NOW LOADING

ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသားအာဟာရဖွံ့ဖြိုးမှုဆိုင်ရာ ငါးနှစ်စီမံကိန်း အသိပေးညှိနှိုင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ ဖေဖော်ဝါရီလ (၇)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် Park Royal Hotel၊ နေပြည်တော်၌ ကျင်းပခဲ့သည့်“ကဏ္ဍပေါင်းစုံ ပါဝင်သော အမျိုးသားအာဟာရဖွံ့ဖြိုးမှုဆိုင်ရာ ငါးနှစ်စီမံကိန်း အသိပေးညှိနှိုင်းဆွေးနွေးပွဲ”သို့ တက်ရောက်ခဲ့ ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• (၂၀၁၇) ခုနှစ်၊ ဇန်နဝါရီလတွင် ပခုက္ကူမြို့၌ ကျင်းပခဲ့သည့် အမျိုးသား အာဟာရဆိုင်ရာ မဟာဗျူဟာနှင့် ပတ်သက်၍ ဝန်ကြီးဌာနများအကြား ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အာဟာရ ဖွံ့ဖြိုးမှုမြှင့်တင်ရေး လုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အဓိကတာဝန်ယူ၍ နှီးနွယ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူ့အသံကို နားထောင်ကာ အမှန်တကယ် လိုအပ်ပြီး လက်တွေ့ကျသော လုပ်ငန်းများကို ဆောင်ရွက်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များကို ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများအားလုံးနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်အကောင်အထည်ဖော်ရန်တို့ကို လမ်းညွှန်မှု ပြုခဲ့ပါကြောင်း၊

• အာဟာရဖွံ့ဖြိုးမှုလုပ်ငန်းများသည် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျပါကြောင်း၊

• အာဟာရချို့တဲ့မှုခံစားရသူ တစ်ဦးချင်းစီ၏ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းမှုနှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုတို့ ကျဆင်းအားနည်းခြင်း၊ ကိုယ်ခံအားမကောင်းသဖြင့် ရောဂါကူးစက်ခံရမှုလွယ်ကူကာ ချူချာခြင်းတို့ ဖြစ်ပွားနိုင်ပြီး လုပ်ငန်းဆောင်ရွက်နိုင်မှုစွမ်းရည်များ ကျဆင်းမည် ဖြစ်သောကြောင့် နိုင်ငံ၏ စီပွားရေး၊ ပညာရေး ကဏ္ဍတို့တွင်လည်း ဆုံးရှုံးမှုများရှိပါကြောင်း၊

• ယနေ့ကျင်းပပြုလုပ်သည့် အသိပေးညှိနှိုင်းဆွေးနွေးပွဲသို့ လူမှုရေးဝန်ကြီးများ၊ ဝန်ကြီးဌာနများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ အလှူရှင်နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ပညာရှင်များနှင့် တာဝန်ရှိသူများ စသည်ဖြင့် ကဏ္ဍပေါင်းစုံမှ ပါဝင်တက်ရောက်ဆွေးနွေးမည်ဖြစ်သည့်အတွက် အာဟာရဖွံ့ဖြိုးမှုလုပ်ငန်းစဉ်များအတွက် ဘက်ပေါင်းစုံမှ အမြင်များ၊ အကြံပြုချက်များ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊

 

• ရေးဆွဲထားရှိသည့် (၅)နှစ်စီမံကိန်းပါလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်

- ကောက်ယူပြီးစီးခဲ့သည့် မြန်မာနိုင်ငံ အဏုအာဟာရနှင့် အစာစားသုံးမှုအခြေအနေလေ့လာရေး စစ်တမ်း ရလဒ်များကိုလည်း ထည့်သွင်း သုံးသပ်၍ လုပ်ငန်းစဉ်များပိုမို ထိရောက်အောင်မြင် စေရန် လိုအပ်သလို မွမ်းမံသွားကြရမည်ဖြစ်ပါကြောင်း၊

- လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် နောက်ခံအခြေအနေများ မတူညီနိုင်သဖြင့် သက်ဆိုင်လူမှုရေးဝန်ကြီးများမှ အသီးသီး ဦးဆောင်ဦးရွက်ပြုကာ နှီးနွယ်ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများက သက်ဆိုင် လုပ်ငန်းကဏ္ဍအလိုက် စနစ်တကျတာဝန်ခွဲဝေပြီး ဝိုင်းဝန်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊

- INGO/ NGO များ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့်လည်း သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊

- တိုင်းဒေသကြီး/ ပြည်နယ်များမှ လူမှုရေးဝန်ကြီးများအနေဖြင့် ဝန်ကြီးဌာနများနှင့် မိတ်ဖက် အဖွဲ့အစည်းများမှ ကဏ္ဍအလိုက်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို Checklist များအသုံးပြု၍ စောင့်ကြပ်ကြည့်ရှု (monitoring) မှုများပြုလုပ်ရန်နှင့် အခြေပြမြေပုံ (mapping) များလည်း ရေးဆွဲထားရန် ဖြစ်ပါကြောင်း၊

- ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် အာဟာရဖွံ့ဖြိုးမှုဆိုင်ရာလုပ်ငန်းများ၊ ဆက်စပ်လျက်ရှိသော ကာကွယ်ဆေးထိုးနှံခြင်း၊ သံချဆေးတိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုပေးခြင်း၊ ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ ပြည်သူများ ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်နိုင်ရန် ဆောင်ရွက်ခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း စသည့်လုပ်ငန်းစဉ်များကို သက်ဆိုင်ရာဌာန/ အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊

 

- ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းများတွင် အာဟာရပြည့်ဝပြီး ဘေးအန္တရာယ်ကင်းသော စားသောက်ကုန်များကိုသာရောင်းချစေရန်နှင့် ကျောင်းသူ/သားများကို ထိုကဲ့သို့ စားသောက် ကုန်များကိုသာ ရွေးချယ်စားသုံးနိုင်စေရန် အသိပညာမြှင့်တင်ပေးခြင်းတို့ကို ဆောင်ရွက်ရန်နှင့်

- စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးတွင် ဒေသနှင့် ကိုက်ညီဖြစ်ထွန်းနိုင်မည့် ဟင်းသီး ဟင်းရွက်၊ အသား၊ ငါးများနှင့် ပတ်သက်၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဆောင်ရွက်သူများထံ အသိပေးခြင်းနှင့် အဆိုပါ ဟင်းသီး ဟင်းရွက်၊ အသား၊ ငါးများ ပိုမိုထုတ်လုပ်နိုင်ရန်အတွက် အားပေးမြှင့်တင်ခြင်းတို့ကို ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊

- အာဟာရဖွံ့ဖြိုးမှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေးဆွဲထားရှိသော လုပ်ငန်းစဉ်များအား ပြောင်းလဲလာသော အခြေအနေများ၊ ဘဏ္ဍာငွေအင်အား၊ လူအင်အား၊ အချိန် စသည့်အချက်များနှင့် ကိုက်ညီ သဟဇာတဖြစ်စေရန်နှင့် ပိုမိုကောင်းမွန်စေရန် မွမ်းမံပြင်ဆင် သင့်သည်များကို ပြင်ဆင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

- အသုံးချသုတေသနလုပ်ငန်းများကိုပါ တွဲဖက်ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းများ၏ အားသာချက်နှင့် အားနည်းချက်များကို သိရှိနိုင်ကာ လိုအပ်သလို အားဖြည့်ဆောင်ရွက်ပေးသွား နိုင်မည်ဖြစ် ပါကြောင်း၊

 

• ယနေ့ ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများအားလုံးသည် အနာဂတ်နိုင်ငံ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် အာဟာရဖွံ့ဖြိုးမှုလုပ်ငန်းများ ကောင်းမွန် အောင်မြင်စွာဖြင့် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အကြံဉာဏ်များ ပေးအပ်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

   

     ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်(ပြည်သူ့ကျန်းမာ) ဒေါက်တာမြင့်မြင့်သန်း၊ ဒုတိယညွှန်ကြားရေးမှူး(အာဟာရဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲ) ဒေါက်တာလွင်မာလှိုင်နှင့် လက်ထောက်ညွှန်ကြားရေးမှူး(အာဟာရဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲ) ဒေါက်တာအောင်ဉာဏ်မင်းတို့က ကဏ္ဍပေါင်းစုံ ပါဝင်သော အမျိုးသားအာဟာရဖွံ့ဖြိုးမှုဆိုင်ရာ ငါးနှစ်စီမံကိန်း (Multi-sectoral National Plan of Action on Nutrition)၏ နောက်ခံအကြောင်းအရာ၊ ပထမ တစ်နှစ်တာကာလအတွင်းဆောင်ရွက်မည့်လုပ်ငန်းများနှင့် ဆက်လက်ဖွဲ့စည်းမည့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် အာဟာရဖွံ့ဖြိုးမှု မြှင့်တင်ရေးကော်မတီ၏ အဆိုပြုအဖွဲ့ဝင်များနှင့် တာဝန်ဝတ္တရားများ တို့ကိုအသီးသီး ရှင်းလင်းတင်ပြခဲ့ပါသည်။

 

     ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများက သိရှိလိုသည်များမေးမြန်းကာ အပြန်အလှန်ဆွေးနွေးမှုများနှင့် အကြံပြုမှုများ ဆောင်ရွက်ခဲ့ကြပါသည်။

 

     အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များမှ လူမှုရေးဝန်ကြီးများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများ၊ သုတေသနနည်းပညာကော်မတီဝင်များဖြစ်သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ် အာဟာရလေ့ကျင့်ကွပ်ကဲရေးအဖွဲ့ဝင်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အလှူရှင်နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၂၆၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

 

More Tags