𝟐𝟎𝟏𝟗 𝐍𝐨𝐯𝐞𝐥 𝐂𝐨𝐫𝐨𝐧𝐚𝐯𝐢𝐫𝐮𝐬 ကြောင့်ဖြစ်ပွားသောလတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေးဗဟိုအဆင့် နေ့စဉ် ညှိနှိုင်းအစည်းအဝေး (၁၂/၂၀၂၀) ကျင်းပ (8-2-2020, 11:00 A.M)

𝐔𝐧𝐢𝐨𝐧 𝐌𝐢𝐧𝐢𝐬𝐭𝐞𝐫 𝐃𝐫. 𝐌𝐲𝐢𝐧𝐭 𝐇𝐭𝐰𝐞 𝐚𝐭𝐭𝐞𝐧𝐝𝐬 𝐭𝐡𝐞 𝐜𝐞𝐧𝐭𝐫𝐚𝐥 𝐥𝐞𝐯𝐞𝐥 𝐝𝐚𝐢𝐥𝐲 𝐜𝐨𝐨𝐫𝐝𝐢𝐧𝐚𝐭𝐢𝐨𝐧 𝐦𝐞𝐞𝐭𝐢𝐧𝐠 (𝟏𝟐/𝟐𝟎𝟐𝟎) 𝐨𝐧 𝐩𝐫𝐞𝐩𝐚𝐫𝐞𝐝𝐧𝐞𝐬𝐬 𝐟𝐨𝐫 𝐝𝐞𝐭𝐞𝐜𝐭𝐢𝐨𝐧 𝐚𝐧𝐝 𝐫𝐞𝐬𝐩𝐨𝐧𝐬𝐞 𝐭𝐨 𝟐𝟎𝟏𝟗-𝐧𝐂𝐨𝐕 𝐚𝐜𝐮𝐭𝐞 𝐫𝐞𝐬𝐩𝐢𝐫𝐚𝐭𝐨𝐫𝐲 𝐝𝐢𝐬𝐞𝐚𝐬𝐞

ရန်ကုန်၊ (၂၀၂၀) ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၈) ရက်၊ နံနက် (၁၁) နာရီ

       ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက် (၁၁:၀၀) နာရီတွင် ရန်ကုန်မြို့၊ ပြည်ထောင်စုဝန်ကြီးဧည့်ရိပ်သာခန်းမ၌ ကျင်းပ ခဲ့သည့် 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၁၂/၂၀၂၀) သို့ တက်ရောက် ခဲ့ပါသည်။

 

     အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး က ပြောကြားရာတွင် -

• ယခုအချိန်၌ မိမိတို့သည် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို နှီးနွှယ်ဝန်ကြီးဌာနများနှင့်လည်းကောင်း တိုင်းဒေသကြီး/ ပြည်နယ်ကျန်းမာရေးဌာနများနှင့်လည်းကောင်း ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လက်ခံနိုင်ဖွယ်ရှိသည့် အဆင့်သို့ရောက်ရှိနေသည်ဟု သုံးသပ်နိုင်ပါကြောင်း၊

• ယခုအချိန်၌ အားဖြည့်ဆောင်ရွက်ရန်မှာ အထူးအရေးကြီးသည့် ကိစ္စရပ်မှာ ရောဂါဖြစ်ပွားသူများ ရုတ်တရက်များပြားစွာ ပေါ်ပေါက်လာပါက ၎င်းတို့အား အချိန်နှင့်တစ်ပြေးညီ စောစီးစွာဖြင့် အရည်အသွေးပြည့်ဝသော ကုသမှုများပေးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိရန်ဖြစ်ပါကြောင်း၊

• ဝေဘာဂီအထူးကုဆေးရုံအပါအဝင် ဝန်ကြီးဌာနဆေးရုံများ၌ လူနာများပေါ်ပေါက်လာပါက အရေးပေါ်ကြပ်မတ်ကုသမှု၌ အသုံးပြုရန် ဆေးနှင့် ဆေးပစ္စည်းကိရိယာများကို လုံလောက်စွာရှိစေရန်နှင့် အဆင်သင့်ဖြစ်စေရန် အားဖြည့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• အဆိုပါကိစ္စရပ်အတွက် မိမိတို့လက်ဝယ်ရှိနေသော ပြည်သူများမှ လှူဒါန်းငွေများအပြင် နိုင်ငံတော်အစိုးရမှ ပေးအပ်ထားသော အရေးပေါ်ရန်ပုံငွေမှ အမြန်ဆုံးဝယ်ယူဖြည့်တင်းလျက်ရှိနေပါကြောင်း၊

• ဝန်ကြီးဌာန ဗဟိုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ကျေးလက်ဒေသများ အားလုံးမှ ဝန်ထမ်းများသည် နှီးနွှယ်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ကြိုးပမ်းဆောင်ရွက်နေမှုများကို သုံးသပ်ကြည့်ရှုရာ ကျေနပ်မှုရှိပါကြောင်း၊

 

• ရန်ကုန်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်များသို့ (၇-၂-၂၀၂၀) ရက်နေ့တွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ ထွက်ခွာလာသောလေယာဉ် (၂) စီးမှ ခရီးသည် စုစုပေါင်း (၁၁၇)ဦးသာ ဝင်ရောက်လာခြင်းသည် ယခင်ကထက် သိသာစွာလျော့နည်းသွားခြင်းဖြစ်ပြီး ယခုကဲ့သို့ ရောဂါပြန့်ပွားကူးစက်မှု ဖြစ်ပေါ်နေသော ကာလအတွင်း ရောဂါကာကွယ်ထိန်းချုပ်မှုရှုထောင့်မှကြည့်လျှင် ကောင်းမွန်သော လက္ခဏာတစ်ရပ်ဖြစ်ပါကြောင်း၊

• ၎င်းခရီးသည်များ တည်းခိုနေထိုင်သည့် ဟိုတယ်၊ တည်းခိုခန်းများ သို့ရောဂါစောင့်ကြပ်ကြည့်ရှုသည့်လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်အားဖြည့်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊

• ပြည်တွင်းသို့ ဝင်ရောက်လာသည့် နိုင်ငံတကာမှ ခရီးသည်များ၏ ရာခိုင်နှုန်းများစွာသည် ၎င်းတို့ ယခင်ကတည်းကဌားရမ်းထားသည့် အိမ်များသို့ သွားရောက်နေထိုင်သည်ကို တွေ့ရှိရပါကြောင်း၊

• မိမိတို့၏ ဝန်ထမ်းများသည် ထိုသို့ နိုင်ငံတကာမှ ပြည်တွင်းသို့ဝင်ရောက်လာသူများ နေထိုင်ရာ ရပ်ကွက်များ၌ ပညာပေးလုပ်ငန်းများပြုလုပ်လျက်ရှိသည်ကိုလည်း တွေ့ရှိရသဖြင့် ကျေနပ်မှုရှိပါကြောင်း၊

• မိမိတို့၏ ဝန်ထမ်းများအနေဖြင့် တည်းခိုခန်းနှင့် ဟိုတယ်များမှ ဝန်ထမ်းများအား “ရောဂါ၏ သံသယလက္ခဏာများရှိသူများတွေ့ရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံး အကြောင်းကြားရန်မှာ အထူးအရေးကြီးကြောင်း၊ သို့မှသာ ရောဂါဖြစ်ပွားသူမှ တည်းခိုခန်းနှင့် ဟိုတယ်ဝန်ထမ်းများ အပါအဝင် အခြားသူများထံ ရောဂါကူးစက် ပြန့်ပွားခြင်းကို ကာကွယ်တားဆီးနိုင်မည်ဖြစ်ကြောင်း” တို့ကို အမြဲတမ်းအသိပေးနှိုးဆော် ပြောကြားရမည်ဖြစ်ပါကြောင်း၊

 

• ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ပြုစုပြီးဖြစ်သည့် တရုတ်ဘာသာဖြင့် ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လာရောက်သူများတည်းခိုရာ၊ နေထိုင်ရာနေရာများနှင့် ရပ်ကွက်များတွင် ဖြန့်ဝေ ခြင်းနှင့်အသိပေးနှိုးဆော်ခြင်းများကို ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မိမိတို့ဖြန့်ဝေထားပြီးသော ကျန်းမာရေးအသိပညာပေးပိုစတာများ၊ လက်ကမ်း စာစောင်များအား ပြည်သူလူထုမှ ဖတ်ရှုမှု၊ နားလည်မှုရှိနှင့် အမှန်တကယ် လက်တွေ့အသုံးချဆောင်ရွက်မှု အခြေအနေများကို အသုံးချသုတေသနဖြင့် ရက်ပိုင်းအတွင်း သိရှိရန်ဆောင်ရွက်ဆန်းစစ်ရမည်ဖြစ်ပါကြောင်း၊ တွေ့ရှိချက်များအပေါ်မူတည်၍ လိုအပ်သလိုအားဖြည့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ယခု အချိန်၌ ဤရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ များစွာသော လူမှုရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာနှင့် ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ကိုင်နေမှုရှိသဖြင့် စနစ်တကျတာဝန်ခွဲဝေသတ်မှတ် (division of labour) ၍ ဆောင်ရွက်မှသာလျှင် ထိရောက်သော အောင်မြင်မှုများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊

• ဤကိစ္စကို ဗဟိုနှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် တာဝန်ရှိသူများမှ ကြီးကြပ်ပေးရမည်ဖြစ်ပါကြောင်း၊

• မိမိတို့သည် ဤရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို (၅-၁-၂၀၂၀) မှ စတင်၍ ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် တွေ့ရှိရသည့် စိန်ခေါ်မှုများ၊ အခက်အခဲများ၊ ပြဿနာများကို အမြန်ဆုံး (၃) ရက်အတွင်း ဆန်းစစ်ကာ မိမိတို့ ဗဟိုအဖွဲ့ထံတင်ပြရမည်ဖြစ်ပါကြောင်း၊

 

• သို့မှသာ လိုအပ်သော ပြုပြင်မှု၊ လုပ်ငန်းလမ်းညွှန်မှုများကို ချက်ချင်းပေးအပ်နိုင်မည်ဖြစ်ပါကြောင်း၊

• ရောဂါကူးစက်ပြန့်ပွားမှုရှိသော ပြည်ပနိုင်ငံများမှ လာရောက်သူများအား ခွဲခြား၍ ဆက်ဆံခြင်းများ (stigmatization) များမရှိစေရန်မှာ အလွန်အရေးကြီးပါကြောင်း၊ ထိုသို့ ခွဲခြားဆက်ဆံမှုများသာ် ဤရောဂါကာကွယ်ထိန်းချုပ်မှု၌ အကျိုးမရှိသည့် အပြင် မလိုလားအပ်သော ပြဿနာများ ဖြစ်ပွားနိုင်သည်ကို ပြည်သူများမှသိရှိရန် လိုအပ်ပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်များတွင် သက်ဆိုင်ရာ မြို့နယ်ဆရာဝန်များမှ ဦးဆောင်၍ ကျန်းမာရေးမှူး၊ အမျိုးသမီးကျန်းမာရေးဆရာမ၊ သူနာပြု၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် (၁)၊ သားဖွားဆရာမနှင့် ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) များသည် သက်ဆိုင်ရာမြို့နယ်အတွင်း၌ရှိသော ဟိုတယ်နှင့် တည်းခိုခန်းများ၊ အခြားနိုင်ငံမှ လာရောက်သူများ အများဆုံးနေထိုင်သည့် ရပ်ကွက်များသို့ ကွင်းဆင်း၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (Active Surveillance) ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ဤကိစ္စရပ်သည် ရောဂါဖြစ်ပွားသူများကို စောစီးစွာထောက်လှမ်းနိုင်ရေးအတွက် အရေးကြီးသဖြင့် အထူးဦးစားပေးအနေဖြင့် ယနေ့မှစ၍ မြို့နယ်ဆရာဝန်များကို တာဝန်ပေးအပ်ဆောင်ရွက်စေလိုပါကြောင်း၊

• ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကာကွယ်ထိန်းချုပ်ခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ မြို့နယ်ဆရာဝန်များ၊ အခြေခံကျန်းမာရေးဝန်ထမ်းများလုပ်ဆောင်ရမည့် လုပ်ငန်းအဆင့်ဆင့်ကို တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများမှ ဦးစီး၍ အနီးကပ်ညွှန်ကြားဆောင်ရွက်စေလိုပါကြောင်း၊

 

• ကွန်ပျူတာဖြင့် မျှော်မှန်းတွက်ချက်ခြင်း (modelling and simulation) လုပ်ဆောင်ရာ၌ ဤရောဂါဖြစ်ပွားသူတစ်ဦးထံမှ အခြားဖြစ်ပွားနိုင်ခြေရှိသူများထံကူးစက်ပျံ့နှံ့နိုင်မှု အခြေခံနှုန်း (basic reproduction number (R0)) (အာရ်သုည) တန်ဖိုးသည် အခြားကူးစက်မြန် ရောဂါများထက် မြင့်မားနေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့အတွက် ရောဂါဖြစ်ပွားမှု သံသယရှိသူများအား အခြားသူများနှင့် ထိတွေ့မှုမှရှိစေဘဲ ရောဂါဖြစ်ပွားမှုရှိ၊ မရှိစောင့်ကြပ်ကြည့်ရှုမှုမှာ အရေးကြီးပါကြောင်း၊

• မိမိအနေဖြင့် ပြည်သူများကို အထူးသဖြင့်ပြောကြားလိုသည်မှာ ရောဂါဖြစ်ပွားမှု ရှိ၊ မရှိ ကို (၁၄) ရက်တာကာလ စောင့်ကြပ်ကြည့်ရှုခြင်း (quarantine)နှင့် သီးခြားခန်းတွင် ထားရှိခြင်းသည် ဤရောဂါကာကွယ်ထိန်းချုပ်မှု၌ အကျိုးရှိသည့် ကိစ္စရပ်တစ်ခုဖြစ်ပါကြောင်း၊

• ထိုသို့ ရောဂါဖြစ်ပွားမှု ရှိ၊ မရှိ စောင့်ကြပ်ကြည့်ရှုခြင်း ခံရသူတွင် အကယ်၍ 2019-nCoV လတ်တလောအသက်ရှူလမ်းကြောင်းရောဂါ လက္ခဏာများ ပေါ်ပေါက်လာပါက ချက်ချင်းကုသမှုပေးနိုင်သည့် အတွက် ရောဂါပြင်းထန်သေဆုံးနိုင်ခြေနည်းပါးသည့်အပြင် ၎င်းမှတစ်ဆင့် အတူနေထိုင်သော မိသားစုများနှင့် မိတ်ဆွေများထံသို့ ကူးစက်မှုမဖြစ်ပွားနိုင်တော့သဖြင့် အားလုံးအတွက် အကျိုးရှိသည့် ကိစ္စရပ်ဖြစ်ပါကြောင်း၊

• စောင့်ကြည့်လူနာများတွင် 2019-nCoV ရောဂါပိုး ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်မှု၌ ဤရောဂါပိုးမရှိသဖြင့် ဆေးရုံမှ ဆင်းခွင့်ရသောသူများအားလည်း လိုက်နာဆောင်ရွက်ရမည့် အချက်များကို နှုတ်ဖြင့်ပြောကြားသည့်အပြင် လက်ကမ်းစာစောင်ကိုလည်း ပြုစုထားရှိပြီး ပေးဝေလျက်ရှိပါကြောင်း၊

• ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ လမ်းညွှန်ချက်များ၊ လုပ်ငန်းလမ်းညွှန်စာအုပ်များ၊ စံလုပ်ထုံးလုပ်နည်းများကို ပြုစုထုတ်ဝေ၍ ဖြန့်ဝေလျက်ရှိရာ ဤလမ်းညွှန်များကို တိုင်းဒေသကြီး၊ ပြည်နယ်နှင့် နယ်စပ် ဝင်၊ ထွက်ပေါက်များ၌ ဆောင်ရွက်ရန် ကိစ္စကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူများက စီမံကြပ်မတ်၍ ဆောင်ရွက်စေလိုပါကြောင်း၊

 

• မိမိတို့ ဝန်ကြီးဌာနမှ ထုတ်ဝေထားသောရောဂါကာကွယ်ထိန်းချုပ်ရေး၊ ကုသရေးနှင့် ဓာတ်ခွဲနမူနာရယူခြင်း လမ်းညွှန်ချက်များ၊ လုပ်ငန်းလမ်းညွှန်စာအုပ်များ၊ စံလုပ်ထုံးလုပ်နည်းများကိုလည်း အချိန်နှင့် တစ်ပြေးညီသုံးသပ်၍ လိုအပ်လျှင်လိုအပ်သလို ပြုပြင် ထုတ်ဝေရမည်မှာ ရောဂါဗေဒဆိုင်ရာ သဘောတရားနိယာမအရ အလွန်အရေးကြီးပါသဖြင့် တာဝန်ရှိသူအသီးသီးက ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနမှ မြို့နယ်အဆင့် တာဝန်ရှိသူများအနေဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူမှုရေးအဖွဲ့အစည်း များနှင့် ပူးပေါင်း၍ ပြည်သူလူထု နားလည်နိုင်မည့် သတင်းအချက်အလက်များကို မိမိတို့ တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် အသိပညာ ပေးစကားဝိုင်းငယ်များပြုလုပ်ခြင်းနှင့် အသိပေး နှိုးဆော်ခြင်းများကို အရှိန်အဟုန်မပျက် ဆက်လက်လုပ်ဆောင်စေလိုပါကြောင်း၊

• မိမိတို့ လုပ်ဆောင်ထားရှိသည့် အချက်များကို နေ့စဉ်မှတ်တမ်းထားရှိပြီး ဆောင်ရွက် ချက်ပြီးစီးမှုရှိ၊ မရှိကိုလည်း အမြဲတမ်း ကြီကြပ်ဆန်းစစ်၍ လိုအပ်သလိုဆက်လက်ဆောင်ရွက်စေလိုကြောင်း၊

• ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများနှင့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ပံ့ပိုးရန် ကတိပြုထားသော နယ်စပ်၊ ဝင်ပေါက်/ထွက်ပေါက်များတွင် အသုံးပြုသည့် ရောဂါကာကွယ် ထိန်းချုပ်ရေးပစ္စည်းများ၊ ဓာတ်ခွဲစမ်းသပ်ရာတွင် အသုံးပြုသည့် ရောဂါပိုးရှာဖွေရန် ဓာတ်ခွဲပစ္စည်းများနှင့် ဆေးရုံများတွင် အသုံးပြုရန် ဆေးနှင့် ဆေးပစ္စည်းကိရိယာများ အမြန်ဆုံးရရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ လိုအပ်ချက်များ၊ ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများနှင့် ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ဆွေးနွေးညှိနှိုင်းမှု (Video Conferencing and Tele conferencing) များကို ဆက်လက်ဆောင်ရွက်စေလိုပါကြောင်း၊

 

• တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသော နယ်စပ်ဒေသများတွင် သံသယလူနာနှင့် စောင့်ကြည့် လူနာများ တွေ့ပါက လူနာညွှန်းပို့ရမည့် သတ်မှတ်ဆေးရုံ (Designated Hospital) များကို တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့နှင့် အခြားသက်ဆိုင်ရာဝန်ကြီးဌာနများ သိရှိစေရန်အတွက် ကြိုတင်အကြောင်းကြားထားရမည်ဖြစ်ပါကြောင်း၊

• ဆေးရုံကြီးများအနေဖြင့် ရောဂါကုသရေးလုပ်ငန်းရှုထောင့် (Clinical perspective) ပတ်သက်ပြီး မိမိတို့ဆေးရုံတွင် ပြင်ဆင်ထားရှိမှုများ၊ လိုအပ်ချက်များနှင့် နယ်စပ်ဒေသများရှိ ဆေးရုံ များတွင် ထားရှိရန် ထပ်မံလိုအပ်မည့် ပစ္စည်း ကိရိယာများကို အမြန်ဆုံးတင်ပြရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနမှလည်း ဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း၊

• ယခု မြန်မာနိုင်ငံမှ 2019-nCoV လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ရှိ၊ မရှိ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့ခဲ့သော ဓာတ်ခွဲနမူနာများအနက် (၇)ခုမှာ 2019-NCoV ရောဂါပိုးမတွေ့ရှိဟု အဖြေရရှိပြီး ကျန်ရှိသော ဓာတ်ခွဲနမူနာများအတွက် အဖြေစောင့်ဆိုင်းဆဲဖြစ်ပါကြောင်း၊

• ဆက်လက်ပေးပို့မည့် ဓာတ်ခွဲနမူနာများအတွက် ချိန်ကိုက်နမူနာရယူမှု (Timing of sample collection) များ ပိုမိုတိကျ မှန်ကန်ရန်အတွက်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်ဓာတ်ခွဲခန်းထံမှ အကြံဉာဏ်များ အမြန်ဆုံး ရယူစေလိုပါကြောင်း၊

• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနအနေဖြင့်လည်း မိမိတို့နိုင်ငံတွင် ရောဂါ စစ်ဆေးမှုပြုလုပ်ပေးနိုင်ရန် လိုအပ်သောပစ္စည်းများကို ပြည်တွင်း/ ပြည်ပ အဖွဲ့အစည်းများနှင့် ချိတ်ဆက်မှာယူပြီး မကြာခင်ကာလအတွင်း စစ်ဆေးပေးနိုင်တော့မည်ဖြစ်ပါကြောင်းနှင့် ထိုကဲ့သို့ စစ်နိုင်ပါက ဓာတ်ခွဲခန်းအဖြေကို ဓာတ်ခွဲနမူနာရောက်ရှိပြီး တစ်ရက်အတွင်း ထုတ်ပေးနိုင်မည် ဖြစ်ပါကြောင်း၊

 

• ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ လုပ်ဆောင်ချက်များကို ဖတ်ရှုရလွယ်ကူစေရန် အကျဉ်းချုံးပြုစု၍ အခြားတိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနများသို့ ပေးပို့စေလိုပါကြောင်း၊

• ဝန်ကြီးဌာနမှ ဝန်ထမ်းများအားလုံးကို ယခုလုပ်ဆောင်နေသော လုပ်ငန်းများသည် ပြည်သူများအားလုံးအတွက် အကျိုးအတွက် ဆောင်ရွက်နေသည်ကို နှလုံးသွင်း၍ ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ဝယ်ယူဖြန့်ဖြူးရေး၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ၊ ကုသရေး၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန စသည့် ဌာနခွဲနှင့် ကဏ္ဍများမှ တာဝန်ရှိသူများက -

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနချုပ်မှ နောက်ဆုံး (update) ထုတ်ပြန်ချက်များ၊

• တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် ရောဂါကူးစက်ပျံ့နှံ့မှုဆိုင်ရာကူးစက် ရောဂါဗေဒရှုထောင့်မှ အသေးစိတ် သုံးသပ်ချက်များ၊ ရောဂါကုသမှုဆိုင်ရာအတွက် ကုသရေးရှုထောင့်မှ သုံးသပ်ချက်များ၊

• အပြည်ပြည်ဆိုင်ရာလေဆိပ်များ၊ နယ်စပ် ဝင်ထွက်ပေါက်များမှ ဝင်ထွက်သွားလာမှု စာရင်းဇယားများနှင့် ရောဂါစောင့်ကြပ်ကြည့်ရှုဆောင်ရွက်မှုအချက်အလက်များ၊

• တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအသီးသီးမှ ပေးပို့လာသောရောဂါစောင့်ကြပ်ကြည့်ရှုရေးဆောင်ရွက်နေမှုနှင့် သတင်းပေးပို့ နေမှုအခြေအနေများ၊

• သံသယလူနာများနှင့် စောင့်ကြပ်ကြည့်ရှုလူနာများ၏ ကျန်းမာရေးအခြေအနေများ၊

• ဆေးနှင့် ဆေးပစ္စည်းများစုဆောင်းထားရှိမှု၊ ရရှိမှု၊ ခွဲဝေဖြန့်ဖြူးထားမှုအခြေအနေများစသည်တို့ အပါအဝင် နောက်ဆုံးသတင်းအချက် အလက်များကိုတင်ပြခြင်း၊ ဝေမျှခြင်းနှင့် ဆွေးနွေးအကြံပြုခြင်းများဆောင်ရွက်ခဲ့ ပါသည်။

 

     အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန)၊ ပါမောက္ခချုပ်/ ဆေးရုံ အုပ်ကြီး(ရန်ကုန်ဆေးရုံကြီး) ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ/ဘဏ္ဍာ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ)၊ ရန်ကုန်တိုင်း ဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ပါမောက္ခချုပ် (ပြည်သူ့ကျန်းမာရေးတက္ကသိုလ်)၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး)၊ ညွှန်ကြားရေးမှူး (ကုသရေး)၊ ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ ကူးစက်ရောဂါကုသရေး ဆိုင်ရာပါမောက္ခများ၊ ဆေးပညာပါမောက္ခများနှင့် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ဝယ်ယူဖြန့်ဖြူးရေး၊ ကျန်းမာရေးနှင့် အသိပညာမြှင့်တင်ရေး ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများတက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

More Tags