(၂၀၂၁) ပညာသင်နှစ်တွင် ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၌ ဖွင့်လှစ်မည့် ဘွဲ့လွန်သင်တန်းများဝင်ခွင့် အင်္ဂလိပ်စာကျွမ်းကျင်မှု အရည်အချင်းစစ်ဆေးခြင်းပုံစံပြောင်းလဲမည်

နေပြည်တော်၊ (၂၀၂၀) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့

(၂၀၂၁) ပညာသင်နှစ်တွင် ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၌ ဖွင့်လှစ်မည့် ဘွဲ့လွန်သင်တန်းများဝင်ခွင့် အင်္ဂလိပ်စာကျွမ်းကျင်မှု အရည်အချင်းစစ်ဆေးခြင်းအား နိုင်ငံခြားဘာသာတက္ကသိုလ်၊ ရန်ကုန်နှင့် မန္တလေးတို့တွင် နှစ်စဉ် မေလတွင် တစ်ကြိမ်၊ ဇူလိုင်လ (သို့) ဩဂုတ်လတွင် တစ်ကြိမ်၊ ဒီဇင်ဘာလတွင် တစ်ကြိမ်ဖြင့် တစ်နှစ်လျှင် (၃) ကြိမ် ပုံမှန် စစ်ဆေးသွားမည်ဖြစ်ပါသည်။

ဘွဲ့လွန်သင်တန်းများဝင်ခွင့်ရေးဖြေ အရည်အချင်းစစ်စာမေးပွဲဖြေဆိုရန် လျှောက်ထားသူများသည် နိုင်ငံခြားဘာသာတက္ကသိုလ်မှ စစ်ဆေးသည့် စာမေးပွဲတွင် သတ်မှတ်ထားသည့် အနိမ့်ဆုံး Band ရမှတ်ရရှိထားပြီးပါက (၃) နှစ်တာကာလအတွင်း အင်္ဂလိပ်စာဘာသာရပ်အား နောက်တစ်ကြိမ် ထပ်မံဖြေဆိုရန်မလိုဘဲ ဘွဲ့လွန်သင်တန်းဝင်ခွင့်ဖြေဆိုရာတွင် သက်ဆိုင်ရာ ဆေးနှင့်ဆေးနှီးနွှယ်ပညာဘာသာရပ် တစ်ခုတည်းအတွက်ကိုသာ ဖြေဆိုရမည် ဖြစ်ပါသည်။

ဘွဲ့လွန်သင်တန်းများဝင်ခွင့်ရေးဖြေ အရည်အချင်းစစ်စာမေးပွဲဖြေဆိုရန် လျှောက်ထားသူများသည် နိုင်ငံခြားဘာသာတက္ကသိုလ်မှ စစ်ဆေးသည့် စာမေးပွဲမှ သက်တမ်းရှိ အကျုံးဝင် (Valid) ဖြစ်သည့် ရမှတ်စာရွက် (Result) ကို ပူးတွဲတင်ပြရမည်ဖြစ်ပါသည်။ (၂၀၂၁) ပညာသင်နှစ်မှစ၍ ဘွဲ့လွန်သင်တန်းများဝင်ခွင့် အရည်အချင်းစစ်စာမေးပွဲကို ဘာသာရပ်ဆိုင်ရာရေးဖြေစာမေးပွဲနှင့် နှုတ်ဖြေစာမေးပွဲများဖြင့်သာ ကျင်းပသွားမည်ဖြစ်ပါသည်။

အင်္ဂလိပ်စာကျွမ်းကျင်မှု အရည်အချင်းစစ်စာမေးပွဲမေးခွန်းလွှာပုံစံနှင့် အသေးစိတ်အချက်အလက်များကို ထပ်မံကြေညာသွားမည်ဖြစ်ပါသည်။

More Tags