြားနှင့် သတင်းစာများတွင် ပုံမှန်ဖော်ပြနိုင်ရန်နှင့် လတ်တလောအသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါနှင့်ပတ်သက်သော သတင်းများအား စဉ်ဆက်မပြတ် ထုတ်လွှင့်ရန် လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊


 

• သတင်းများထုတ်ပြန်ရာတွင် ရောဂါဖြစ်ပွားမှုအခြေအနေများ၊ ပျံ့နှံ့မှုအခြေအနေများအား နားလည်လွယ်ကူသော Dashboard ဖြင့် ဖော်ပြရန်နှင့် နေ့စဉ်ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများနှင့် ထူးခြားဖြစ်စဉ် သတင်းများကို ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာမှ ပြည်သူများထံ အချိန်နှင့် တစ်ပြေးညီ Transparently သတင်းပေးပို့နေခြင်းဖြစ်သည့်အတွက် ကျန်းမာရေးဝန်ထမ်းများအပါအဝင် အများပြည်သူများအနေဖြင့်လည်း နေ့စဉ်ဖတ်ရှုစေလိုကြောင်း၊ သတင်းမီဒီယာများပေါ်သို့ ရောက်ရှိပျံ့နှံ့လာသည့် သတင်းမှားများအား ချင့်ချိန်လက်ခံရန်လိုအပ်ကြောင်း၊

• အခြေခံကျန်းမာရေးပညာရှင်ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးစကားဝိုင်းငယ်များ ပြုလုပ်၍ ကျန်းမာရေးအသိပညာများ ဆက်လက်ဖြန့်ဝေပေးရမည်ဖြစ်ပါကြောင်း၊

• ယခုကာလအတွင်း လူစုလူဝေးများပြားရာ နေရာများကို တတ်နိုင်သမျှရှောင်ကြဉ်ကြရန် အသိပေးနှိုးဆော်ကြရမည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာန၏ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ကျန်းမာရေးဌာနများ၏ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းဆောင်ရွက်မှုများကိုလည်း ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာတွင် ထားရှိထားပါကြောင်း၊

• တိုင်းဒေသကြီး/ပြည်နယ် အဆင့် ကျန်းမာရေးဌာနမှ ကောင်းမွန်သည့်လုပ်ဆောင်ချက်များကို အခြား တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ကျန်းမာရေးဌာနများအနေဖြင့် မိမိတို့ နေရာဒေသနှင့် ကိုက်ညီစွာဖြင့် လိုက်လံဆောင်ရွက်စေလိုပါကြောင်း၊

• ဆေးရုံများတွင် ရောဂါကုသရေးကြိုတင်ပြင်ဆင်ထားရှိရန် ထပ်မံလိုအပ်သည်များကို အမြန်ဆုံးပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်များမှ သတင်းပေးပို့မှုများကိုလည်း ပြန်ကြားပေးပို့အကြောင်းကြားခြင်း feedback ကို ဆောင်ရွက်စေလိုပါကြောင်း၊

• ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအခြေအနေများတွင် ကုန်သွယ်ရေး နှင့် ကူးသန်းသွားလာမှု (Travel and Trade) များထိခိုက်သဖြင့် မိမိတို့ပြည်သူများ ထိခိုက်မှု (Impact) နည်းစေရန်အတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း၊

• ဝန်ကြီးဌာနနှင့် နှီးနွှယ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ပြည်သူများအကျိုးအတွက် ဝိုင်းဝန်းကြိုးပမ်းနေမှုများကို ကျေးဇူးတင်ရှိပါကြောင်း၊ ဆက်လက်၍လည်း ကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပါကြောင်း၊ ပြောကြားခဲ့ပါသည်။


 

     ဆက်လက်၍ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ဝယ်ယူဖြန့်ဖြူးရေး၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ၊ ကုသရေး၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန စသည့် ဌာနခွဲနှင့် ကဏ္ဍများမှ တာဝန်ရှိသူများက -

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနချုပ်မှ နောက်ဆုံး (update) ထုတ်ပြန်ချက်များ၊

• တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် ရောဂါကူးစက်ပျံ့နှံ့မှုဆိုင်ရာကူးစက် ရောဂါဗေဒရှုထောင့်မှ အသေးစိတ် သုံးသပ်ချက်များ၊ ရောဂါကုသမှုဆိုင်ရာအတွက် ကုသရေးရှုထောင့်မှ သုံးသပ်ချက်များ၊

• အပြည်ပြည်ဆိုင်ရာလေဆိပ်များ၊ နယ်စပ် ဝင်ထွက်ပေါက်များမှ ဝင်ထွက်သွားလာမှု စာရင်းဇယားများနှင့် ရောဂါစောင့်ကြပ်ကြည့်ရှုဆောင်ရွက်မှုအချက်အလက်များ၊

• တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအသီးသီးမှ ပေးပို့လာသောရောဂါစောင့်ကြပ်ကြည့်ရှုရေးဆောင်ရွက်နေမှုနှင့် သတင်းပေးပို့ နေမှုအခြေအနေများ၊

• သံသယလူနာများနှင့် စောင့်ကြပ်ကြည့်ရှုလူနာများ၏ ကျန်းမာရေးအခြေအနေများ၊

• ကျန်းမာရေးအသိပညာအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေနေမှု၊

• ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာတွင် 2019-nCoV လတ်တလောအသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါအချက်အလက်များ စုစည်းထားရှိမှု၊ အလွယ်တကူကြည့်ရှုနိုင်ရန် Dashboard ကို ပြုလုပ်နေမှု၊

• ဆေးနှင့် ဆေးပစ္စည်းများစုဆောင်းထားရှိမှု၊ ရရှိမှု၊

ခွဲဝေဖြန့်ဖြူးထားမှုအခြေအနေများ စသည်တို့ အပါအဝင် နောက်ဆုံးသတင်းအချက် အလက်များကိုတင်ပြခဲ့ပါသည်။


 

     အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်ယူဖြန့်ဖြူးရေး)၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး)၊ ညွှန်ကြားရေးမှူး (ကုသရေး)၊ နေပြည်တော်ခုတင် (၁၀၀၀) ဆံ့ ပြည်သူ့ဆေးရုံအုပ်ကြီး၊ ဆေးပညာပါမောက္ခများနှင့် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ ဝယ်ယူဖြန့်ဖြူးရေးနှင့် ကျန်းမာရေးနှင့် အသိပညာမြှင့်တင်ရေးကဏ္ဍအသီးသီးမှ တာဝန်ရှိသူများတက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။



 


 

 

More Tags