NOW LOADING

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အရှေ့တောင်အာရှဒေသဆိုင်ရာရုံးမှ Technical Officer Dr. Gyanendra Gongal အား ပြည်ထောင်စုဝန်ကြီး လက်ခံတွေ့ဆုံ

 

Union Minister Dr. Myint Htwe receives Dr. Gyanendra Gongal from WHO

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ စက်တင်ဘာလ (၉) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အရှေ့တောင်အာရှဒေသဆိုင်ရာရုံးမှ Technical Officer Dr. Gyanendra Gongal အား လက်ခံတွေ့ဆုံခဲ့ပါသည်။

 

     ထိုသို့လက်ခံတွေ့ဆုံခဲ့ရာတွင် Dr. Gyanendra Gongal က -

• စက်တင်ဘာလ (၁၀) ရက်နေ့တွင် နေပြည်တော်၌ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေး ပြဌာန်းချက်နှင့် အညီ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများနှင့် မွေးမြူရေးနှင့် ကုသရေးလုပ်ငန်းများ ညှိနှိုင်းပေါင်းကူးချိတ်ဆက်ဆောင်ရွက်ခြင်းဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ (National Bridging Workshop (NSW)) ကို ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊

• အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ -

- ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန နှင့် ဆေးတက္ကသိုလ်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနနှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ နှင့် World Organization for Animal Health (OIE) တို့မှ တာဝန်ရှိသူများ တက်ရောက်မည်ဖြစ်ပါကြောင်း၊

• အလုပ်ရုံဆွေးနွေးပွဲတွင် -

- တိရိစ္ဆာန်မှ တစ်ဆင့် လူတို့ထံသို့ကူးစက်ဖြစ်ပွားသော ရောဂါ (zoonosis) များ ဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုခြင်း၊ ပြည်သူများထံ ရောဂါဖြစ်ပွားမှုဆိုင်ရာ သတင်းအချက် အလက်များမျှဝေခြင်း၊ ဓာတ်ခွဲစမ်းသပ်မှု စသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုနှင့် စွမ်းဆောင်ရည်မြှင့်တင်မှုများ ပြုလုပ်နိုင်ရေး အကြံပြုဆွေးနွေးခြင်း၊

- တိရိစ္ဆာန်မှ တစ်ဆင့် လူတို့ထံသို့ကူးစက်ဖြစ်ပွားသော ရောဂါ (zoonosis) များကို ကာကွယ်နှိမ်နင်းရာတွင် တစ်ခုတည်းသော ကမ္ဘာ၊ တစ်ခုတည်းသော ကျန်းမာရေး (one health) ချည်းကပ်မှုပုံစံဖြင့် ဆောင်ရွက်သွားနိုင်ရေးနှင့်

- ပြည်သူ့ကျန်းမာရေးလုပ်ငန်းများနှင့် မွေးမြူရေးနှင့် ကုသရေးလုပ်ငန်းများ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်မှုဆိုင်ရာ လမ်းပြမြေပုံရေးဆွဲနိုင်ရေး ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• ခွေးရူးပြန်ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ နှင့် ပတ်သက်၍ ဆွေးနွေးခြင်းကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ခွေးရူးပြန်ရောဂါကာကွယ်နှိမ်နင်းရေးနှင့် ကုသရေးဆိုင်ရာ လုပ်ငန်းလမ်းညွှန် နှင့် လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ထားခြင်း၊ ခွေးကိုက်ခံ ရသူလူနာများအား ကုသမှုပေးသည့် ဌာန (Dog Bite Treatment Center) များ ဖွင့်လှစ်ဆောင်ရွက်နေခြင်းတို့မှာ ခွေးရူးပြန်ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်ခဲ့သည် နိုင်ငံများတွင် ဆောင်ရွက်ခဲ့မှုများနှင့် ကိုက်ညီပြီး ကောင်းမွန်ပါကြောင်း၊

• ခွေးရူးပြန်ရောဂါဖြစ်ပွားမှု ကင်းစင်ရေး (rabies elimination) အမျိုးသားအဆင့် လုပ်ငန်း စီမံချက်ရေးဆွဲနိုင်ရေးအတွက်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• မြန်မာနိုင်ငံတွင် ပြည်သူ့ကျန်းမာရေးပြဿနာအသွင်သဏ္ဍာန်ဖြစ်နေသော ခွေးရူးပြန်ရောဂါ အန္တရာယ်မှ ကင်းဝေးစေရေး လုပ်ငန်းများ အပါအဝင် တိရိစ္ဆာန်မှ တစ်ဆင့် လူတို့ထံသို့ ကူးစက်ဖြစ်ပွားသော ရောဂါ (zoonosis) များကို ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများအတွက် ပံ့ပိုးဆောင်ရွက်မှုများကို ကျေးဇူးတင်ရှိပါကြောင်း၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ခွေးရူးပြန်ရောဂါကာကွယ်ဆေးများ ကုန်ကျမှု ကို ထက်ဝက်လျော့ချနိုင်ရေးအတွက် ကာကွယ်ဆေးကို ကြွက်သားထဲသို့ထိုးသွင်းခြင်း (intramuscular) မှ ရောဂါကာကွယ်နိုင်သည့် စွမ်းရည်တူညီသည့် အရေးပြားတွင် ရှပ်ထိုးခြင်း (Intradermal) စနစ်ကို ပြောင်းလဲအသုံးပြုလျက်ရှိပါကြောင်း၊

• ခွေးရူးပြန်ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊

• အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံတကာတွင် ခွေးရူးပြန်ရောဂါကာကွယ်နှိမ်နင်းမှုလုပ်ငန်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍အတွေ့အကြုံများ၊ လုပ်ငန်းဆောင်ရွက်မှု ပုံစံများကိုလည်း ဆွေးနွေးအကြံပြုစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် Dr. Gyanendra Gongal တို့သည် တိရိစ္ဆာန်မှ တစ်ဆင့် လူတို့ထံသို့ ကူးစက်ဖြစ်ပွားသော ရောဂါ (zoonosis) များ ကာကွယ်နှိမ်နင်းရေး၊ ခွေးရူးပြန်ရောဂါကင်းစင်ရေး လုပ်ငန်းများ၊ ခွေးရူးပြန်ရောဂါကာကွယ်ဆေး (vaccine)၊ တစ်ခုတည်းသောကမ္ဘာ၊ တစ်ခုတည်းသော ကျန်းမာရေး (one health) ချည်းကပ်မှုပုံစံ လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြပါသည်။

 
 

More Tags