ကန်တော်နဒီဆေးရုံတွင် ရောဂါဖြစ်ပွားမှု ရှိ၊ မရှိ စောင့်ကြည့်ကာလပြည့်မြောက်ပြီဖြစ်၍ နေအိမ်သို့ပြန်မည့် ဝူဟန်မြို့မှ အထူးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ပြည်ထောင်စုဝန်ကြီး သွားရောက်တွေ့ဆုံ

မန္တလေး၊ (၂၀၂၀) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံသို့သွားရောက်ကာ ဆေးရုံ၌ သီးခြားထားရှိကာ ရောဂါဖြစ်ပွားမှု ရှိ၊ မရှိစောင့်ကြည့်ကာလ (၁၄) ရက် ပြည့်မြောက်ပြီးနောက် ကျန်းမာရေးအခြေအနေကောင်းမွန်သည်ဖြစ်၍ နေအိမ်အသီးသီးသို့ပြန်တော့မည့် ဝူဟန်မြို့မှ အထူးလေယာဉ်ဖြင့်ခေါ်ဆောင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ (၅၉) ဦးနှင့် ထိုသို့ခေါ်ဆောင်ရာတွင် လိုက်ပါသွားခဲ့သော ကျန်းမာရေးဝန်ထမ်း (၃) ဦးတို့အား သွားရောက် တွေ့ဆုံခဲ့ပါသည်။


 

     ထိုသို့တွေ့ဆုံရာသို့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်နှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ပါသည်။

      ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ မန္တလေးမြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ကျောင်းသား၊ ကျောင်းသူများ၊ ဝူဟန်မြို့မှ အထူးလေယာဉ်ဖြင့် ခေါ်ဆောင်ရာတွင်လိုက်ပါသွားသော ကျန်းမာရေးဆေးအဖွဲ့ဝင်များ၊ ကန်တော်နဒီဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန်များ၊ သူနာပြုများနှင့် ဝန်ထမ်းများအား တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။


 

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• COVID-19 လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ စတင်ဖြစ်ပွားရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့တွင် ပညာသင်ယူနေသော ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများကို အမိမြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူရေးအတွက် နိုင်ငံတော်အကြီးအကဲများက မိမိအားလမ်းညွှန်မှုပြုခဲ့ပါကြောင်း၊

• မိမိအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကပ်ရောဂါဗေဒပညာရှင်များ၊ ဆေးပညာရှင်များနှင့်တွေ့ဆုံ၍ ထိုသို့ပြန်လည်ခေါ်ယူရန်တွင် ကျန်းမာရေးစစ်ဆေးခြင်း၊ သီးခြားထားရှိ၍ ရောဂါဖြစ်ပွားမှု ရှိ၊ မရှိ စောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါဖြစ်ပွားမှု သံသယလက္ခဏာများရှိပါက ကုသမှုချက်ချင်းပေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ချက်ချင်းတိုင်ပင်ဆွေးနွေးခဲ့ပါကြောင်း၊

• ဆက်လက်၍ နှီးနွှယ်ဝန်ကြီးဌာနများနှင့်် ချိတ်ဆက်ပူးပေါင်းကာ ပြန်လည်ခေါ်ဆောင်ရေး အစီအစဉ်များကိုလည်း အသေးစိတ်ရေးဆွဲခဲ့ပါကြောင်း၊

• ထို့နောက် သီးခြားထားရှိကာ ရောဂါစောင့်ကြပ်ကြည့်ရှုမည့် နေရာအား မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံကို ရွေးချယ်ပြီးဆေးနှင့်ဆေးပစ္စည်းကိရိယာများ ကြိုတင်ပြင်ဆင်ခြင်း၊ အခန်းများ ပြင်ဆင်ခြင်း၊ ဝန်ထမ်းများ တာဝန်ချထားခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊

• မိမိအနေဖြင့် ဝူဟန်မြို့သို့သွားရောက်ခေါ်ယူရာတွင် လိုက်ပါမည့် ကျန်းမာရေးဝန်ထမ်းများကိုလည်း မသွားရောက်မီ နံနက်ပိုင်းတွင် ရန်ကုန်မြို့၌ တွေ့ဆုံ၍ ကျွမ်းကျင်မှုပိုင်းဆိုင်ရာရှုထောင့်မှ အသေးစိတ်လမ်းညွှန်မှုများပေးအပ်ခဲ့ပါကြောင်း၊

• ယခုကဲ့သို့ ပြန်လည်ခေါ်ဆောင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုလုပ်ငန်းများတွင် တက်ကြွစွာပံ့ပိုးပါဝင်ခဲ့သော မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် ရောဂါစောင့်ကြပ်ကြည့်ရှုစဉ်ကာလတစ်လျှောက် စားသောက်ရေးမှအစ လူမှုရေးကိစ္စရပ်များကို ဝိုင်းဝန်းကူညီခဲ့သော မန္တလေးမြို့မှ လုပ်ငန်းရှင်များ၊ ပြည်သူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊

• ထို့အပြင် စနစ်တကျပူးပေါင်းချိတ်ဆက်ဆောင်ရွက်ခဲ့သည့် နှီးနွှယ်ဝန်ကြီးဌာနများနှင့် အဆင်ပြေချောမွေ့စွာ ပြန်လည်ခေါ်ဆောင်နိုင်ရန် ပံ့ပိုးဆောင်ရွက်ပေးခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်မှ တာဝန်ရှိသူများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊

• ပညာသင်များကို ဝူဟန်မြို့မှသွားရောက်ခေါ်ယူရာတွင် လိုက်ပါခဲ့သော ကျန်းမာရေးဝန်ထမ်းများ၊ လေယာဉ်မှူးကြီး၊ တွဲဘက်လေယာဉ်မှူးနှင့် လေယာဉ်အမှုထမ်းများ၊ ယခုကဲ့သို့ ရောဂါစောင့်ကြပ်ကြည့်ရှုမှု အောင်မြင်စွာဆောင်ရွက်နိုင်ရန် အဘက်ဘက်မှ ဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများ၊ ကန်တော်နဒီဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအားလုံးကို ကျေးဇူးတင်ရှိ အသိအမှတ်ပြုပါကြောင်း၊


 

• ယခုကဲ့သို့ ကျန်းမာရေးနှင့်လူ့အသက်ကို အန္တရာယ်ရှိနိုင်သော နေရာမှ မိမိတို့၏ နိုင်ငံသားများကို ပြန်လည်ခေါ်ဆောင်ခဲ့ခြင်းသည် နိုင်ငံတော်အစိုးရ၏ တာဝန်ခံမှု၊ တာဝန်ရှိမှုတို့ကို သက်သေပြခြင်းပင်ဖြစ်ပြီး နိုင်ငံသားများအား အလေးထားစောင့်ရှောက်မှုကို တွေ့မြင်နိုင်ပါကြောင်း၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့်အစည်းအဝေးကို နေ့စဉ်ကျင်းပကာ ကန်တော်နဒီဆေးရုံတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှုခံယူနေသူများ၏ ကျန်းမာရေးအခြေအနေများနှင့် ပတ်သက်၍လည်း နေ့စဉ်ထည့်သွင်းဆွေးနွေးခဲ့ပါကြောင်း၊

• ပညာသင်ယူလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာ ပညာရပ်များကို ထူးချွန်တတ်မြောက်စေရန် ကြိုးပမ်းကြစေလိုပြီး မိမိတို့တတ်ကျွမ်းသော ပညာရပ်များဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်များကို ကြိုးပမ်းထမ်းဆောင်ကြရန် တိုက်တွန်းလိုပါကြောင်း၊

• ရောဂါစောင့်ကြပ်ကြည့်ရှုမှုကာလပြီးမြောက်၍ နေအိမ်သို့ပြန်လည်ရောက်ရှိရာတွင်လည်း ဝန်ကြီးဌာနမှ ပေးအပ်လိုက်မည့် ကျန်းမာရေးညွှန်ကြားချက်များ၊ ကျန်းမာရေးအသိပညာ အချက်အလက်များ အတိုင်းလိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး နေထိုင်မကောင်းမှု တစ်စုံတစ်ရာဖြစ်ပွားပါက ကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်ရမည်ဖြစ်ပါကြောင်း၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် COVID-19 လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို နှီးနွှယ်ဝန်ကြီးဌာနများ အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ အပြည်ပြည်ဆိုင်ရာလေဆိပ်များနှင့် နယ်စပ်တရားဝင် ဝင်၊ ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (surveillance at the points of entry)၊ ဆေးရုံအခြေပြုနှင့် ပြည်သူလူထုအခြေပြု သံသယလူနာထောက်လှမ်းမှု (active surveillance)၊ သံသယလူနာနှင့် စောင့်ကြည့်လူနာများကို သီးခြားထားရှိ စောင့်ကြပ်ကြည့်ရှုကုသမှု (isolation and quarantine)၊ ကျန်းမာရေးအသိပညာအချက်အလက်များ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေခြင်း (health education)၊ ပြည်သူများထံ သတင်းအချက်အလက်များ ပြန်ကြားပေးခြင်းနှင့် အသိပေးနှိုးဆော်ခြင်း (risk communication) လုပ်ငန်းများကို နှီးနွှယ်ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ပူးပေါင်းမှုအားကောင်းစွာဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ယခု COVID-19 ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်တွင် ဝန်ကြီးဌာနမှ မျိုးဆက်သစ်ပညာရှင်များ၊ နှီးနွှယ်ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ ပညာရှင်များအနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်မှုနှင့် ကဏ္ဍစုံ စနစ်တကျချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှု အတွေ့အကြုံများစွာ ရရှိလျက်ရှိပါကြောင်း၊

• ယခုကဲ့သို့ ဌာနစုံ၊ ကဏ္ဍစုံ စနစ်တကျချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုများဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများသာမက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။


 

    ဆက်လက်၍ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောကြားရာတွင် -

• ယခုကဲ့သို့ ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးအခြေအနေကောင်းမွန်နေခြင်းကို ဝမ်းမြောက်ပါကြောင်း၊

• ယခုကဲ့သို့ ရောဂါစောင့်ကြပ်ကြည့်ရှှုမှုလုပ်ငန်းများအောင်မြင်စေရေး အတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြသူများအား ကျေးဇူးတင်ရှိပါကြောင်း၊

• ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နေအိမ်သို့ ပြန်လည်ရောက်ရှိပြီးနောက်တွင်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကျန်းမာရေးညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဝူဟန်မြို့မှ အထူးလေယာဉ်ဖြင့်ခေါ်ဆောင်လာကာ ရောဂါစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းများဆောင်ရွက်ရာတွင် ကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်ခဲ့သော ကျန်းမာရေးဝန်ထမ်းများကို ပညာသင်များနှင့် မိတ်ဆက်ပေးခဲ့ပါသည်။

      ယင်းနောက် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်က ယခုကဲ့သို့ ရောဂါစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်း အောင်မြင်မှုအတွက် ဝမ်းမြောက်ကြောင်းနှင့် ပညာသင်များ နေအိမ်သို့ ပြန်သွားပြီးနောက် လိုက်နာဆောင်ရွက်ရန် ကျန်းမာရေးအသိပညာအချက်အလက်များကို ပြောကြားခဲ့ပါသည်။

      ဆက်လက်၍ ပညာသင်များကို အထူးလေယာဉ်ဖြင့် သွားရောက်ခေါ်ယူရာတွင် လိုက်ပါခဲ့သော ကျန်းမာရေးဝန်ထမ်းများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပေးအပ်သည့် ဂုဏ်ပြုဆုများကို ပြည်ထောင်စုဝန်ကြီး၊ မန္တလေးမြို့တော်ဝန်နှင့် ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်တို့က ကျန်းမာရေးဝန်ထမ်းများထံ ပေးအပ်ခဲ့ပါသည်။


 

ထိုသို့ ကန်တော်နဒီဆေးရုံသို့ သွားရောက်ရာတွင် ပြည်ထောင်စုဝန်ကြီးသည် -

• ကန်တော်နဒီဆေးရုံအား ယခုကဲ့သို့ ကပ်အသွင်ရောဂါဖြစ်ပွားမှုဖြစ်စဉ်များတွင် သီးခြားထားရှိကုသခြင်း (Isolation) နှင့် အသွားအလာတားမြစ်ပိတ်ပင်ခြင်း၊ ကန့်သတ်ခြင်း (Quarantine) ဖြင့် ရောဂါစောင့်ကြပ်ကြည့်ရှုကုသခြင်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးနှင့်

• ဆေးရုံဝန်းအတွင်းရှိ မြေနေရာတွင် ကင်ဆာရောဂါလူနာဆောင် (၄) ထပ်ဆောင်သစ်ကို ယခုဘဏ္ဍာနှစ်အတွင်း စတင်တည်ဆောက်နိုင်ရေး ကိစ္စရပ်များကို အမြန်ဆုံးဆောင်ရွက်ရေး တာဝန်ရှိသူများအား စီစဉ်ညွှန်ကြားခဲ့ပါသည်။

 
 

More Tags